သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀ ရွေးကောက်ပွဲနှစ်ပတ်လည် နိုင်ငံရေးသမားတွေအမြင်


၂၀၁၀ ရွေးကောက်ပွဲနှစ်ပတ်လည် နိုင်ငံရေးသမားတွေအမြင်
၂၀၁၀ ရွေးကောက်ပွဲနှစ်ပတ်လည် နိုင်ငံရေးသမားတွေအမြင်

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲတွေ ကျင်းပခဲ့တာ ဒီကနေ့ တစ်နှစ်တင်းတင်းပြည့်တဲ့အချိန်မှာ အပြောင်းအလဲသစ်တွေ တွေ့မြင်လာနေရပြီလို့ ပြည်တွင်းပြည်ပက အားတက်သံတွေ ထွက်ပေါ်လာနေပေမဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူတွေ ကြားမှာတော့ သံသယတွေ ရှိနေကြဆဲ ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနောက်ပိုင်း လစ်လပ်သွားတဲ့ လွှတ်တော်အမတ် နေရာတွေအတွက် အစိုးရက ကြားဖြတ် ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေချိန်မှာပဲ အဓိက နိုင်ငံရေးအင်အားစုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မှတ်ပုံတင်ဖို့ စဉ်းစားနေပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကြား ဆုံးဖြတ်ချက် မချနိုင်သေးဘဲ ဖြစ်နေကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကျင်းပခဲ့တာ တစ်နှစ်ပြည့်ပြီဖြစ်ပေမဲ့ ဒီမတိုင်ခင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ကတော့ နောက်ဆုံး ရွေးကောက်ပွဲရဲ့ ရလဒ်ကို လက်မခံနိုင်ကြသေးတာပါ။ ပြည်ထောင်စုလွှတ်တော် နာယကလည်းဖြစ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးခင်အောာင်မြင့်ကတော့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အသိမှတ်ပြုတယ် ဆိုပြီး မကြာသေးခင်ကပဲ ပြည်တွင်းထုတ် ရန်ကုန်တိုင်းမ်စ် ဂျာနယ်ကို ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒါဟာ အစိုးရရဲ့ တရားဝင် ထုတ်ပြန်တဲ့ သဘောထားမဟုတ်တဲ့အတွက် လက်ခံဖို့ခက်ခဲတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ဝင်လည်းဖြစ်၊ ဇိုမီးအမျိုးသားကွန်ကရက်ပါတီရဲ့ ၁၉၉၀ ပြည့်နှစ်အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်တဲ့ ဦးကျင်ရှင်းထန်က ပြောပါတယ်။

“ကျနော်တို့အမြင်မှာလည်း အခြေခံဥပဒေကို လက်မခံနိုင်ဘူး။ ဒါကတစ်ခု။ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်တဲ့သူတွေက အဲဒီအခြေခံဥပဒေကို အတည်ပြုပေးဖို့ဆိုတာ ထင်ရှားနေတယ်။ ဒါကို ကျနော်တို့ လက်မခံဘူး။ အခုနောက်ထပ် ရွေးကောက်ပွဲ ၂၀၁၀ မှာ လုပ်တယ်၊ အဲဒီ ၁၉၉၀ ကနေ ၂၀၁၀ အထိ ဒီလူတွေကို ဘာလို့ အသိအမှတ်မပြုသလဲ။ အဲဒါတွေက စဉ်းစားဖို့အများကြီးရှိတယ်။ အဲဒီ ၂၀၁၀ ရွေးကောက်ပွဲ အားလုံးရပြီးတဲ့အခါမှာမှ အသိအမှတ်ပြုတယ်ဆိုတော့ အဲဒါကိုတော့ ဒီ လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ လက်ခံလို့ကတော့ မဖြစ်တော့တဲ့သဘောရှိတယ်။ ဥပဒေထဲမှာထွက်လာတာ မဟုတ်ဘဲနဲ့ စာစောင်ထဲမှာထွက်လာတာလောက်ကတော့ မလုံလောက်ဘူးလို့ ကျနော် အဲဒီလို ယူဆပါတယ်။”

မြန်မာအစိုးရကတော့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနောက်ပိုင်းမှာ လစ်လပ်သွားတဲ့ အမတ်နေရာတွေ အတွက် ကြားဖြတ်ရွေးကောက်ပွဲတစ်ခု ကျင်းပသွားဖို့ စီစဉ်နေတာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပဲခူးတိုင်း မင်းလှမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လှလှမိုးကတော့ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံပေမဲ့ အစိုးရအနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲကို လက်ခံတယ်ဆိုရင်တော့ ပါတီက CEC တွေ၊ တိုင်းစည်းတွေ၊ အောက်ခြေထုတွေရဲ့ ဆန္ဒတွေ၊ သဘောထားတွေ၊ ဆုံးဖြတ်ချက်တွေကို ရယူပြီးမှသာ သူအနေနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကိစ္စကို စဉ်စားသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

“ဒီနေ့က တစ်နှစ်ပြည့်တဲ့နေ့ပေါ့။ တစ်နှစ်ပြည့်တဲ့နေ့ ဆိုပေမဲ့ တကယ် ရွေးကောက်ပွဲကစပြီးတော့ ပြည်သူတွေ မျှော်လင့်သလိုမဖြစ်ပါဘူး။ ကျမတို့လည်း အဲဒီရွေးကောက်ပွဲကစပြီးတော့ မကျေနပ်တာပါ။ တကယ့်မှန်မှန်ကန်ကန် ပြည်သူကြိုက်တဲ့အစိုးရမှ မတက်ရသေးတာ။ အထူးသဖြင့်ကတော့ သူတို့ရဲ့ ကြံ့ဖွံ့တွေပဲ နေရာများများယူပြီးတော့ သူတို့ပဲ အုပ်ချုပ်စီမံနေတာပဲ။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို အကောင်အထည် ဖော်မပေးလို့ စစ်အာဏာရှင်အစိုးရက အနှစ် ၂၀ ကျော် လုပ်ချင်တိုင်း လုပ်ပြီးတော့ ပြည်သူတွေ ဒုက္ခရောက်နေတာ။ အဲဒီတော့ ဒါကိုပြန်ပြီးတော့ ဖော်မယ်၊ ကျမတို့ ညီညီညွတ်ညွတ်နဲ့ ဆက်ပြီးတော့သွားမယ်ဆိုရင် နိုင်ငံမှာ အများကြီး တိုးတက်လာမယ်လို့ ထင်ပါတယ်။ အခု ကျမတို့ရဲ့ အဓိကက ညီညွတ်မှုပါပဲ။ CEC ရဲ့ သဘောထား၊ CC ရဲ့ သဘောထား၊ တိုင်းရဲ့သဘောပါ။ အဲဒီအများစုရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ကျမတို့လိုက်မှာပါ။”

ကရင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထွေးမြင့်ကလည်း သူတစ်ဦးတည်းအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ကိစ္စကို လက်မခံပေမဲ့ အားလုံးရဲ့ ဆန္ဒသဘောထားတွေ ပါမှသာ လက်ခံမယ်လို့ ဆိုပါတယ်။

“ကြားဖြတ်ရွေးကောက်ပွဲကတော့ အစ်မတစ်ယောက်တည်း ဆန္ဒနဲ့ဆိုရင်တော့ မဝင်ချင်ဘူးလို့ပဲ ရှိတာပေါ့နော်။ ဒါပေမဲ့ ကျမတို့ရဲ့အဖွဲ့က လူကြီးတွေရဲ့သဘောထားရော၊ ပြည်နယ်တိုင်းတွေရော၊ CEC တွေရော ဆုံးဖြတ်တယ်ဆိုရင်တော့ အစ်မ လက်ခံပါတယ်။”

ဦးကျင်ရှင်းထန်ကတော့ ကြားဖြတ်ရွေးကောက်ပွဲဟာ လစ်လပ်နေရာကိုသာ ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် သူတို့ဒေသတွေမှာတော့ လစ်လပ်နေရာ မရှိတဲ့အတွက် ဖြစ်နိုင်ခြေမရှိကြောင်းတွေကို ထောက်ပြပြောဆိုပါတယ်။ လက်ရှိအနေအထားမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်တွေ အနေနဲ့ ပါတီမှတ်ပုံတင်မတင်၊ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မဝင်ဆိုတာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မှုရှိမရှိ ဆိုတာတွေကိုမူတည်ပြီး လက်ခံစဉ်းစားသွားဖို့ သဘောထားတွေရှိကြောင်း ပြောဆိုနေသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် တိုင်းနဲ့ပြည်နယ် အသီးသီးကခေါင်းဆောင်တချို့ကတော့ အောက်ခြေထုရဲ့ သဘောထားဆန္ဒတွေကို မေးမြန်းဖို့ကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်တွေကို တင်ပြထားတာပါ။ ဒီအတွက် ဒီကိစ္စကို လွယ်လွယ်နဲ့ ဆုံးဖြတ်ဖို့ ခက်ခဲနေကြောင်း ၁၉၉၀ ပြည့်နှစ် လွှတ်တော်ကိုယ်စားလှယ်တွေက ပြောဆိုနေကြပါတယ်။

XS
SM
MD
LG