မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်တဲ့ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီး ဖြစ်ပွားခဲ့တာ ဒီနေ့သြဂုတ်လ ၈ ရက်နေ့မှာ ၂၂ တိုင် ရှိခဲ့ပါပြီ။ ဒီမိုကရေစီရေးအတွက် ပြည်သူတရပ်လုံး ပါဝင်ဆင်နွှဲခဲ့တဲ့ ဒီအဖြစ်အပျက်ကြီးကို ခုချိန်ထိ အများက မမေ့နိုင်ကြ သေးပါဘူး။ ဒါကြောင့် ပြည်တွင်း ပြည်ပမှာရှိကြတဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေက ၈ လေးလုံး နှစ်ပတ်လည်နေ့ ရောက်တိုင်း နှစ်စဉ် အထိန်းအမှတ် အခမ်းအနားတွေ ကျင်းပလာခဲ့ကြတာ ခုဆိုရင် ၂၂ နှစ် ရှိလာပြီဖြစ်ပါတယ်။
ဒီနှစ်မှာတော့ ထူးထူးခြားခြား မြန်မာစစ်အစိုးရက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ဒီနှစ်ထဲ ကျင်းပပေးမယ်လို့ ကြေညာထားတယ်၊ ဒါပေမဲ့ ရွေးကောက်ပွဲဥပဒေတွေ တရားမျှတမှု မရှိတာ၊ နိုင်ငံရေး ပါတီတွေ လွတ်လွတ်လပ်လပ် လှုပ်ရှားဆောင်ရွက်ခွင့် မရတာတွေ ကြောင့် ဒီရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ဘူးလို့ ဝေဖန်မှုတွေကလည်း ရှိနေတာပါ။ ဒါကြောင့် ဒီနှစ် ၈ လေးလုံး နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားနေ့မှာ မြန်မာစစ်အစိုးရ ရွေးကောက်ပွဲတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေကို လည်း ကမ္ဘာလုံးဆိုင်ရာ မြန်မာ့အရေး လှုပ်ရှားသူတွေက တပြိုင်နက်တည်း ပြုလုပ်နေကြပါတယ်။
၈ လေးလုံးနှစ်ပတ်လည်နေ့ အထိန်းအမှတ် နယူးယောက်မြို့က မြန်မာစစ်အစိုးရ သံရုံးရှေ့မှာ မြန်မာ့အရေး လှုပ်ရှားသူတွေ စုရုံး ဆန္ဒပြ နေကြတာပါ။ ဒီဆန္ဒပြပွဲ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုက ဦးဆောင် ဆရာတော်လည်းဖြစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစုရဲ့ ဦးဆောင် ဆရာတော် အရှင် ပညာဇောတ က ခုလို မိန့်ကြားပါတယ်။
“၈ လေးလုံးဟာ အခုဆိုရင် ၂၂ နှစ် ရှိပြီ။ ဒါပေမဲ့ ဒီမိုကရေစီ မရသေးဘူး။ ရွေးကောက်ပွဲဟာ လုပ်တော့မယ်၊ ကျင်းပ တော့ မယ်။ ဒါကြောင့် အဓိက လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ၂၀၁၀ မှာလုပ်မယ့် ရွေးကောက်ပွဲကို ဘယ်လိုမှ လက်မခံကြဖို့။ ဘာကြောင့်လဲဆိုရင် ဒီရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲ၊ စစ်အာဏာရှင်စနစ် တည်မြဲရေးအတွက် လုပ်နေတဲ့ ရွေးကောက်ပွဲသာဖြစ်တယ်။ တကယ်တမ်း ပြည်သူတွေ လိုချင်တဲ့ ပြည်သူတွေ မျှော်မှန်းထားတဲ့ စစ်မှန်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး ဆိုတာကို သိဖို့အတွက် ၈ လေးလုံး သမိုင်းကြောင်းက ဖြတ်သန်းခဲရတဲ့ အတွေ့အကြုံတွေနဲ့ ပူးပေါင်းပြီးတော့ အခုလို လုပ်တာပါ။
“ထူးခြားမှုလေးတွေက ရွေးကောက်ပွဲနီးနေလို့လားတော့ မသိဘူး။ လူငယ်တော်တော်များများ စိတ်ဝင်စားမှုတွေ ပိုပြီးတော့ များလာတယ်။ တော်တော်များများကလည်း သူတို့ရင်ထဲမှာ ခံစားချက်တွေကို ဖွင့်ပြီးတော့ ပြောလာတာတွေ တွေ့ရတယ် လေ။ အဲဒါကြောင့် တော်တော်များများကတော့ ၈၈ ကဟာတွေကို မသိပေမဲ့ သူတို့ဟာ နိုင်ငံရေးကို ဒီမိုကရေစီရေးတွေကို စိတ်ဝင်စားနေတာတွေ တွေ့ရတဲ့အတွက် ဘုန်းဘုန်းတို့ တော်တော်လေး အားရတယ်ပေါ့နော်။ ”
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစုရဲ့ ဦးဆောင် ဆရာတော် အရှင် ပညာဇောတ မိန့်ကြားခဲ့တာပါ။ အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီတဝိုက် နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကလည်း ၈ လေးလုံး အထိမ်းအမှတ်နေ့မှာ သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းပြီး အမျှအတမ်း ပေးဝေမှုတွေ လုပ်ခဲ့ကြသလို အခု ကျမတို့ အသံလွှင့်နေချိန်မှာတော့ အမေရိကန်သမ္မတ အိမ်ဖြူတော် ရှေ့မှာ ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲတခု ပြုလုပ်ခဲ့ကြပါတယ်။
“၈ ရက် ၈ လ ၈၈ က မြန်မာ့သမိုင်းကြောင်းမှာ တကယ့် အရေးပါတဲ့ နေ့တနေ့ပေါ့လေ။ အဲဒီတော့လည်း ကျနော်တို့ ခါတိုင်းလိုပဲ နှစ်စဉ်နှစ်တိုင်း ကျနော်တို့ မယ်ရီလန်း၊ ဗာဂျီးနီးယား နဲ့ ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာလူငယ်တွေက စုပေါင်း ပြီးတော့ ဒီနေ့မနက် မင်္ဂလာရာမကျောင်းတိုက်မှာ ဘုန်းကြီး ဆွမ်းကပ်တယ်။ ကျဆုံးသွားတဲ့ အာဇာနည် ရဟန်းရှင်လူ ကျောင်းသားတွေကို ဆုတောင်း မေတ္တာပို့ကြတယ်။ အမျှဝေတယ်။ ပြီးတော့ သမ္မတ အိမ်တော်ရှေ့မှာရှိတဲ့ စုစည်းကြပြီးတော့ ဆီမီး မီးတိုင်နဲ့ ကျဆုံးသွားတဲ့ ၈၈ က အာဇာနည်အားလုံးအတွက် ဆုတောင်းပွဲလေးတွေ လုပ်ပေးမယ်ပေါ့လေ။ ဒါကလည်း တကယ့်ကို ၈ ရက် ၈ လ ၈၈ ဖြစ်တဲ့ တချိန်တည်း အချိန်ကိုက် လုပ်တာပါ။”
၈ လေးလုံး အထိမ်းအမှတ် အခမ်းအနား ဖြစ်မြောက်ရေး ဦးဆောင် ကြိုးပမ်းခဲ့သူ ဗာဂျီးနီးယားပြည်နယ်က ဦးစိန်ဝင်း ပြောပြသွားတာပါ။
ဒီကနေ့ ကျရောက်တဲ့ ၈ လေးလုံး နှစ်ပတ်လည်နေ့မှာ မြန်မာစစ်အစိုးရ ရွေးကောက်ပွဲတွေကို ဆန့်ကျင်တဲ့ ပိုစတာ ကမ်ပိန်း လှုပ်ရှားမှု တခုကိုတော့ ဖို့ဝိန်းမြို့က ၈၈ မျိုးဆက်ကျောင်းသားတွေ စုစည်းကျင်းပခဲ့ကြပါတယ်။ ဒီအကြောင်းကိုတော့ ဖို့ဝိန်းမြို့က ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ကိုအောင်မြင့်ထွန်း က အခုလို ပြောပြပါတယ်။
“ကျနော်တို့ ဒီကနေ့ ဖို့ဝိန်းမြို့မှာဆိုရင် ကျနော်တို့ ၂၂ နှစ်မြောက် ၈ လေးလုံး နှစ်ပတ်လည်နေ့ကို ကျနော်တို့က Global Campaign အဖြစ် ကျနော်တို့ ခေါ်ထားတယ်ပေါ့နော်။ အဓိကကတော့ ကျနော်တို့ အဖွဲ့ ၁၃ ဖွဲ့က ပေါင်းပြီးတော့ လုပ်တာ။ အဓိက ကျနော်တို့ ပိုစတာ ကန်ပိမ်း ပေါ့။ ရုပ်ရှင်ပိတ်ကား ပုံစံမျိုးတွေ။ ကျနော်တို့ အဓိက က လူထုတိုက်ပွဲ ပုံဖော်ကြဖို့ပေါ့။ အဲဒီဟာကို ဆက်လက် နိုးဆော်တဲ့သဘော။ နောက်တချက်က ကျနော်တို့ ပြည်တွင်းပြည်ပ အားလုံးကနေပြီးတော့ ၂၀၁၀ ကို သပိတ်စမှောက်ကြဖို့ဆိုတဲ့ အဓိပ္ပါယ်ကို ကျနော်တို့ ဖော်ဆောင်တဲ့ ပိုစကာကြီး အကြီးကြီးပေါ့လေ။ အဲဒါကို သရုပ်ဖော် ပြီးတော့ သပိတ်မှောက်ဖို့။ အဓိက ကတော့ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့၊ ပြည်သူ့အစိုးရ ဖွဲ့စည်းနိုင်ဖို့ကို ကျနော်တို့ နိုးဆော်တဲ့ ကမ်ပိန်းကို ပိုစကာနဲ့ သရုပ်ဖော်ပြီး ကျနော်တို့ နိုးဆော်တာ။”
ဖို့ဝန်းမြို့က ကိုအောင်မြင့်ထွန်း ပြောပြခဲ့တာပါ။ ကယ်လီဖိုးနီးယား ပြည်နယ် ဘာကလေ နဲ့ ဆန်ဖရန်စစ်စကို မြို့တွေမှာတော့ မြန်မာ နိုင်ငံမှာ ၈ လေးလုံးအရေးတော်ပုံပြီးဖြစ်ခဲ့တဲ့ သြဂတ်စ်လ ၈ ရက်နေ့ကို မြန်မာနေ့ အဖြစ် မြို့တော်ကောင်စီက သတ်မှတ်ထားသလို သြဂုတ်လ ၆ ရက်နေ့က မနက် ၈ နာရီ ၈ မိနစ်မှာ ဘာကလေ City Hall အနီးက ပြည်သူ့ပန်းခြံမှာ အလံတင် အခမ်းအနားတရပ် ကျင်းပ ခဲ့ကြပါတယ်။
အခုလို ၈ လေးလုံး အထိန်းအမှတ် အခမ်းအနားတွေကို ကယ်လီဖိုးနီးယားပြည်နယ် အော်ကလန် မြို့ နဲ့ နယူးယောက်ပြည်နယ် အထက်ပိုင်း ဘက်ဖလိုးမြို့တွေမှာလည်း ဒီကနေ့ သြဂတ်စ်လ ၈ ရက် မနက်နဲ့ နေ့လည်ပိုင်းတွေမှာ အခမ်းအနားတွေ လုပ်သွားဖို့ရှိပါတယ်။
ခုလို ၈ လေးလုံး နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားတွေကို အမေရိကန်ပြည်ထောင်စုက ပြည်နယ် အတော်များများမှာ မြန်မာ့အရေး လှုပ်ရှားသူတွေက အမှတ်တရ အထိမ်းအမှတ်ပွဲတွေ ကျင်းပနေကြသလို အင်္ဂလန်၊ သြစတြေးလျ၊ မလေးရှား၊ ထိုင်း အပါအဝင် ကမ္ဘာတဝှမ်းက မြန်မာ့အရေးလှုပ်ရှားသူတွေကလည်း ၈ လေးလုံး အထိမ်းအမှတ် အခမ်းအနားတွေ ပြုလုပ်နေကြပါတယ်။