သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်နဲ့ ရှမ်းစစ်ဆင်ရေးအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ရှမ်းပါတီ တိုင်တန်းမည်


ကချင်နဲ့ ရှမ်းစစ်ဆင်ရေးအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ရှမ်းပါတီ တိုင်တန်းမည်
ကချင်နဲ့ ရှမ်းစစ်ဆင်ရေးအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ရှမ်းပါတီ တိုင်တန်းမည်

ရှမ်းပြည်တောင်ပိုင်းမှာ မြန်မာအစိုးရစစ်တပ်နဲ့ ရှမ်း SSA မြောက်ပိုင်းတပ်ဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ ဒေသခံ အရပ်သားတွေအပေါ် မြန်မာအစိုးရ စစ်တပ်ဘက် လူ့အခွင့်အရေး ချိုးဖောက်နေတာတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေ အတိအကျစုံစမ်းပြီး ပြည်နယ်အစိုးရကနေတဆင့် လွှတ်တော်တွေအထိရောက်အောင် အဆင့်ဆင့်တင်ပြသွားဖို့ စီစဉ်ထားတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကပြောပါတယ်။ အခု ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်တွေမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တခြား တိုင်းရင်းသား နိုင်ငံရေးပါတီတွေကရော ဘယ်လို သဘောထားတွေ ရှိနေပါသလဲ။ အပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ မြန်မာအစိုးရစစ်တပ်နဲ့ ရှမ်း SSA အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်လာတာ ၄ ရက်ရှိလာနေပြီဖြစ်ပြီး တိုက်ပွဲအရှိန်ကလည်း ပိုမြင့်လာနေပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ရှမ်းပြည် တောင်ပိုင်းက ဒေသခံတိုင်းရင်းသားတွေဟာ နေရပ်ရင်းတွေကို စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ ဒါ့အပြင် ဒေသခံတိုင်းရင်းသားတွေအပေါ်မှာ မြန်မာစစ်တပ်ဘက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ ကျားဖြူပါတီ လို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစိုင်းမောင်တင်က ပြောပါတယ်။

“ကျနော်တို့ အခုလက်ရှိ မိုင်းရှူးနယ်ပေါေ့နာ်။ ထိုင်းပါ ကျေးရွာအုပ်စု၊ ဝမ်ကွမ်းယင် ဆိုတာ ရှမ်းရွာလေးပေါ့၊ ပြီးတော့ မွန်းခမ် ဆိုတဲ့ရွာနဲ့ သာသံပူ ဆိုတဲ့ရွာတွေမှာ အဆိုးဆုံး ဖြစ်နေပါတယ်။ မုဒိန်းကျင့်တာတွေ၊ နောက်ပြီးတော့ လူသတ်မှုတွေပေါ့။ ခံရတာ လူတိုင်းလို ဖြစ်နေတဲ့ဒေသတွေက လူတွေ ရွာသားတွေကနေပြီးတော့ လာပြီးတော့ သတင်းပေးချက်အရ တပ်မတော်က ကျူးလွန်တာတဲ့။ မြန်မာ့တပ်မတော်က ကျူးလွန်တဲ့ အချက်အလက်တွေလည်း တော်တော်များပါတယ်။ ဒါပေမဲ့ သူတို့ကို သေချာစုံစမ်းပြီးတော့ သတင်းအချက်အလက်တွေ ပြန်ပို့ပေးဖို့ပေါ့။ တကယ်တမ်းကျတော့ ကျနော်တို့ ပြည်တွင်းရေးမှာ အဲဒီလို ပြည်တွင်းစစ်ကြီးကို သုံးတာတော့ မသင့်လျော်ဘူးလို့ ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်ပေါ့နော်။ ပါတီအနေနဲ့တော့ မဟုတ်ဘူး။”

အခုလို ဒေသခံတွေပြောပြလာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြည့်စုံအောင် ထပ်မံစုံစမ်းပြီးပြီဆိုရင် သက်ဆိုက်ရာ ပြည်နယ်ဝန်ကြီးတွေ၊ အစိုးရတွေအထိ တင်ပြသွားမယ်လို့လည်း ပြောပါတယ်။

“အဲဒီအချက်တွေ သေချာရပြီဆိုရင်တော့ ကျနော်တို့က သက်ဆိုင်ရာ ဝန်ကြီးတွေ၊ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေနဲ့ သမ္မတတွေကို တင်သွင်းဖို့ ရှိပါတယ်ခင်ဗျ။ ကျနော်ကတော့ ငြိမ်းချမ်းရေးကို လိုလားနေပြီ၊ လုပ်ကိုလုပ်ရတော့မယ်လို့ ကျနော့်အနေနဲ့တော့ မြင်ပါတယ်။ ဒီလိုပဲ မလုပ်ဘဲနဲ့တော့ စစ်မက်တွေချည်းပဲ ဖြစ်နေမယ်ဆိုရင်တော့ ကျနော်တို့ နှစ်လည်း ၅၀၊ ၆၀ လောက် ဖြစ်နေပြီနော်။ တိုက်ပွဲဖြစ်နေတာ။ ကျနော်တို့ နယ်ခြားမှာသွားပြီးတော့ တိုင်းတပါးနဲ့ တိုက်နေတာမဟုတ်ဘူး။ ကိုယ့် တိုင်းရင်းသားအချင်းချင်း တိုက်နေတဲ့ပြဿနာကတော့ စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးသင့်ပြီလို့ ကျနော်ကတော့ မြင်တယ်။”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ်က တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစိုင်းမောင်တင် ပြောပြခဲ့တာပါ။

ကချင်ပြည်နယ်ဘက်မှာဆိုရင်လည်း မြန်မာအစိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲတွေဖြစ်နေတာ အခုဆိုရင် ၁ လကျော်ရှိနေပြီဖြစ်သလို နှစ်ဘက် အပြစ်အခတ် ရပ်ဆဲရေး ညှိနှိုင်းမှုတွေကလည်း မအောင်မမြင်ဖြစ်နေဆဲ ဖြစ်ပါတယ်။ အခုလို တိုင်းရင်းသားတွေရဲ့ ပြဿနာတွေကို လက်နက်နဲ့ဖြေရှင်းတာ အားမပေးပေမဲ့ လတ်တလောမှာ အစိုးရဘက်က လိုအပ်ချက်အရလုပ်နေတာ ဖြစ်နေတယ်လို့ သူမြင်တဲ့အကြောင်း ကရင်ပြည်သူ့ပါတီက ဦးစောစေးဝါးက ပြောပါတယ်။

“လက်နက်နဲ့ ပြဿနာဖြေရှင်းမှုကိုတော့ အားမပေးပါဘူး။ တခုတော့ ရှိတာက အခု ပြည်တွင်းမှာဖြစ်နေတဲ့ ပစ်ခတ်မှုတွေ၊ တိုက်ပွဲတွေက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်တဲ့ ကိစ္စတွေ ဖြစ်တယ်။ ဥပမာအားဖြင့် ကချင်ပြည်နယ်မှာဆိုရင် အစိုးရအနေနဲ့ တချို့နေရာတွေကို စိုးမိုးဖို့လိုတယ်ဆိုတဲ့ သဘောပါတယ်လို့ တွေ့ရတယ်။ ရှမ်းပြည်နယ်မှာလည်း အလားတူပဲ သူတို့ စစ်တိုင်းတခု တိုးချဲ့ဖွဲ့စည်းတဲ့နေရာမှာ သူတို့တိုင်းရဲ့ လိုအပ်ချက်အရ သူတို့လုပ်တယ်လို့ ကျနော် ယူဆပါတယ်။ အဲဒီတော့ ဆိုလိုချင်တာက ရည်ရွယ်ချက် အသေးအမွှားလေးတွေကို အကောင်အထည် ဖော်နေခြင်းဖြစ်တယ်လို့ ယူဆပါတယ်။ စေ့စပ်ဆွေးနွေးဖို့ ကိစ္စက တော်တော်လေး ကြန့်ကြာမယ့်သဘော ရှိတယ်လေ။ တယောက်နဲ့တယောက် ယုံကြည်မှုတွေ နားလည်မှုတွေ တော်တော်လေး ယူရမယ့်သဘောရှိတယ်။ အဲဒါတွေလည်း အချိန်ပေးရမယ့်သဘော ရှိတဲ့အတွက် လောလောဆယ် လတ်တလောလိုအပ်ချက်အရ လုပ်နေယ်လို့ပဲ ကျနော်တို့ ယူဆပါတယ်။”

ကရင်ပြည်သူ့ပါတီက ဦးစောစေးဝါးရဲ့ အမြင်ဖြစ်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံကို ထူထောင်နေတဲ့ မြန်မာနိုင်ငံအဖို့ ပြည်ထောင်စုစိတ်ဓါတ်နဲ့ တိုင်းပြည်ရဲ့ ပြဿနာကို ဖြေရှင်းပါမှ အားလုံးတောင်းဆိုနေတဲ့ ငြိမ်းချမ်းရေးဆိုတာ အကောင်အထည်ပေါ်လာလိမ့်မယ်လို့ ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီရဲ့ ဥက္ကဌ ဒေါက်တာအေးမောင်က ဆိုပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ပြည်ထောင်စုသမ္မတ လို့သုံးထားတာကိုး။ ဆိုတော့ ပြည်ထောင်စုဆိုတဲ့ သဘာဝကို လက်ခံရမယ်။ ပြည်ထောင်စုနဲ့ပတ်သက်တဲ့ တပ်မတော်ကလည်း တိုင်းရင်းသားဒေသတွေ အပေါ်မှာ သဘောပေါက်ဖို့လိုတယ်။ တိုင်းရင်းသား ဒေသတွေနဲ့ နှစ်ပေါင်း ၆၀ ကျော် တောင်းဆိုလာခဲ့တဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အခွင့်အရေးတွေကိုလည်း သဘောပေါက်ဖို့လိုတယ်။ အဲဒီတော့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်လို့ရတဲ့ဥစ္စာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေကိုဖြေရမယ်။ မငြိမ်းချမ်းတဲ့ဟာတွေ အထူးသဖြင့် နယ်စပ်ဒေသတွေမှာရှိတဲ့ တိုင်းရင်းသားတွေ အများဆုံး ခံနေရတာ ကျနော်တို့ ကိုယ်တွေ့ကြုံခဲ့ဖူးပါတယ်။ ပြည်ထောင်စု ဆိုတာနဲ့ လျော်ညီတဲ့ အသုံးအနှုန်းနဲ့ ပီပီသသဖြစ်အောင် တွေ့ဆုံဆွေးနွေးကြပါ။ သွေးထွက်သံယိုဖြစ်အောင် ဖြေရှင်းကြမယ့်အစား ကျနော်တို့ကတော့ ငြိမ်းငြိမ်းချမ်းချမ်း တွေ့ဆုံဆွေးနွေးပါ။ အပစ်အခတ် ရပ်စဲပါ။ ကိုယ်ချင်းစာနာပါ၊ တိုင်းရင်းသားချင်း ကိုယ်ချင်းစာနာပါလို့ပဲ ပြောချင်ပါတယ်။”

ရခိုင်အမျိုးသားများတိုးတက်ရေးပါတီရဲ့ ဥက္ကဌ ဒေါက်တာ အေးမောင် ပြောသွားတာပါ။ Geneva Convention လို့ခေါ်တဲ့ နိုင်ငံတကာ စစ်နဲ့သက်ဆိုင်တဲ့ ဥပဒေသဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့ မြန်မာအစိုးရဟာ အခုလို တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေ အပြင်းအထန် လုပ်နေတာဟာ နိုင်ငံတကာ ဥပဒေကိုချိူးဖောက်နေတာ ဖြစ်တယ်လို့လည်း ဥပဒေရေးရာပညာရှင်တွေက ထောက်ပြဝေဖန်နေကြပါတယ်။

XS
SM
MD
LG