သုံးရလွယ်ကူစေသည့် Link များ

ရွေးကောက်ပွဲကျင်းပဖို့ တရက်ပဲလိုတော့တဲ့အချိန် ကြိုတင်မဲကောက်ယူတဲ့နေရာမှာ မသမာမှုတွေ၊ မရိုးမသားမှုတွေ ရှိနေတာကို သက်သေ အထောက်အထားနဲ့တကွ တွေ့ရှိထားတဲ့အတွက် ဒီကိစ္စကို ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားနိုင်ဖို့ ပြင်ဆင်နေတယ်လို့ NDF ပါတီက ပြောပါတယ်။ အခုလို မဲမသမာမှုတွေကို ရွေးကောက်ပွဲကော်မရှင် လူကြီးတွေကိုယ်တိုင် ပါဝင်ဆောင်ရွက်နေတာကို တွေ့ရှိထားတဲ့ အကြောင်း ဘန်ကောက်မြို့ကိုရောက်နေတဲ့ ဗွီအိုအေ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းတဲ့အခါမှာ NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက အခုလို စပြောပါတယ်။

“ဒီတိုင်းပြည်ကြီးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးအသင်းနဲ့ ရပ်ကွက်ကော်မရှင်တို့၊ ရပ်ကွက်လူကြီးတို့ ကျေးရွာလူကြီးတို့၊ ကျေးရွာကော်မရှင်တို့ ပေါင်းပြီး မဲခိုးဖို့ လုပ်နေတယ်။ တတိုင်းပြည်လုံးပဲ ရပ်ကွက်မြို့ရွာအလိုက်ပဲ။ ပြောရရင်တော့ အများကြီးပဲဗျာ။ မြို့တွေ လျှောက်ဖတ်ပြရရင် အများကြီးပဲ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးတွေပေါင်းပြီး ကြိုတင်မဲတွေ ခိုးဖို့လုပ်နေကြပြီဗျာ။”

ဘယ်လို သက်သေ အထောက်အထားတွေ ရှိထားပါသလဲခင်ဗျ။ -

“အဲဒီကိစ္စ ကျနော်တို့ ကွန်ပျူတာမှာ စာစီနေပါတယ်။ စာစီပြီးရင် ကျနော်တို့ ကော်မရှင်ကိုသွားပြီး ကန့်ကွက်ဖို့ ကျနော်တို့ ပြင်ဆင်နေပါတယ်ဗျာ။ ပြောရရင်တော့ အများကြီးပဲဗျ။”

အဲန်ကယ်လ်တို့ဘက်က ခိုင်မာတဲ့ သက်သေ အထောက်အထားတွေ ရှိထားတယ်ပေါ့။ -

“သက်သေ အထောက်အထားတွေ ရှိပါတယ်ဗျာ။ ကျိုင်းတုံတို့၊ ဘိုကလေးတို့၊ မုံရွာတို့၊ ရန်ကုန်မှာကို ၂ နေရာ၊ ၃ နေရာ ရှိပါတယ်ဗျာ။ အဲဒီတော့ ကျနော်တို့ အများကြီးပါပဲ၊ ကျနော်တို့ ဗြောင်ကြီးကို ရပ်ကွက်ကော်မရှင် ဥက္ကဌတွေက သူတို့ကိုယ်တိုင်၊ ဒီ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့မှာ အမှန်ခြစ်ပြီးတော့ စာအိပ်ထဲ ထည့်တာတွေလည်း တွေ့နေရတယ်ဗျာ။ မျက်မြင်သက်သေတွေ ရှိပါတယ်။ လျှပ်စစ်ဝန်ကြီးက နေပြီးတော့လည်း လူဦးရေ ၁၀၀ လောက်ရှိတဲ့ ၀န်ထမ်းတွေကို မိသားစုပါအပါ သွားပြီးတော့ မဲထည့်ကြဆိုပြီး ညွှန်ကြားလို့ မဲလာထည့် တာကို ကျနော်တို့ NDF ကိုယ်စားလှယ်က သွားတားထားလို့ အခု ကော်မရှင်နဲ့ စကားပြောနေဆဲပဲ ရှိပါသေးတယ်။ ဆိုတော့ အဲဒီလို မဲတွေကို ကော်မရှင်ဥပဒေကို ချိုးဖောက်ပြီးတော့ ကြိုတင်မဲကို မတရားရယူဖို့ ကြိုးပမ်းနေတာတွေက နိုင်ငံအနှံ့ ဖြစ်နေပါပြီဗျာ။ အဲဒါကတော့ လောလောဆယ် ဖြစ်နေတဲ့ ပြဿနာတွေပဲ။”

မနက်ဖြန် ရွေးကောက်ပွဲဆိုတော့ ဒါတွေကို အဲန်ကယ်လ်တို့ဘက်က တိုင်စာတင်လို့ရှိရင် အချိန်မီနိုင်ပါဦးမလား၊ တော်တော်နောက်ကျ နေပြီလား။ -

“အချိန်ကတော့ မီမှာမဟုတ်ဘူး။ အခု ဒီရွေးကောက်ပွဲ ကော်မရှင်ကြီးက ဘာမှ နောက်ကို လှည့်မကြည့်ဘဲနဲ့ လက်ပိုင်ကြည့်နေတဲ့ အနေအထားမှာရှိတယ်။ အချိန်တော့ မီမှာမဟုတ်ဘူး။ ဒါတွေက ရွေးကောက်ပွဲပြီးမှာ ကျနော်တို့ ထပ်ပြီးတော့ complain တက်သွားရမယ့် သဘောရှိပါတယ်။”

တရားဥပဒေအရ ဒါကို ဆက်ပြီးတော့ ရင်ဆိုင်ဖို့ အဲန်ကယ်လ်တို့ဘက်က တော်တော်လေး ပြင်ဆင်ထားပြီလား။ -

“ကျနော်တို့တင် မကပါဘူး။ တခြား ပါတီတွေလည်းပဲ ကြုံတွေ့နေရတယ်။ ဦးစိုင်းအိုက်ပေါင်း တို့ ရှမ်းပါတီဆိုရင်လည်း သူတို့မြို့နယ်အလိုက်၊ ရှမ်းပြည်နယ် တခုလုံးမှာရှိတဲ့ မြို့နယ်တွေအားလုံးကနေပြီးတော့ ကော်မရှင်တွေကို ကန့်ကွက်စာ ပို့ထားပြီးပါပြီ။ သူတို့လည်း ကျနော်တို့ ခံစားရသလို ခံစားနေရပါတယ်ခင်ဗျ။”

တခြား မဲဆန္ဒနယ်မြေတွေမှာရော ရွေးကောက်ပွဲ စည်းရုံးရေးဆင်းတဲ့ ကိစ္စတွေရော အဆင်ပြေမှုရှိပါသလား။ -

“ရွေးကောက်ပွဲ စည်းရုံးရေးကတော့ ဘာပြဿနာမှ မရှိဘူး။ ယနေ့အထိ ကျနော်တို့ ရန်ကုန်မြို့ပေါ်မှာလည်း ကျနော်တို့ ကား ၈ စင်းနဲ့ ကျနော်တို့ လှည့်နေပါတယ်။ ဘာမှ အနှောက်အယှက် မရှိပါဘူး။ ညဘက်လည်း လှည့်ပါတယ်။ မနက်လည်း လှည့်ပါတယ်။ ပြဿနာ မရှိပါဘူး။ ပြည်သူကလည်း ကြိုဆိုပါတယ်ခင်ဗျ။ ကျနော်တို့က ရှေ့မှာ ကုန်းရုန်းပြီးတော့ မဲဆွယ်နေတဲ့အချိန်မှာ နောက်က သူတို့က မဲခိုးဖို့စီစဉ်နေတာပဲ တွေ့ရပါတယ်ခင်ဗျ။”

အဲန်ကယ်လ်တို့ ရွေးကောက်ပွဲနေ့မှာ မနက်ဖြန်မှာ မဲရုံတွေကို စောင့်ကြည့်ဖို့ အနေအထားကရော ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့် စီစဉ်ထားပါသလဲ။ -

“ကျနော်တို့ တတ်နိုင်သလောက်ကတော့ ကျနော်တို့ ကားတွေငှားပြီးတော့ မဲရုံတွေကို လိုက်ပြီးကြည့်ဖို့အစီအစဉ် ရှိပါတယ်ခင်ဗျ။ ဝေးလံတဲ့နေရာတော့ မသွားနိုင်ဘူးပေါ့ဗျာ။ မန္တလေးတိုင်းကလည်း သူ့ကားတွေငှားပြီး သွားဖို့ မန္တလေး ဥက္ကဌ ဒေါက်တာ လှစိုးညွှန့်တို့ စီစဉ်ထားပါတယ်။ ကျနော်တို့ကလည်း မဲရုံတွေကို ပတ်ကောင်းပတ်ရပါလိမ့်မယ်။ ပတ်ပြီးတော့ ကြည့်ရပါလိမ့်မယ်။ ရုံးမှာလည်း လူမရှိတော့ လူတယောက် နှစ်ယောက် စသည်ဖြင့် ခွဲသွားဖို့ အစီအစဉ်တော့ ရှိပါတယ်ခင်ဗျ။”

NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ ပြောပြသွားတာပါ။

ရွေးကောက်ပွဲမတိုင်ခင် ကြိုတင်မဲကောက်ယူမှုတွေ နိုင်ငံအနှံ့အပြား လုပ်ဆောင်နေပြီး မသမာမှုတွေ ရှိနေတဲ့အတွက် နိုင်ငံရေးပါတီ တော်တော်များများက ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြား ထားကြတာတွေ ရှိပါတယ်။ နိုင်ငံရေးပါတီတချို့၊ အထူးသဖြင့် တိုင်းရင်းသားပါတီတွေက ဒီကြိုတင်မဲ မသမာမှုတွေကို အာဏာပိုင်တွေက ဥပဒေနဲ့အညီ ဆောင်ရွက်ပေးခြင်းမရှိရင် ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ ပြောဆိုထားတာတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG