သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုးချဲ့လာနေတဲ့ မြန်မာ့လေကြောင်းလုပ်ငန်း


လေကြောင်းလိုင်း အသစ်တွေ အဖြစ်နဲ့ Asia Wings နဲ့ ကမ္ဘောဇလေကြောင်းလိုင်းတို့ မကြာခင်စတင် ပြေးဆွဲဖို့ ရှိပါတယ်။

ဒီဇင်ဘာ ၆၊ ၂၀၁၀- ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာစေဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံမှာ လေကြောင်းလုပ်ငန်းတွေကို တိုးချဲ့လာနေပါတယ်။

မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာစေဖို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေရဲ့ တစိတ်တပိုင်းအဖြစ် လေကြောင်းလုပ်ငန်းတွေကို တိုးချဲ့လာနေပါတယ်။ မကြာခင်မှာဆိုရင်လည်း နောက်ထပ် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်း အသစ်တွေ ပြည်တွင်းပြည်ပ ခရီးစဉ်တွေ စတင်ပြေးဆွဲဖို့လည်း စီစဉ်နေတာပါ။ တချိန်တည်းမှာပဲ ခရီးသွားလုပ်ငန်းမှာ စိန်ခေါ်မှုတွေ အားနည်းချက်တွေကလည်း ရှိနေဆဲ ဖြစ်တာမို့၊ ဒါတွေကို နိုင်ငံရေးအပြောင်းအလဲတွေနဲ့အတူ ကျော်လွှားနိုင်မလား စီးပွားရေး လုပ်ငန်းရှင်တွေက မျှော်လင့်နေကြတာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံက အားနည်းနေဆဲဖြစ်တဲ့ ခရီးသွားလုပ်ငန်းတွေ အရှိန်ကောင်းလာစေဖို့ အခြေခံလိုအပ်ချက် တခုဖြစ်တဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍက လေကြောင်းလိုင်းတွေကို ချဲ့ထွင်လာနေပါတယ်။ အခုနောက်ဆုံးမှာဆိုရင်လည်း ပုဂ္ဂလိကပိုင် လေကြောင်းလိုင်း အသစ်တွေကို အာဏာပိုင်တွေက ခွင့်ပြုလိုက်တာမို့ မကြာခင်ပြေးဆွဲဖို့လည်း ရှိနေတာပါ။ လေကြောင်းလိုင်း အသစ်တွေ အဖြစ်နဲ့ Asia Wings နဲ့ ကမ္ဘောဇလေကြောင်းလိုင်း အသစ် ၂ ခုကို ပြည်တွင်းမှာသာမက ပြည်ပခရီးစဉ်တွေကိုပါ ပြေးဆွဲခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

ဒီလိုပဲ လက်ရှိ ပြည်ပခရီးစဉ်တွေကိုလည်း ကမ္ဘာလှည့် ခရီးသွားတွေစိတ်ဝင်စားရာ နေရာတွေကို တိုးချဲ့ ပြေးဆွဲဖို့ အစီအစဉ်တွေ ရှိနေတယ်လို့ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေ အတွင်းရေးမှူး ဦးခင်အောင်ထွန်း က ပြောပါတယ်။
“Asia Wings ဆိုတဲ့ ပြည်တွင်းလေကြောင်းလိုင်းတခုက ဒီဇင်ဘာ မကုန်ခင်မှာ စဆွဲဖို့ရှိတယ်လေ။ နောက်တခုကတော့ နောက်နှစ်မှာ Myanmar Airways က Siem Reap နဲ့ ပုဂံကြား စဆွဲဖို့ရှိပါတယ်။ အခု ကမ္ဘောဒီးယား ဖနွမ်းပင်မှာလုပ်တဲ့ CLMV နဲ့ ACMES အစည်းအဝေးမှာ မြန်မာဘက်နဲ့ ကမ္ဘောဒီးယားဘက် ၂ ဘက် သဘောတူညီမှု ရခဲ့တာပါ။”

အသစ်ထွက်ပေါ်လာမယ့် Asia Wings လေကြောင်းလိုင်းကိုတော့ Sun Far ခရီးသွားကုမ္ပဏီ၊ ကမ္ဘောဇ လေကြောင်းလိုင်းကိုတော့ ကမ္ဘောဇ စီးပွားရေးအင်အားစုတို့က က ပြေးဆွဲသွားဖို့ရှိနေတယ်လို့လည်း ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒီလေကြောင်းလိုင်းတွေနဲ့ပါဆိုရင် ၁၉၉၄ ခုနှစ်က အဲယားမန္တလေးလေကြောင်းလိုင်းကို လုပ်ပိုင်ခွင့်ပြုခဲ့စဉ်ကစလို့၊ အဲယားပုဂံ၊ အဲယားမန္တလေး၊ အဲယားရန်ကုန် တို့အပါအ၀င် စုစုပေါင်း ပုဂ္ဂလိက လေကြောင်းလိုင်း ၅ ခု အထိရှိလာတော့မှာ ဖြစ်ပါတယ်။ ပြည်တွင်းခရီးစဉ်တွေသာမက ဘန်ကောက်၊ ကွာလာလမ်ပူ၊ စင်္ကာပူ၊ ဗုဒ္ဓဂါယာတို့လို ပြည်ပခရီးစဉ်တွေပါ ပြေးဆွဲနေတဲ့ နိုင်ငံပိုင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းရဲ့ အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းကိုတော့ သြဂုတ်လထဲမှာပဲ ကမ္ဘောဇ စီးပွားရေး အင်အားစုကို ရောင်းချထားတာပါ။ အသစ်ထွက်ပေါ်လာမယ့် ကမ္ဘောဇလေကြောင်း အဖြစ်နဲ့လည်း နောက်ထပ် ပြည်တွင်းခရီးစဉ်တွေသာမက နောက်ပိုင်းမှာ တရုတ်နိုင်ငံ ဂွမ်ဂျိုးမြို့ တို့လို ပြည်ပခရီးစဉ်တွေကိုလည်း တိုးချဲ့သွားဖို့ အစီအစဉ်တွေ ရှိနေပါတယ်။

ဒါပေမဲ့လည်း နိုင်ငံပိုင် လုပ်ငန်းတွေကို ပြည်သူပိုင် လွှဲပြောင်းတာ၊ စီးပွားရေး လုပ်ငန်းတွေကို ခွင့်ပြုရာတွေမှာ အာဏာပိုင်တွေက နီးစပ်သူတွေကိုသာ အခွင့်အလန်းတွေကို ပေးအပ်လေ့ရှိတယ်လို့ မကြာခန ဝေဖန်တာတွေလည်း ရှိပါတယ်။အခုနောက်ဆုံး ခရီးသွားလုပ်ငန်းမှာ လေကြောင်းလိုင်း အသစ်တွေ လုပ်ပိုင်ခွင့်အတွက်ကိုတော့ လုပ်ငန်းရှင်တွေ အနက်က တကယ်တမ်း ၀န်ဆောင်မှုပေးနိုင်မယ့် သူတွေကို ခွင့်ပြုပေးခဲ့တာလို့ စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးခင်အောင်ထွန်း က ပြောပါတယ်။
“ဘယ်သူက လုပ်နိုင်လဲ၊ ဥပမာ ကျနော်တို့ ခရီးသွားကုမ္ပဏီတွေ အများကြီးရှိတယ်၊ ဒီအထဲကမှ ဘယ်သူတွေ လုပ်နိုင်လဲ၊ ဘယ်သူတွေက တကယ်တမ်း ဖြစ်နိုင်လဲ၊ အခုဆိုရင် Asia Wings ပေါ်လာဖို့ရှိတယ်၊ အဲယားကမ္ဘောဇ ပေါ်လာဖို့ရှိတယ်။ ဆိုတဲ့အခါကျတော့ ဘယ်သူကလုပ်နိုင်သလဲ လုပ်နိုင်တဲ့အပေါ်မှာ မူတည်ပြီးတော့ သူတို့ကို စိစစ်ပြီး ချပေးသွားတာပါ။ ပြည်တွင်းက အင်အားရှိတဲ့ ကုမ္ပဏီတွေရဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေပေါ့၊ အဓိကကတော့ ကျနော်တို့ ပြည်တွင်းလမ်းကြောင်းတွေလည်း များများ လိုတယ်ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာလေကြောင်းလိုင်းတွေ ရှိတော့ ရန်ကုန်ရောက်လာပြီးတော့၊ မန္တလေးတို့ ပုဂံတို့ အင်းလေးတို့ ပြန်ပြီး ခရီးသည်တွေ မဖြန့်နိုင်ဘူးဆိုရင် ရန်ကုန်မှာ သွားပြီးတော့ အများကြီးဖြစ်ကုန်နိုင်တာပေါ့။ ဒီထက် လေကြောင်းလိုင်းတွေ ပိုများလာရင်တော့ ကျနော်တို့ ခရီးသွားလုပ်ငန်းအတွက်ရော၊ အားလုံးအတွက်ရော ပိုကောင်းတာပေါ့။”

လတ်တလော နိုင်ငံပိုင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း အပါအ၀င် နိုင်ငံခြားလေကြောင်းလိုင်း အများအပြားက အာရှနိုင်ငံပေါင်း ၁ ဒါဇင်လောက်ကို ခရီးစဉ်တွေ ပြေးဆွဲနေတာပါ။ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးကာလအတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ ၀န်ဆောင်မှုလုပ်ငန်းက ၀င်ငွေ အမေရိကန်ဒေါ်လာ ၆ သန်းခွဲကျော် ရရှိခဲ့တယ်လို့လည်း အစိုးရရဲ့ ကိန်းဂဏန်းတွေက ဖော်ပြပါတယ်။ တကယ်တော့ ခရီးသွားလုပ်ငန်းတွေ အားကောင်းလာစေဖို့ လေကြောင်းဆက်သွယ်ရေး သာမက တခြား အခြေခံကျတဲ့ လိုအပ်ချက်တွေလည်း ရှိနေဆဲလို့ ဆိုရမှာပါ။

မြန်မာအစိုးရရဲ့ တရားဝင် ကိန်းဂဏန်းတွေကတော့ ပြီးခဲ့တဲ့ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် အတွင်း ခရီးသွားပေါင်း ၃ သိန်းလောက် မြန်မာနိုင်ငံကို လာခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါပေမဲ့လည်း ဒီပမာဏဟာ ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွား ၁၄ သန်း၊ လာအိုနိုင်ငံမှာဆိုရင်လည်း ၁ သန်း အထိရှိခဲ့တာတွေကို ကြည့်မယ်ဆိုရင်တော့ သိသိသာသာ နိမ့်ကျနေဆဲပါ။ ဒီလိုအခြေအနေတွေကိုတော့ လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ၊ ၀န်ဆောင်မှု လုပ်ငန်းတွေမှာ တိုးတက်အောင် ဆောင်ရွက်တာတွေနဲ့ ပြောင်းလဲသွားရင် ဖြစ်နိုင်တယ်လို့ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေ အတွင်းရေးမှူး ဦးခင်အောင်ထွန်း ကမြင်ပါတယ်။
“ခရီးသွားလုပ်ငန်းက တဖြည်းဖြည်းနဲ့ တက်လာမှာပါ။ ဒါပေမဲ့ အများကြီးတော့ မဟုတ်ဘူး။ အများကြီး တမုဟုတ်ချင်း တက်လာရင်လည်း ကျနော်တို့ တိုင်းပြည်မှာ နည်းနည်း သယ်ယူပို့ဆောင်ရေးတွေ၊ ဟိုတယ်တွေ၊ ၀န်ဆောင်မှု လုပ်ငန်းတွေမှာ အခက်အခဲ ရှိတယ်ခင်ဗျ။ ကျနော်တို့ဆီမှာ ဟိုတယ်တွေ၊ အခုဆိုရင် ဒီဇင်ဘာထဲမှာ တချို့နေရာတွေမှာ တော်တော်လေး ကျပ်တယ်လေ။ အဲဒီတော့ သယ်ယူပို့ဆောင်ရေး အခက်အခဲ၊ ဟိုတယ်အခက်အခဲ၊ လေကြောင်းလိုင်း အခက်အခဲတွေ ရှိနေတယ်။ အဲဒီတော့ ဖြည်းဖြည်းချင်း တက်လာတာက ကျနော်တို့ တိုင်းပြည်အတွက်ရော၊ အားလုံးအတွက်ရော ကောင်းမယ်လို့ ကျနော်တော့ ထင်ပါတယ်။”

ပုဂ္ဂလိကလေကြောင်းလိုင်းတခုဖြစ်တဲ့ ရန်ကုန်လေကြောင်းလိုင်းရဲ့ ပြည်တွင်းခရီးစဉ်တွေကိုတော့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ယာယီရပ်ဆိုင်းမယ့်အကြောင်း တာဝန်ရှိသူတွေက ကြေညာခဲ့တာပါ။ လေကြောင်းလုပ်ငန်း လုပ်ကိုင်ခွင့်လက်မှတ်ကို အာဏာပိုင်တွေက ထုတ်မပေးတာကြောင့် အခုလို ရုတ်တရက် ရပ်ဆိုင်းလိုက်ရတာလို့ ကုမ္ပဏီကတော့ ကြေညာပါတယ်။ ဒါပေမဲ့လည်း ၁၉၉၆ ခုနှစ်ကတည်းက စတင်လုပ်ကိုင်လာတဲ့ ရန်ကုန်လေကြောင်းလိုင်းဟာ မြန်မာစစ်အစိုးရနဲ့ မပြေမလည် ဖြစ်နေတဲ့ ၀ လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင် တဦးရဲ့ သားချင်းတယောက်က ပိုင်ဆိုင်နေတာဟာ အကြောင်းရင်း တခုဖြစ်မယ်လို့လည်း အကဲခတ်တွေက ယူဆနေကြတာပါ။ ဒီလို မမျှော်လင့်တဲ့ အခြေအနေမျိုးတွေ၊ စီးပွားရေးဆိုင်ရာ မူဝါဒတွေမှာ ခိုင်ခိုင်မာမာ မရှိတာတွေဟာလည်း မြန်မာ့စီးပွားရေးအတွက် စိမ်ခေါ်မှုတွေအဖြစ် ကျွမ်းကျင်သူတွေက မြင်ကြပါတယ်။

မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေကတော့ နိုဝင်ဘာလထဲမှာ စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပခဲ့ပြီးနောက်ပိုင်း အုပ်ချုပ်မှုပုံစံ အပြောင်းအလဲတွေနဲ့အတူ စီးပွားရေး အလားအလာကောင်းတွေ ထွက်ပေါ်လာလေမလား မျှော်လင့်နေကြတာပါ။
“သေချာပေါက် နောက်အစိုးရသစ်က စီးပွားရေး အခင်းအကျင်းအသစ်တွေနဲ့တော့ လုပ်လာမှာပေါ့။ ဒီအတိုင်းတော့ ရှိမနေပဲနဲ့ ပြောင်းလဲမှုတွေ တဖြည်းဖြည်းချင်း၊ တဆင့်ချင်းတော့ ဖြစ်လာမှာပါ။ ဒီခရီးသွားလုပ်ငန်း တခုတည်းမဟုတ်ဘူး၊ တခြားလုပ်ငန်းတွေရော၊ ရင်းနှီးမြုပ်နှံမှုတွေရော ဖြစ်လာလိမ့်မယ်။ ဘာလို့လည်းဆိုတော့ အာဆီယံထဲမှာလည်း ကျနော်တို့ တိုင်းပြည်က ၀င်ထားတာကိုး၊ ၂၀၁၅ မှာလည်း AFTA (အာဆီယံလွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီချက်) ကို လက်မှတ်ထိုးထားတာကိုး၊ ဒီတော့ တဖြည်းဖြည်း အကောင်အထည်ဖော်သွားမှာပေါ့။ အခုအချိန်က အသွင်ကူးပြောင်းရေး ကာလကိုး၊ နောက်နှစ်ကတော့ ပိုပြီးတော့ ကောင်းသောပြောင်းလဲခြင်းတွေနဲ့၊ ကျနော်တို့ နိုင်ငံက ကြုံတွေ့ရမယ်လို့ ကျနော်မျှော်လင့်ပါတယ်။”

ခရီးသွားလုပ်ငန်းတွေသာမက စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးလာလေမလား မျှော်လင့်နေတဲ့ ဟိုတယ်လုပ်ငန်းရှင် ဦးခင်အောင်ထွန်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ခရီးသွားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှုတွေမှာ အကန့်အသတ်တွေ ရှိနေတာကစလို့ အချိန်တိုအတွင်း မတည်ဆောက်နိုင်တဲ့ အခြေခံအဆောက်အအုံနဲ့ လုပ်သားအပါအ၀င် အရင်းအမြစ် လိုအပ်ချက်တွေအဆုံး၊ ပြင်ဆင်စရာတွေ တိုးတက်အောင် လုပ်စရာတွေကလည်း တပုံတပင်ရှိနေဆဲမို့ ခရီးသွားလုပ်ငန်းသာမက၊ မြန်မာ့စီးပွားရေးမှာလည်း မြန်မြန်ဆန်ဆန် ကြီးထွားဖွံ့ဖြိုးလာဖို့ကတော့ အတော့်ကို လိုလိမ့်ဦးမယ်လို့ ဆိုရမှာဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG