သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်ရေးအကြို လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်


လွတ်လပ်ရေးအကြို လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်
လွတ်လပ်ရေးအကြို လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်

အကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်ကို ဒီကနေ့ ညနေ ၄ နာရီခွဲလောက်မှာ မြန်မာအစိုးရက ထုတ်ပြန် ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကတော့ အခု လွတ်ငြိမ်းချမ်းသာခွင့် အပေါ် အပြည့်အ၀ အားရကျေနပ်မှု မဖြစ်ဘူးဆိုပြီး ပြောဆိုလိုက်ပါတယ်။ ယတိပြတ် လွှတ်ပေးလိုက်တာမျိုး မဟုတ်ဘဲ ထောင်ဒဏ်တွေကို အသီးသီး လျှော့ချပေးလိုက်တာ ဖြစ်လို့ ထောင်နဲ့ချီ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဘယ်သူတွေ ပါလာမလဲ ဆိုတာ မသိရသေးပါဘူး။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေနဲ့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အဖွဲ့တွေကရော ဘယ်လို တုံ့ပြန်လိုက်သလဲ ဆိုတာကိုတော့ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ရုံးသည် အမိန့်အမှတ် (၁/၂၀၁၂) ကို ၁၃၇၃ ခုနှစ် ပြာသိုလဆန်း ၉ ရက်၊ ခရစ်နှစ် ၂၀၁၂ ခုနှစ် ဇန်ဝါရီလ ၂ ရက် ဒီကနေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီကြေညာချက် အပြည့်စုံမှာ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း၊ (၆၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တို့အတွက်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသားများကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ…..”

သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေညာသွားတာ ဖြစ်ပါတယ်။

သေဒဏ် ကျခံနေရသူတွေကို ထောင်ဒဏ်တစ်သက်၊ ထောင်ဒဏ် နှစ် ၃၀ အထက် ကျခံနေရသူတွေကို နှစ် ၃၀၊ နှစ် ၃၀ ကနေ နှစ် ၂၀ အတွင်း ကျခံနေရသူတွေကို ထောင်ဒဏ် နှစ် ၂၀ နဲ့ ထောင်ဒဏ် နှစ် ၂၀ အောက် ကျခံနေရသူတွေကို ထောင်ဒဏ်ရဲ့ လေးပုံတစ်ပုံ လျှော့ပေါ့ပေးမယ့်အကြောင်း ဒီကနေ့ ညနေပိုင်းကပဲ သမ္မတ ဦးသိန်းစိန်က (၆၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအဖြစ် ဒီကနေ့ လက်မှတ် ရေးထိုး ထုတ်ပြန်လိုက်တာပါ။ ဒီအမိန့်ကြောင့် နှစ်ရှည် ထောင်ဒဏ်တွေ ကျခံနေရတဲ့ ၈၈ ကျောင်းသား ခေါင်းဆောင်တွေ လွတ်မလာနိုင်သလို ထောင်နဲ့ချီ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက ဆယ်ဂဏန်းလောက်ပဲ လွတ်လာနိုင်တယ်ဆိုပြီး ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားက အကျဉ်းထောင်ထဲမှာ ၁,၅၀၀ ကျော်လောက်ပဲ ရှိတာပါ။ ဆိုတဲ့အခါကျတော့ ထောင်ဒဏ်တွေ လျှော့ပေါ့တယ်ဆိုတဲ့ဟာနဲ့ ပတ်သက်ပြီးတော့ အများဆုံး လွတ်လာနိုင်တာက ကျနော်တို့ အယောက် ၁၀၀ မပြည့်ပါဘူး။ အယောက် ၁၀၀ ပြည့်မှာမဟုတ်ပါဘူး။”

နိုင်ငံတော် တည်ငြိမ်ရေးနဲ့ အများပြည်သူ အေးချမ်းသာယာရေးကို ထိပါးခြင်းမရှိတဲ့ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က နိုင်ငံတော်သမ္မတထံကို တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ အခုထွက်ပေါ်လာတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အပေါ်မှာတော့ အားရကျေနပ်မှု အပြည့်အ၀ မရှိဘူးလို့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ပြောပါတယ်။

“အားလုံးကတော့ စောင့်မျှော်နေကြတာပေါ့နော်။ အပြည့်အဝတော့ အားရကျေနပ်တယ်လို့တော့ ပြောလို့မရဘူးပေါ့။ ကျနော်တို့အနေနဲ့ကတော့ တင်ပြနိုင်ခွင့်ပဲရှိတာကိုး။ ဆုံးဖြတ်ပိုင်ခွင့်မှ မရှိဘဲ။ လျှော့ပေါ့တယ် ဆိုတဲ့အတွက်ကြောင့်မို့တော့ နည်းနည်း တိုးတက်မှုရှိတယ် ဆိုပေမဲ့ အားရစရာ ကောင်းလောက်အောင်တော့ မဟုတ်ဘူးပေါ့။ အဲဒီတော့ နောက်တစ်ခေါက်ကျမှပဲ အားလုံး လွတ်လာမလားလို့ပဲ ကျနော်တို့ မျှော်လင့်ရတာပေါ့။ အခု ကျနော်တို့ ကြားနေတဲ့သတင်းကတော့ နှစ်သုတ် ခွဲလွှတ်မယ်လို့ ဆိုပြီးတော့ သတင်းတွေက ကြားနေတယ်။ ဒါကြောင့်မိုလို့ နောက်တစ်ကြိမ်ဆိုတာပါ။ အခုဟာက လျှော့တာပဲ ပါပါတယ်။ လွှတ်တာ ပါမလာဘူးပေါ့နော်။ အဲဒီတော့ တနည်းအားဖြင့်ပြောရင် မျှော်လင့်တဲ့အတိုင်းတော့ ဖြစ်မလာဘူးပေါ့လေ။ ဒါကြောင့်မိုလို့ နောက်တစ်ကြိမ် ဆိုတာကို ပြောတာပါ။”

နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေကတော့ လွတ်ငြိမ်းချမ်းသာခွင့်က ရှင်းရှင်းလင်းလင်း မရှိသေးတဲ့ အတွက် လွတ်လာမလား မလွတ်ဘူးလား မသေချာသေးဘူးလို့ ပြောဆိုကြပါတယ်။ တောင်ကြီး အကျဉ်းထောင်မှာ ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဇော်သက်ထွေးရဲ့ ဇနီးဖြစ်သူကတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“နှစ် ၂၀ အောက်ဆိုရင် လေးပုံတစ်ပုံတို့ ဘာတို့ အဲဒီလိုမျိုး ပြောတယ်။ လွတ်မယ်မလွတ်ဘူး ဆိုတာ သေချာမသိသေးဘူး။ လေးပုံတစ်ပုံ လျှော့ပေးမှာလား၊ လေးပုံတစ်ပုံ ကျခံရမှာလား ဆိုတာမသိဘူး။ ကျခံရမယ်ဆိုရင် သူနေထားတဲ့နှစ်ကို တွက်မယ်ဆိုရင်တော့ လေးပုံတစ်ပုံ ကျခံရမယ်ဆိုရင် လွတ်မယ်။ ကျန်တဲ့ပြစ်ဒဏ်ကို လုပ်မှာဆိုရင် မလွတ်ဘူး။ တစ်နှစ်ခွဲလောက် နေရဦးမယ်။ အဲဒါကို အစ်မ နားမလည်သေးဘူး။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းကတော့ အခု လွတ်ငြိမ်းချမ်းသာခွင့်က အစိုးရရဲ့ ခေါင်းဆောင်ပိုင်းတွေ နိုင်ငံတကာကိုပေးထားတဲ့ ကတိကို ဖောက်ဖျက်လိုက်တာ ဖြစ်တယ်လို့ပြောဆိုပါတယ်။

“လက်ရှိအစိုးရရဲ့ ခေါင်းဆောင်ပိုင်းတွေက ကတိတွေ အမျိုးမျိုး ပေးခဲ့တာတွေ ရှိပါတယ်။ လွှတ်ပေးမယ်။ ဟီလာရီကလင်တန် လာတုန်းကလည်း လွှတ်ပေးပါမယ် ဆိုတဲ့ဟာမျိုး။ အခုတော့ လွှတ်ပေးတာမျိုး မဟုတ်ဘဲ အကျဉ်းသား အားလုံးကို ထောင်ဒဏ်တွေ လျှော့ပေါ့တယ်ဆိုတဲ့ ကိစ္စမျိုးပေါ့။ ဆိုတဲ့အခါကျတော့ သူတို့ပြောနေတဲ့ ယုံကြည်ချက်အရပဲဖြစ်ဖြစ်၊ နိုင်ငံရေးကို စိတ်ဝင်စားပြီး ဆက်လုပ်မယ့်သူတွေကို ဦးစားပေးပြီး လွှတ်ပေးမယ်တို့ ပြောနေတာတွေက ဘာတစ်ခုမှ မဟုတ်ဘူး ဆိုတာကို ငြင်းလိုက်သလိုပါပဲ။”

နိုင်ငံရေးအကျဉ်းသားတွေကို သီးသန့် လွှတ်ပေးတာမျိုး မဟုတ်ဘဲ ထောင်ဒဏ် ကျခံနေရသူ အားလုံးကို ထောင်ဒဏ်တွေ လျှော့ချပေးလိုက်တဲ့အတွက် အစိုးရရဲ့ အခု လွတ်ငြိမ်းချမ်းသာခွင့်အရဆိုရင် ရာဇဝတ် အကျဉ်းသားတွေ အများစု လွတ်မြောက်လာမှာ ဖြစ်တယ်လို့လည်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေနဲ့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်သူတွေက ပြောဆိုကြပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းသားတွေ ထားနိုင်တာထက် များနေတဲ့အတွက် နေရာထိုင်ခင်း အဆင်မပြေမှုတွေကို အရေးယူ လုပ်ဆောင်ကြဖို့နဲ့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က သမ္မတကို တင်ပြထားတဲ့ နိုင်ငံတော်ကို အနှောင့်အယှက် မပေးနိုင်တဲ့ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ တင်ပြထားချက်ကို ၂၀၁၁ နှစ်ကုန်မှာ ထပ်ပြီး တောင်းဆိုတဲ့အကြောင်း သတင်းထုတ်ပြန်ပြီး ရက်ပိုင်းအတွင်း အစိုးရရဲ့ အခု လွတ်ငြိမ်းချမ်းသာခွင့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဥပဒေကြောင်းအရ ဆိုရင်တော့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပြီး ၂၄ နာရီအတွင်း လွတ်မြောက်ခွင့်ရှိတဲ့ အကျဉ်းသားတွေကို လွှတ်ပေးရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG