သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့ ပြည်သူ့လွှတ်တော်က သမ္မတထံပန်ကြား


အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့ ပြည်သူ့လွှတ်တော်က သမ္မတထံပန်ကြား
အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့ ပြည်သူ့လွှတ်တော်က သမ္မတထံပန်ကြား

ဒီကနေ့ကျင်းပတဲ့ စတုတ္ထနေ့မြောက် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးမှာ မနေ့ကတင်ပြထားတဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့ပတ်သက်တဲ့ အဆိုကို ဆက်လက် ဆွေးနွေးရာမှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးနဲ့ တပ်မတော်သားကိုယ်စားလှယ် ၂ ဦးက ထောက်ခံဆွေးနွေးခဲ့ပြီးတဲ့နောက် ကန့်ကွက်သူ မရှိတာကြောင့် လွှတ်တော်ဥက္ကဋ္ဌက ဒီအဆိုကို သမ္မတဆီတင်ပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအဆိုကတော့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေ နေရပ်ပြန်လာတဲ့အခါ အကာအကွယ်ရစေဖို့အတွက်နဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အထောက်အကူဖြစ်စေဖို့ ရည်ရွယ် တင်ပြထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်အတွင်းမှာ ဆွေးနွေးကြတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အဆိုကတော့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်တွေ ဆက်လက် ထုတ်ပြန်ပေးဖို့ ဆိုတဲ့ အဆိုဖြစ်ပါတယ်။

ဒီအဆိုကို သင်္ဃန်းကျွန်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က တင်ပြခဲ့တာဖြစ်ပြီး သူတင်ပြရတဲ့အကြောင်းကို အခုလို ပြောပြပါတယ်။

“ကျနော် မနေ့ကတင်ပြတဲ့အထဲမှာတော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့သူတွေပေါ့။ အဲဒီလူတွေ ပြန်လွှတ်ဖို့၊ အဝေးရောက်နေတဲ့သူတွေ ပြန်လာဖို့၊ ပြန်လာတဲ့အခါမှာ သူတို့အတွက် ဥပဒေ အကာအကွယ် ပေးနိုင်ဖို့၊ အခု တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ လက်နက်ကိုင် အင်အားစုတွေနဲ့ ဆွေးနွေးတဲ့အခါမှာ အထောက်အကူပြုဖို့ ဒီအချက် သုံးချက်ကို ကျနော် အခြေခံပြီး ဆွေးနွေးတယ်။ ပြောပြတယ်။ အရင်ထုတ်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် အမှတ် ၂၈/၂၀၁၁ ကိုလည်း အဲဒီလိုထုတ်ပြန်ပေးခဲ့တဲ့ သမ္မတကြီး ဦးဆောင်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ဆောင်ရွက်ချက်ကိုလည်း ကြိုဆိုတယ်။ ဆက်ပြီးတော့ မြန်မာနိုင်ငံမှာ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးစိတ်ဓါတ် တိုးပွားဖို့၊ နိုင်ငံတော်အစိုးရအနေနဲ့ သဘောထားကြီးမှု ထပ်မံပြသပြီး လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ဆက်လက် ထုတ်ပြန်ပေးရေးအတွက် နိုင်ငံတော်သမ္မတအား ဤလွှတ်တော်က မေတ္တာရပ်ခံတယ် ဆိုတဲ့ အဆိုပေါ့။”

အစိုးရက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိဘူးဆိုတာကြောင့် အဆိုတင်ပြရာမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများလို့ တင်ပြတာလည်း ဖြစ်ပါတယ်။

ဒီအဆိုကိုတင်ပြရာမှာ ဦးသိန်းညွှန့်က ၁၉၆၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာထုတ်ပြန်တဲ့ တော်လှန်ရေးကောင်စီရဲ့ လွှတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ၁၉၈၀ ခုနှစ် မေလ ၂၈ ရက်မှာထုတ်ပြန်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ နိုင်ငံတော်ကောင်စီက ထုတ်ပြန်တဲ့ လွှတ်ငြိမ်းချမ်းသာခွင့် အမိန့်တွေကိုလည်း ကိုးကားတင်ပြခဲ့ပါတယ်။

မနေ့ကတင်ပြခဲ့တဲ့ ဒီအဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် လာမယ့် တနင်္လာနေ့မှာ ဆက်လက်ဆွေးနွေးဖို့နဲ့ ဆွေးနွေးမယ့်သူအမည်စာရင်းကို သောကြာနေ့ညနေမှာ တင်သွင်းဖို့ ပြင်ဆင်ခဲ့ပေမဲ့ ဒီကနေ့ လွှတ်တော်တွင်းမှာ အခြား ဆွေးနွေးစရာ အကြောင်းအရာနည်းပါးတာကြောင့် မနေ့ညကပဲ ဆွေးနွေးမယ့်သူစာရင်းကောက်ယူပြီး ဒီကနေ့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလွှတ်ငြိမ်းချမ်းသာခွင့် အဆိုကို ဆွေးနွေးရာမှာတော့ ရာနှုန်းပြည့် ထောက်ခံခဲ့ကြတယ်လို့ လဲချား မဲဆန္ဒနယ်မြေက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင်က ပြောပါတယ်။

“မနေ့က စာရင်းပေးကြတာက ကိုယ်စားလှယ် ၁၅ ဦးဗျ။ ၁၅ ဦးထဲမှာ ၁၅ ဦးစလုံးက ထောက်ခံပါတယ်၊ ပါတီစုံပါပဲ။ တပ်မတော်သားကိုယ်စားလှယ် ၂ ယောက်ကလည်း ဝင်ရောက်ပြီးတော့ ဆွေးနွေး ထောက်ခံပါတယ်ခင်ဗျ။ အဲဒီတော့ ပြည်ထောင်စုအဆင့် ပြည်ထဲရေးဝန်ကြီးက ပြန်ပြီးတော့ ဆွေးနွေးတဲ့အခါကျတော့ အားလုံးရဲ့ဆန္ဒကိုလည်း သူကသိချင်တဲ့အခါကျတော့ သူကတော့ အများကြီးကို မပြောတော့ဘူး။ အများကြီးမပြောဘဲနဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းကနေပြီးတော့ - ဒါဆိုရင် ကန့်ကွက်မယ့်သူလည်း မရှိဘူး၊ အားလုံးက ထောက်ခံတဲ့အတွက်ကြောင့်မိုလို့ ပြည်ထဲရေးဝန်ကြီးကနေ သမ္မတကိုတင်ပြီးတော့ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ လွှတ်တော်ဥက္ကဋ္ဌကလည်း မှာကြားသွားတယ်ခင်ဗျ။ ရာနှုန်းပြည့်ထောက်ခံတယ်လို့ ပြောလို့ရပါတယ်။ ”

လွတ်ငြိမ်းချမ်းသာခွင့်အဆိုကို ပါဝင်ထောက်ခံသူတဦးလည်းဖြစ်တဲ့ ဦးစိုင်းမောင်တင်က သူထောက်ခံ ဆွေးနွေးရတဲ့ အချက်တွေကို အခုလို ပြောပါတယ်။

“ကျနော်တင်တဲ့အချက်တွေကတော့ ယခင်အစိုးရလက်ထက်က ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ယုံကြည်ချက် အကျဉ်းသားများ ဖြစ်ခြင်း၊ နိုင်ငံအရေးကိစ္စများတွင် ကောင်းရာကောင်းကြောင်း ကူညီဖြေရှင်းပေးနိုင်မည့် ပုဂ္ဂိုလ်များ ပါဝင်နေခြင်း၊ (၃) အထူးသဖြင့် တိုင်းရင်းသားပြည်သူများက ယုံကြည်အားထားရသည့် ပုဂ္ဂိုလ်များ ပါဝင်နေခြင်း အတွက်ကြောင့် ယုံကြည်ချက်နဲ့ အကျဉ်းကျခံထားရတဲ့ အကျဉ်းသားများအား ချွင်းချက်မရှိ အမြန် လွှတ်ပေးသင့်ပါကြောင်း လေးလေးနက်နက် ယုံယုံကြည်ကြည် ထောက်ခံ ဆွေးနွေးအပ်ပါတယ်ခင်ဗျာ၊ ဆိုပြီးတော့ ကျနော်က ဝင်ပြီးတော့ ဆွေးနွေးထောက်ခံလိုက်တာခင်ဗျ။”

ဒီကနေ့ထူးခြားတာကတော့ တပ်မတော်သားကိုယ်စားလှယ် ၂ ဦးက လွှတ်တော်ဥက္ကဋ္ဌဆီမှာ ခွင့်ပြုချက်ယူပြီး ပါဝင်ဆွေးနွေးတာဖြစ်ပါတယ်။ ဒီလိုဆွေးနွေးရာမှာ တပ်မတော်သားကိုယ်စားလှယ်တွေက သူတို့ လုပ်ဖော်ကိုင်ဖက်တွေလည်း အကျဉ်းထောင်ထဲမှာ ရှိနေတာကြောင့် လွတ်ငြိမ်းချမ်းသာခွင့်အဆိုကို ထောက်ခံကြောင်း ဆွေးနွေးခဲ့တယ်လို့ အခြား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တယောက်က ပြောပါတယ်။

လောလောဆယ်မှာတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်လောက်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ မြန်မာနိုင်ငံက ထုတ်ပြန်ထားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ကို ပြည်တွင်းပြည်ပက နိုင်ငံရေး အင်အားစုတွေသာမက ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာကလည်း အစဉ်တစိုက် တောင်းဆိုနေတာဖြစ်ပါတယ်။

ဒီကနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာတော့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တာနားကို တုံ့ပြန်ပြောဆိုရာမှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို အနှောက်အယှက် မပြုကြောင်း သေချာတဲ့အချိန်မှာ အကျဉ်းသားတွေကို ပြန်လည်လွှတ်ပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသားအဖြစ် သီးသန့် ဖော်ပြထားတာမရှိပါဘူး။ တဆက်တည်းမှာပဲ ဦးခင်အောင်မြင့်က ပြည်သူ့အသံ လွှတ်တော်အသံ။ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူ့ မျှော်လင့်ချက် လွှတ်တော်ဆောင်ရွက်ချက်ဆိုတဲ့ ဆောင်ပုဒ်ကို ချမှတ်ထားပြီး ဒီဆောင်ပုဒ်နဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG