သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ နဲ့ အမေရိကန်


ဗမာ စစ်အစိုးရကို ဒဏ်ခတ်အရေးယူပေမယ့် မြန်မာပြည်မှာ အပြောင်းအလဲ ဖြစ်မလာတဲ့အတွက် ဗမာ စစ်ခေါင်းဆောင်ပိုင်းနဲ့ ထိတွေ့ဆက်ဆံတဲ့နည်းကိုပါ အမေရိကန်အစိုးရက အသုံးပြုလာတာ (၇) လ ရှိသွားပါပြီ။ ထူးခြားမှုမရှိတဲ့အတွက် ဒဏ်ခတ်အရေးယူတဲ့ သက်တမ်းကို တနှစ်ထပ်တိုးလိုက်ပါတယ်။ ဒဏ်ခတ်အရေးယူတဲ့ ဥပဒေ သက်တမ်းဟာ တနှစ်သာ ရှိတာမို့ မြန်မာပြည်မှာ အခြေအနေကောင်းလာရင် သက်တမ်းမတိုးဘဲ တားလိုက်ရုံပါ။ ဒါပေမဲ့ တိုးတက်မှုမရှိတဲ့အတွက် နှစ်စဉ်သက်တမ်း တိုးနေရတာ ဖြစ်ပါတယ်။ ပိုပြီးပြင်းပြင်းထန်ထန် ဒဏ်ခတ်ဖို့ တောင်းဆိုတဲ့ ကွန်ဂရက်လွှတ်တော်အမတ်တွေလည်း ရှိပေမယ့် အခုအချိန်အထိတော့ အကောင်အထည် မပေါ်သေးပါဘူး။

ဗမာစစ်အစိုးရကလည်း ဒီနှစ်ထဲမှာ ပါတီစုံ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရင် သူကျုးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ပြည်တွင်းပြည်ပက ခွင့်လွှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပုံရပါတယ်။ ဧပြီလ (၂၉) ရက်နေ့ထုတ် ကွန်ဂရက်လွှတ်တော် သုတေသနဌာနရဲ့ (၁၉) မျက်နှာ စာတမ်းဟာ ၂၀၁၀ ရွေးကောက်ပွဲအကြောင်းကို သီးသန့်ရေးထားတဲ့ စာတမ်းဖြစ်ပါတယ်။ နိုင်ငံရေးအရ ချုပ်ကိုင်မှုတွေ လုပ်ထားပေမယ့် ဗမာစစ်အစိုးရဟာ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပနိုင်ပြီး ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူတွေ မျှော်လင့်သလို ဖြစ်လာမယ်ဆိုရင် ဒဏ်ခတ်မှုကို လျှော့ပေးဖို့ အိုဘားမား အစိုးရကနဲ့ ကွန်ဂရက်လွှတ်တော် အမတ်အချို့က တောင်းဆိုလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ မတရား လုပ်ရင်တော့ ကွန်ဂရက်လွှတ်တော်ဟာ ဒဏ်ခတ်မှုကို တိုးမြှင့်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အပြုသဘောနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်ဒ် ကမ်ဘလ် လာရောက်စဉ်က ဗမာဝန်ကြီးတွေက ပြောပါတယ်။ မြန်မာနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံနေတဲ့ အမေရိကန် မူဝါဒသစ်ကို ကြိုဆိုကြောင်း နှစ်နိုင်ငံ ဆက်ဆံရေးကို ရေတိုမဟုတ်ဘဲ ရေရှည်အတွက်ပါ မျှော်မှန်းစေလိုကြောင်း ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ပြောပါတယ်။ အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုကြောင့် မြန်မာ-အမေရိကန် ဆက်ဆံရေး အားနည်းနေရကြောင်း နိုင်ငံခြားရေး ဝန်ကြီးဦးဉာဏ်ဝင်းနဲ့ သိပ္ပံနည်းပညာ ဝန်ကြီးဦးသောင်း တို့က ပြောပါတယ်။ မြောက်ကိုရီးယား-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ စိုးရိမ်ပူပန်မှုကို မစ္စတာ ကမ်ဘလ် ပြောတဲ့အခါမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် (၁၇၁၈) နဲ့ (၁၈၇၄) ကို အပြည့်အဝ လိုက်နာမယ်လို့ အတိအလင်း ကြေညာထားပြီးဖြစ်ကြောင်း ဦးသောင်း က ပြောပြီး နိုင်ငံတော်အာဏာကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ကလည်း ရှိနေသေးတယ်ဆိုတဲ့ ခြွင်းချက်ကိုပါ ထည့်ပြောသွားပါတယ်။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေဟာ မြောက်ကိုရီးယားကို ဒဏ်ခတ်အရေးယူထားတာဖြစ်ပြီး လက်နက်အရောင်းအဝယ် မလုပ်ဖို့လည်း ပိတ်ပင်ထားပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံဖြတ်ချက် အမှတ် (၁၇၁၈) ကို ၂၀၀၆ ခုနှစ် အောက်တိုဘာလမှာ အားလုံး သဘောတူချက်နဲ့ ချမှတ်ခဲ့ပါတယ်။ (၂) နှစ်ကြာတော့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း ဦးဆောင်တဲ့ လျှို့ဝှက်စစ်ကော်မရှင်အဖွဲ့က ၂၀၀၈ ခုနှစ် နိုဝင်ဘာလနှောင်ပိုင်းမှာ မြောက်ကိုရီးယားကိုသွားပြီး စစ်ရေးအကူအညီ တောင်းပါတယ်။ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့ မြောက်ကိုရီးယား လျှို့ဝှက်စစ်ရေး ဆက်ဆံမှုကို အန္တရာယ်လို့ အမေရိကန်က ယူဆပါတယ်။

ဗမာကိုယ်စားလှယ်တက်တဲ့ အာဆီယံအဖွဲ့အစည်းအဝေးတွေကို အမေရိကန်ကိုယ်စားလှယ် တက်ပေမယ့် ဒဏ်ခတ်အရေးယူမှုကိုတော့ လျှော့မပေးပါဘူး။ အာဆီယံ အမေရိကန်ဆက်ဆံရေးမှာ ဗမာကို ဝိုင်းပယ်ထားမယ့် သဘောပါ။ အာဆီယံ အမေရိကန် အကောက်ခွန်မဲ့ ကုန်သွယ်ရေး သဘောတူညီချက်ရယူတဲ့အခါမှာ ဗမာကို ကွက်ပြီးချန်ထားဖို့ ကွန်ဂရက်လွှတ်တော်က လိုလားပါတယ်။ သဘောကတော့ ဗမာမပါဘဲ အာဆီယံ (၉) နိုင်ငံနဲ့သာ ကုန်သွယ်ရေးလုပ်ဖို့ ဖြစ်ပါတယ်။ မြန်မာနဲ့ လက်နက်ရောင်းဝယ်မှုကို ပိတ်ပင်ဖို့ ကုလသမဂ္ဂက ဆုံးဖြတ်တာကိုလည်း ကွန်ဂရက်လွှတ်တော်က လိုလားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပြီး NLD နဲ့ ဆွေးနွေးဖို့ အမေရိကန် တိုက်တွန်းတာကို ဗမာစစ်အစိုးရက ဂရုမစိုက်ပါဘူး။ NLD ပါတီ မရှိတော့တာဟာ NLD ကို ထောက်ခံတဲ့ အစိုးရတွေ ဆက်လုပ်နိုင်ဖို့ ပြဿနာရှိနိုင်ပါတယ်။ ဒီလိုဆိုရင် ကွန်ဂရက်လွှတ်တော်က ဘယ်လို ဆက်လက် အရေးယူနိုင်တယ်ဆိုတာကို ကွန်ဂရက် သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။ မြန်မာ့အရေးမှာ အပြည်ပြည်ဆိုင်ရာ အသိုသ်အဝိုင်းမှာ သဘောထားကွဲလွဲနေသလို ကွန်ဂရက်လွှတ်တော်မှာလည်း ကွဲလွဲတဲ့ အမြင်တွေ ရှိနေတာကို အကဲခတ်ဖို့လည်း လိုတယ်လို့ ဆိုပါတယ်။ ဒီအတောအတွင်း မြန်မာ့အခြေအနေနဲ့ ပတ်သက်တဲ့ ကြားနာမှုတွေ ကွန်ဂရက်ကော်မတီတွေမှာ ဆက်လုပ်ပြီး ထပ်မံအရေးယူဖို့ ကိစ္စကို ဆွေးနွေးနိုင်ပါတယ်။

အမေရိကန်ကို ဝင်ခွင့်ပေးဖို့ ပိတ်ပင်တားမြစ်ခံရတဲ့ စစ်အစိုးရအဖွဲ့ဝင်နဲ့ ကြံ့ခိုင်အဖွဲ့ဝင်စာရင်းကို ထုတ်ပြန်ကြေညာဖို့ နဲ့ အရေးယူခံရတဲ့ ဗမာအရာထမ်း အမည်တွေကို ဖော်ပြဖို့ အမေရိကန်အစိုးရမှာ တာဝန်ရှိပေမယ့် အခုထက်ထိ မဖော်ပြသေးတာကို ဖော်ပြဖို့ ကွန်ဂရက်လွှတ်တော်က တိုက်တွန်းနိုင်ပါတယ်။ လိုအပ်တယ်လို့ ယူဆရင် ဒဏ်ခတ်အရေးယူမှုကို တိုးမြှင့်နိုင်ပါတယ်။ ဗမာစစ်အစိုးရနဲ့ ပတ်သက်တဲ့ နိုင်ငံခြားလုပ်ငန်းရှင်တွေကို အရေးယူတဲ့နည်းလည်းရှိကြောင်း တင်ပြထားပါတယ်။

XS
SM
MD
LG