သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြုပြင်ရေးရှေ့တိုးဖို့ အချိန်လို


မြန်မာပြုပြင်ရေးရှေ့တိုးဖို့ အချိန်လို
မြန်မာပြုပြင်ရေးရှေ့တိုးဖို့ အချိန်လို

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာအစိုးရအနေနဲ့ ပြည်သူလူထုအကျိုးအတွက် အနှစ်သာရရှိတဲ့ ရေရှည်တည်တံ့မယ့် ပြုပြင်ပြောင်းလဲရေးတွေကို ဖော်ဆောင်မယ်ဆိုရင် အမေရိကန် ပြည်ထောင်စုကို မိတ်ဖက်နိုင်ငံအဖြစ် တွေ့မြင်ရမှာပါလို့ ပြောဆိုလိုက်ပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးကတော့ အရပ်သား အစိုးရ တက်လာပြီးတဲ့ ၇ လတာကာလအတွင်းမှာ အနှစ် ၅၀ ကြာ ရှင်းမရခဲ့တဲ့နိုင်ငံရေးကို အပြုသဘောနဲ့ အပြောင်းအလဲကို ရှေ့ရှုပြီးတော့ ဖြေရှင်းနေပါကြောင်း၊ ကျန်နေသေးတဲ့နိုင်ငံရေး အကျဉ်းသားတွေအနေနဲ့လည်း လွတ်လာပြီးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ နည်းတူပဲ အမြန်ဆုံးအခွင့်အရေး ရရှိမယ်လို့ ယူဆရတဲ့အကြောင်း၊ တိုင်းရင်းသားဒေသတွေက ပြဿနာတွေကို တွေ့ဆုံဆွေးနွေးမှုတွေနဲ့ အတတ်နိုင်ဆုံး ညှိနှိုင်းနေပါကြောင်း ဗွီအိုအေကို ပြောဆိုလိုက်ပါတယ်။ အပြည့်စုံကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

APEC ခေါ် အာရှပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးညီလာခံ အကြိုအဖြစ်နဲ့ ဟာဝိုင်အီကျွန်းစု ဟိုနိုလူလူမြို့ East-West Centre တက္ကသိုလ်မှာ ဝန်ကြီးကလင်တန် မိန့်ခွန်းပြောဆိုခဲ့ရာမှာ အမေရိကန်ရဲ့ အာရှနိုင်ငံတွေအပေါ် ရပ်တည်တဲ့မူဝါဒနဲ့ပတ်သက်ပြီး မှတ်ချက်ပေးပြောဆိုခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ အာရှနိုင်ငံတွေမှာ ပွင့်လင်းတဲ့စီးပွားရေးရာသာမက ပွင့်လင်းတဲ့ လူ့ဘောင် အသိုင်းအဝိုင်းကို တည်ဆောက်ဖို့ပါ အားပေးထောက်ခံနေပြီးတော့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးလို ကိစ္စတွေမှာ သဘောထားမတူညီတဲ့ နိုင်ငံတွေနဲ့လည်း ထဲထဲဝင်ဝင် ဆက်ဆံနေပြီး ပြုပြင်ပြောင်းလဲရေး အတွက် တွန်းအားပေးတဲ့ထဲမှာ မြန်မာနိုင်ငံကလည်း အပါအဝင် ဖြစ်ပါတယ်လို့ အခုလို သွားဆိုသွားတာပါ။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ လူ့အခွင့်အရေး တိုးတက်အောင် အမေရိကန် ပြည်ထောင်စုက တစိုက်မတ်မတ် အားပေးခဲ့ပါတယ်။ ဒါကြောင့် ဆယ်စုနှစ်တွေနဲ့ချီ မတွေ့ခဲ့ရတဲ့ အပြောင်းအလဲတွေကို အခု ပထမဆုံးအနေနဲ့ လှုပ်လှုပ်ရှားရှား မျက်ဝါးထင်ထင် တွေ့နေရပါတယ်။ အပြောင်းအလဲတွေ တွေ့နေရပြီဆိုပေမဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် မေးခွန်းထုတ်စရာတွေ အများကြီး ရှိနေဆဲပါပဲ။ နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက် ထိန်းသိမ်းထားတာ၊ ပြုပြင်ပြောင်းလဲရေး လုပ်တယ်ဆိုတဲ့နေရာမှာ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ရင်ကြားစေ့ရေးအတွက် သက်ဆိုင်သူအားလုံး ပါဝင်ရေးဆိုတဲ့အချက်တွေ မေးခွန်းထုတ်စရာ ရှိနေသေးတယ်၊ ပြည်သူလူထု အကျိုးအတွက် အနှစ်သာရရှိတဲ့ ရေရှည်တည်တံ့မယ့် ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်သွားမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုကို မိတ်ဖက်နိုင်ငံအဖြစ်နဲ့ တွေ့မြင်ရမှာပါ။” - လို့ ပြောဆိုသွားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြောင်းလဲရေးတွေ ရေရှည်တည်တံ့မှာလား။ အပေါ်ယံကြောပဲ ပြောင်းလဲနေတာလား ဆိုတာနဲ့ပတ်သတ်လို့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးပုဂ္ဂိုလ် ဒေါက်တာနေဇင်လတ်က အခုလိုမှတ်ချက်ပေးပါတယ်။

“အဟောင်းကနေ အသစ်ကူးတဲ့အခါမှာ ကျနော်တို့ အချိန်တစ်စုံတရာ အတိုင်းအတာ လိုပါတယ်ခင်ဗျ။
နိုင်ငံတစ်ခု ပြုပြင်ပြောင်းလဲမှု လုပ်တယ်ဆိုရင် အဦးဆုံးကတော့ နိုင်ငံရေးကို စပြီးဖွင့်လိုက်တာမျိုးပေါ့နော်။ ပြီးတော့မှ တခြား sectors တွေကို သွားတာပေါ့ခင်ဗျာ။ အခု speed အရ ကြည့်မယ်ဆိုရင်ပဲ အခု အစိုးရတက်လာတာ ၇ လပိုပိုလောက်ပဲ ရှိသေးတယ်ပေါ့နော်။ အဲ့ဒီ ၇ လပိုပိုမှာကို ကျနော်တို့ နှစ် ၅၀ လောက် ရှင်းမရခဲ့တဲ့ နိုင်ငံရေးအရွေ့က တကယ့် အပြုသဘော အများကြီး အပေါင်းလက္ခဏာဆောင်တဲ့ ဘက်ကို ရွေ့သွားပြီးပြီပေါ့။ အခုကျနော်တို့ချထားတဲ့ မူဝါဒတွေဆိုတာကလည်း တကယ့် sustainable reform နဲ့ sustainable development ကို ရှေ့ရှုတဲ့ဟာတွေ ဖြစ်ပါတယ်။”

ဝန်ကြီးကလင်တန်က မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် မေးခွန်းထုတ်စရာတွေ အများကြီးရှိတဲ့ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ဆက်လက် ထိန်းသိမ်းထားတာနဲ့ ပတ်သက်လို့တော့ ဒေါက်တာနေဇင်လတ်က သူ့ရဲ့ထင်မြင်ချက်ကို အခုလိုပြောပြပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေကလေ တွေးကြည့်လို့ရတာလေးတွေ ရှိတယ်ဗျ။ မှန်းကြည့်လို့ရတာလေးတွေ ရှိတယ်ပေါ့။ ကျနော်တို့ကတော့ ဘယ်အချိန် ဘယ်ကာလ ဘယ်လိုဆိုတဲ့ ကိစ္စရပ်မျိုးကိုတော့ ကျနော်တို့က အတိအကျပြောပိုင်ခွင့် ရှိတဲ့သူတွေတော့ မဟုတ်ဘူးလေ။ သို့သော်လည်း ဥပမာအားဖြင့်ပေါ့ဗျာ နိုင်ငံရေးကြောင့် အကျဉ်းသားအဖြစ် ခံစားရတဲ့အခါမှာ တချို့ကလွတ်လာပြီး တချို့ကကျန်တယ် ဆိုလို့ရှိရင်တော့ ကျန်တဲ့လူတွေမှာလည်း ဒီအခွင့်အရေးက ရှိနိုင်တယ်လေ။ ရှိရမှာပေါ့။ အဲဒီအတွက်ကြောင့်မိုလို့ လွတ်လာပြီးတဲ့လူတွေထဲက တချို့တဝက်ဆိုရင် သူတို့နဲ့အလားတူပေါ့ဗျာ။ အခုလို အကျဉ်းကျခံနေရတဲ့လူတွေရဲ့ အနာဂတ်ကလည်း ပထမလူတွေနဲ့ အတူတူတော့ ဖြစ်ပါလိမ့်မယ်ခင်ဗျ။ သူတို့ရဲ့အနာဂတ်ကလည်း ကျနော်ထင်တယ် အမြန်ဆုံးပေါ့ဗျာ၊ အမြန်ဆုံး ပထမလူတွေနဲ့ အတူတူပဲ ဖြစ်ပါလိမ့်မယ်။ တတ်နိုင်သမျှတော့ ကျနော် ထင်ပါတယ် စောနိုင်ပါလိမ့်မယ်။”

ဝန်ကြီးကလင်တန်ရဲ့ မေးခွန်းတွေထဲက နောက်တစ်ချက်ကတော့ မတည်မငြိမ်ဖြစ်နေတဲ့ တိုင်းရင်းသား ဒေသတွေမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးဟာလည်း အဓိက ပါဝင်နေတယ်ဆိုတာနဲ့ ပတ်သတ်လို့ ဒေါက်တာနေဇင်လတ်ရဲ့ ဖြေရှင်းချက်က ဒီလိုပါ။

“ကျနော်တို့ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးကတည်းက စခဲ့တဲ့ပြဿနာတွေ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ သူတို့အတွက်ကတော့ အချိန်လေး နည်းနည်းလေး ပိုလိုပါလိမ့်မယ်။ အခုလည်း ညှိနှိုင်းတဲ့ကိစ္စရပ်တွေ လုပ်တဲ့အခါမှာ တိုးတက်မှု တစ်စုံတရာရနေတယ် ဆိုတာကိုလည်း ကျနော်တို့ သိနေရပါတယ်ခင်ဗျ။”
လာမယ့်တနင်္ဂနွေနေ့ ၁၃ ရက်နေ့မှာ အဖွဲ့ဝင်၂၁ နိုင်ငံပါဝင်တဲ့ APEC ထိပ်သီးညီလာခံကြီးကို သမ္မတအိုဘားမားက အိမ်ရှင်အဖြစ် ဟာဝိုင်အီကျွန်းမှာ လက်ခံကျင်းပပေးမှာဖြစ်ပြီးတော့ အင်ဒိုနီးရှားနိုင်င၊ ဘာလီကျွန်းမှာ ရှေ့သီတင်းပတ်အကုန်မှာကျင်းပမယ့် အရှေ့အာရှ ထိပ်သီးညီလာခံကို သမ္မတအိုဘားမား တက်ရောက်ဖို့ရှိပါတယ်။

သမ္မတအိုဘားမားဟာ အမေရိကန်သမ္မတတစ်ဦးအနေနဲ့ ပထမဆုံး အရှေ့အာရှ ထိပ်သီးညီလာခံကို
တက်ရောက်မှာဖြစ်တယ်လို့ ဝန်ကြီးကလင်တန်က ပြောဆိုလိုက်ပါတယ်။ ဒီထိပ်သီးညီလာခံကို မြန်မာအစိုးရသမ္မတ ဦးသိန်းစိန်လည်း တက်ရောက်ဖို့ရှိပါတယ်။

XS
SM
MD
LG