သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအရမရှင်းဘဲ လက်နက်ကိုင် ပဋိပက္ခ မရှင်းနိုင်


နိုင်ငံရေးအရမရှင်းဘဲ လက်နက်ကိုင် ပဋိပက္ခ မရှင်းနိုင်
နိုင်ငံရေးအရမရှင်းဘဲ လက်နက်ကိုင် ပဋိပက္ခ မရှင်းနိုင်

ရွေးကောက်ပွဲကျင်းပပြီး နောက်တရက်မှာပဲ စစ်အစိုးရနဲ့ သူတို့နဲ့အပစ်အခတ်ရပ်ထားတဲ့ DKBA တပ်မဟာ (၅) ဟာ မြဝတီနဲ့ ဘုရားသုံးဆူတို့မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့သလို ရှမ်းပြည်ထဲမှာလည်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာပါ။ ခုလို မတည်ငြိမ်မှုတွေ အပေါ်မှာ စစ်အစိုးရက နိုင်ငံရေး အမြတ်ထုတ်သွားမှာကို အများကစိုးရိမ်နေတဲ့ တချိန်တည်းမှာပဲ ပြည်တွင်းက ရွေးကောက်ပွဲအနိုင်ရ အတိုက်အခံပါတီ အမတ်တချို့ကတော့ ဒီကိစ္စကို မကြာခင်ထွက်ပေါ်လာမယ့် လွတ်တော်မှာ ဆွေးနွေးအဖြေရှာနိုင်ဖို့ မျှော်မှန်းနေကြပါတယ်။ နှစ်ရှည်လများ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် ငြိမ်းချမ်းရေး ရရေးအတွက် ဆွေးနွေးရာမှာ ဘယ်အချက်တွေက အခြေခံကျတယ်လို့မြန်မာ့အရေးသုံးသပ်သူတွေက မြင်ကြပါသလဲ ဆိုတာကို နော်ရှိုးက တင်ပြပေးထားပါတယ်။

အရှင်းဆုံးပြောရရင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက ဒီမိုကရေစီ အရေးတော်ပုံတွေ မဖြစ်ပေါ်လာခင်ကတည်းက တိုင်းရင်းသား လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ခုချိန်အထိပါ။ ဆိုတော့ ခု ဒီရွေးကောက်ပွဲလွန်ကာလ ထွက်ပေါ်လာမယ့် ပါလီမန်မှာလည်း ဘယ်လိုပဲဖြစ်ဖြစ် ဒီမပြီးပြတ်သေးတဲ့ ပြည်တွင်းစစ်ကိစ္စကို ဆက်ပြီး ဆွေးနွေးရဖို့ရှိပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) က သင်္ကန်းကျွန်းမြို့နယ်ကနေ ရွေးချယ်တင်မြောက်ခြင်းခံရတဲ့ ကိုယ်စားလှယ်အမတ် ဦးသိန်းညွန့်ကတော့ လက်နက်ကိုင်တပ်ဖွဲ့တွေ အပါအဝင် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အတွက် လွတ်တော်မှာ ဆွေးနွေးအဖြေရှာနိုင်ဖို့ မျှော်မှန်းတယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောခဲ့ပါတယ်။

“ကျနော် ရွေးကောက်ပွဲ ဝင်တဲ့အခါမှာ ကျနော် လူထုကိုပေးတဲ့ကတိတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ မိခင်နိုင်ငံက အဝေးရောက်နေတဲ့သူတွေ ပြန်လာနိုင်ဖို့ဆိုရင် လက်နက်ကိုင် အင်အားစုတွေနဲ့ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တဦး အနေနဲ့ ကျနော်ဟာ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ကို အလေးထားတယ်။ တိုင်းပြည်မှာ ငြိမ်းချမ်းရေး ရစေချင်တယ်။”

အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ငြိမ်းချမ်းရေးအတွက် အရင်တုန်းကလည်း ဆွေးနွေး ညှိနှိုင်းမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့တာကြောင့် အခုတခါ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ရင်ကော ဘယ်လိုများ ကွာခြားနိုင်မှာလဲ ဆိုတဲ့မေးခွန်းကိုတော့ ဦးသိန်းညွှန့်က အခုလိုပြောပါတယ်။

“အရင်တုန်းက ကျနော်တို့ ပြောရတယ်ဆိုတာ လွှတ်တော်ထဲကပြောရတာမှ မဟုတ်ဘဲ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားခဲ့တာပဲ။ ဒါ ၂၂ နှစ်လုံးလဲ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲ လုပ်မှမလုပ်နိုင်ခဲ့ပဲ။ အဲဒီနည်းတွေနဲ့ ကျနော်တို့ ၂၂ နှစ် နောက် ကျနော်တို့ရဲ့ ရည်ရွယ်ချက် ဘယ်လောက်ပဲ မွန်မြတ်မွန်မြတ်၊ ကျနော်တို့ လုပ်နည်းလုပ်ဟန်က ယုံကြည်မှု မတည်ဆောက်နိုင်တဲ့အတွက် ဒါတွေကို ကျနော်တို့ အောင်မြင်အောင် မလုပ်နိုင်ခဲ့ဘူး။ အဲဒီတော့ အပြင်မှာ ပြောနေဆိုနေတာထက်ကို လွှတ်တော်ထဲကနေ နည်းလမ်းရှာပြီးတော့ ကျနော်တို့ ဥပဒေကြောင်းအရ ဆောင်ရွက်တာက ပိုထိရောက်မယ်လို့ ကျနော် သဘောထားပါတယ်။”

ဥရောပအခြေစိုက် မြန်မာ့ရေးရာရုံးက ဦးဟန်ညောင်ရွှေကတော့ အခု အသစ်ထွက်ပေါ်လာမယ့် လွှတ်တော်တွင်း တိုင်းရင်းသားကိစ္စတွေကို ဆွေးနွေးတဲ့ခါမှာ စစ်မှန်တဲ့ ညှိနှိုင်းမှု အနှစ်သာရတွေ ထွက်ပေါ်လာနိုင်ဖို့အတွက် ဘယ်အကြောင်းအရာတွေကို ဆွေးနွေးဖို့ အဓိကကျသလဲ ဆိုတာ အခုလို ပြောပြပါတယ်။

“တကယ်ကတော့ အရင်တုန်းက အပစ်အခတ်ရပ်စဲမှု လုပ်သွားပေမဲ့ တပ်မတော်အနေနဲ့ ဘာမှ မဆွေးနွေးခဲ့ပါဘူး။ သူတို့ပြောတာက ဒီလိုပဲ ငြိမ်ငြိမ်နေပါ။ နောက်မှပဲ ဆွေးနွေးပါ ပြောထားတယ်။ ဆိုတော့ အခုက တကယ်ပဲ ရွေးကောက်ခံရတဲ့အမတ်တွေကို ဆွေးနွေးခွင့်ပေးတယ် ဆိုရင် အခုလက်ရှိ တိုင်းရင်းသားပြည်နယ်တွေမှာက စစ်တပ်က ချထားတာက ပြည့်နေတာပဲ။ ပြီးတော့မှ တပ်မတော်ဘက်က ရုတ်သိမ်းဖို့လိုမယ်။ ဒီ ကိုယ်တိုင်ပြဌာန်းခွင့် မရတာတို့ ဘာတို့။ အဲဒါကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးပြီးမှ အဖြေရှာမယ်ဆိုရင် တိုက်ပွဲတွေဘာတွေ အဖြေရနိုင်ပါတယ်။”

တဆက်တည်းမှာပဲ Human Rights Watch ခေါ် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က မြန်မာ့အရေး သုံးသပ်သူ David Matheison ကတော့ ဘယ်လို အစိုးရမျိုးတက်တက် ပြဿနာရဲ့ အရင်းအမြစ်ကို မကိုင်တွယ် မဖြေရှင်သ၍ ကျေအေးမှုကို ရမှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“စစ်အစိုးရပဲဖြစ်ဖြစ် စစ်တပ်ကကြီးစိုးတဲ့ လွှတ်တော်ပဲဖြစ်ဖြစ် တကယ်ပဲ အရပ်သားဦးဆောင်တဲ့ စစ်မှန်တဲ့လွှတ်တော်ပဲ ဖြစ်ဖြစ် တိုင်းရင်းသား အရေးကိစ္စကို ဖြောင့်မတ်ပွင့်လင်းစွာနဲ့လေးလေးနက်နက် ဆွေးနွေးညှိနှိုင်းဖို့လိုအပ်ပါတယ်။ တိုင်းရင်းသားတွေရဲ့ လိုလားတောင်ဆိုမှု၊ ဒေသဖွံ့ဖြိုးရေး၊ တိုင်းရင်းသား ဘာသာစကား အခွင့်အရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့အနှစ် လေး-ငါးဆယ် မြန်မာနိုင်ငံတွင်းမှ အာဏာရအစိုးရက တခါမှ လေးလေးနက်နက် ဆွေးနွေးညှိနှိုင်းတာ မရှိခဲ့ဘဲနဲ့ အင်အားသုံး ဖြေရှင်းလာခဲ့တာပါ။”

တိုင်းရင်းသားအရေးလို့ ဆိုရာမှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ ဒီအဖွဲ့တွေရဲ့ နိုင်ငံရေးအဖွဲ့၊ အပစ်ရပ်အဖွဲ့၊ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေ စသဖြင့် အဖွဲ့အသီးသီး ရှိနေကြတာကြောင့် ညှိနှိုင်းဆွေးနွေးမှု စကားဝိုင်းပေါ်မှာ အဖွဲ့တွေ အားလုံးပါဝင်တဲ့ ညှိနှိုင်းဆွေးနွေးမှုမျိုး ဖြစ်ဖို့ အရေးကြီးတယ်လို့လည်း မစ္စတာ David Matheison က ပြောခဲ့ပါတယ်။

XS
SM
MD
LG