သုံးရလွယ်ကူစေသည့် Link များ

ပန်းချီ မောင်မောင်သိုက် ကွယ်လွန်

  • မသင်းသီရိ

မြန်မာနိုင်ငံထဲက ၀ါရင့်ပန်းချီဆရာ မောင်မောင်သိုက်ဟာ ဒီကနေ့ နေ့လယ် ၁၂ နာရီကျော်က အသည်းရောဂါနဲ့ ကွယ်လွန်သွားပါပြီ။ ပန်းချီဆရာ မောင်မောင်သိုက်ဟာ ကွယ်လွန်ချိန်မှာ အသက် ၆၆ နှစ်ရှိပြီဖြစ်ပြီး သရုပ်ဖော်ပန်းချီတွေကို နှစ်ပေါင်း ၄၀ ကျော်ကြာ ရေးဆွဲခဲ့သူတဦးလည်း ဖြစ်ပါတယ်။ အပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။

ရန်ကုန်တိုင်း တာမွေမြို့နယ်ထဲက ရွှေဗဟိုဆေးရုံမှာ အသည်းရောဂါကြောင့် ဆေးရုံတက် ဆေးဝါးကုသမှု ခံနေတဲ့ ပန်းချီဆရာမောင်မောင်သိုက်ဟာ ဒီကနေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဆရာဟာ သရုပ်ဖော်ပန်းချီတွေကို ရေးဆွဲရင်း မြန်မာ့ပန်းချီလောကထဲကို ၀င်လာတာဟာ မကွယ်လွန်ခင် အချိန်ထိဆိုရင် နှစ်ပေါင်း ၄၅ နှစ်ကျော်ရှိခဲ့ပါပြီ။ ပန်းချီဆရာမောင်မောင်သိုက်ဟာ သရုပ်ဖော်ပန်းချီလောကထဲမှာ ခေတ်တခေတ်ကို ဆန်းသစ်နိုင်ခဲ့သူတဦးလည်း ဖြစ်ခဲ့သလို အခုအချိန်မှာ သရုပ်ဖော်ပန်းချီဆရာတွေ မရှိသလောက်ကို ရှားပါးနေတာမို့ ဆရာ ကွယ်လွန်သွားတာဟာ ပန်းချီလောက ထဲမှာ အစားထိုးမရနိုင်လောက်တဲ့ ဆုံးရှုံးမှုတခု ဖြစ်ပါတယ်လို့ ပန်းချီဆရာကိုစိုးဝင်းငြိမ်းက ဆိုပါတယ်။

“မြန်မာစာလက်ရေးနဲ့၊ အဲဒီလိုဟာတွေနဲ့ပတ်သက်ပြီးတော့မှ အကောင်းဆုံး လှလှပပ ရေးနိုင်သူဖြစ်တယ်။ သူလိုလက်ရေးမျိုးကလည်း ရှားရှားပါးပါး ပါ။ နောက်ပြီးတော့ သူ့ရဲ့ မျက်နှာဖုံးသရုပ်ဖော် ပန်းချီတွေ ကလည်း နှစ်ကာလတော်တော်များများအထိ လူတွေ စွဲမက်စေခဲ့ပါတယ်။ နောက်တခုက သရုပ်ဖော်ပန်းချီကို သူက မြတ်မြတ်နိုးနိုးနဲ့ သေတပန်သက်တဆုံး သစ္စာထားပြီး ရေးဆွဲသွားသူတယောက်ပေါ့။ သရုပ်ဖော် ပန်းချီလောက အတွက်ကတော့ တကယ့် ၀မ်းနည်းစရာ ကောင်းပါတယ်။ နှမြောဖို့ကောင်းပါတယ်။ သရုပ်ဖော် ပန်းချီရေးတဲ့ သူတွေကလည်း အတော်ကို နည်းနေကြပြီ။ သူတို့ခေတ်ကာလက ပန်းချီကားတွေ သိပ် အရောင်းအ၀ယ် ဖြစ်တဲ့ ကာလမဟုတ်ပါဘူး။ နောက်ပိုင်းမှာ ပန်းချီကားတွေ ရေးဖြစ်ပါတယ်။ သူက တကယ်တမ်းဆိုရင်တော့ ပန်းချီကို တကယ် မြတ်မြတ်နိုးနိုး ရေးတဲ့သူတယောက်လို့ ကျနော် မှတ်ချက်ချ ချင်ပါတယ်။”

ဆရာမောင်မောင်သိုက်ဟာ ငယ်စဉ်ကတည်းက ပန်းချီဆွဲတာကို ၀ါသနာပါခဲ့သူဖြစ်ပြီး ဖခင်ဖြစ်သူ ရွှေပန်းတိမ်ဆရာ ဦးလွင်နဲ့ ပန်းချီဆရာကြီး ဦးကြည်ဆီမှာ ဒီပညာကိုလေ့လာဆည်းပူးရင်း ပန်းချီလောက ထဲကို ၀င်လာခဲ့တာဖြစ်ပေမဲ့ ပန်းချီကျောင်းဆင်းတယောက်တော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံထဲက မဂ္ဂဇင်း၊ ၀တ္ထုတိုတွေနဲ့အတူ ပိုစတာတွေတော်တော်များများမှာ ပန်းချီဆရာမောင်မောင်သိုက်ရဲ့ သရုပ်ဖော်ပန်းချီ လက်ရာတွေကို အများအပြားတွေ့ရမှာ ဖြစ်တယ်လို့ ပန်းချီဆရာမ မမွှေး က ပြောပါတယ်။

“သူ ဆွဲတာများတာကတော့ အလှအပ အချစ်နဲ့ပတ်သက်တာလေးတွေ၊ အလှအပလေးတွေ။ သူ့ရဲ့ အရောင်လေးတွေကအစ အကုန် ချစ်စရာကောင်းတယ်။ တခြားအရောင်တွေနဲ့ မတူဘူးပေါ့။ သူ့အရောင်လေးတွေက ဖန်စီလည်းဖြစ်တယ်။ ချစ်စရာလေးလည်း ကောင်းတယ်။ မိန်းကလေးတွေ ဆိုရင်လည်း လှလှပပလေး ဆွဲနိုင်တယ်။ အဲဒီလိုမျိုး သူ့ရဲ့ အားသာချက်ပေါ့။ သူက တခေတ်လို့ ပြောလို့ရပါတယ်။ ဘယ်စာအုပ်ကိုကြည့်လိုက်ကြည့်လိုက် ရာခိုင်နှုန်းအတော်များများက ကိုမောင်မောင်သိုက်ရဲ့အဖုံးနဲ့ လွတ်တယ်ဆိုတာ သိပ်မရှိဘူးပေါ့နော်။ အဲဒီလိုတော့ ကျမ ပြောနိုင်ပါတယ်။ ဒါပေမဲ့ သူ တကယ်နှစ်သက်တာက သရုပ်ဖော်ပန်းချီကိုတော့ သူ အရမ်းနှစ်သက်တယ်။ ဆိုတော့ သူ ဘယ်တော့မှ ဒီအလုပ်ကို မရပ်ဘူးပေါ့နော်။ အမြဲတမ်း သရုပ်ဖော်ပန်းချီကို ရေးဆွဲသွားမယ်လို့ သူ အမြဲတမ်းပြောတယ်။ သူ့ကို လူတိုင်းကလည်း ချစ်ခင်ကြတယ်လေ။ ပန်းချီဆရာအချင်းချင်းပဲဖြစ်ဖြစ် အခြား စာပေလောကက စာပေသမားတွေကပဲ ဖြစ်ဖြစ် ကိုမောင်မောင်သိုက်ကိုဆိုရင် အားလုံးက ချစ်ကြတယ်။ ကျမတို့ကအစပေါ့နော်။ ကျမတို့ ဆရာဆိုလည်း ဟုတ်တယ်။ အစ်ကိုဆိုလည်း ဟုတ်ပါတယ်။ သူတို့ကိုကြည့်ပြီး ကျမလည်း ငယ်ငယ်က အားကျခဲ့တာပေါ့လေ။ ကျမလည်း ဆရာ့လိုပဲ သရုပ်ဖော်ပန်းချီတွေ ရေးဆွဲသွားချင်ပါတယ်။”

ပန်းချီဆရာမ မမွှေး ပါ။ ပန်းချီဆရာမောင်မောင်သိုက်ဟာ ၁၉၄၆ ခုနှစ်ကဖွားမြင်ခဲ့သူ ဖြစ်ပြီး ရန်ကုန်ဇာတိ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ပန်းချီဆွဲတာကို ၀ါသနာပါခဲ့သူဖြစ်သလို ၁၉၆၅ ခုနှစ်လောက်က စပြီး သရုပ်ဖော်ပန်းချီတွေကို ရေးဆွဲရင်း ပန်းချီလောကထဲကို ၀င်ရောက်ခဲ့သူတဦးဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ်လောက်ကနေ အခု မကွယ်လွန်ခင် ၂၀၁၁ ခုနှစ်အထိ ပန်းချီပြပွဲပေါင်း ၇၅ ခုမှာ ဆရာမောင်မောင်သိုက်ရဲ့ ပန်းချီတွေကိုပြသခဲ့ပါတယ်။ ပန်းချီဆရာမောင်မောင်သိုက်ဟာ ရန်ကုန် ကျောက်မြောင်းမှာ နေထိုင်သူဖြစ်ပြီး သူ ကွယ်လွန်ချိန်မှာ အသက် ၆၆ နှစ်ရှိပြီဖြစ်ပြီး သားတယောက် သမီးတယောက်ရှိတဲ့ ဖခင်တဦးလည်းဖြစ်ပါတယ်။

XS
SM
MD
LG