သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ အလှည့်ကျဥက္ကဌသစ် လူ့အခွင့်အရေး ဦးစားပေးဆောင်ရွက်မည်


Indonesia's Foreign Minister Marty Natalegawa (File)
Indonesia's Foreign Minister Marty Natalegawa (File)

အင်ဒိုနီးရှားအစိုးရဟာ အာဆီယံမှာ လူ့အခွင့်အရေးကိစ္စကို ဦးစားပေး လုပ်ငန်းတစ်ရပ်ဖြစ်အောင် ဆောင်ရွက်မယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဂျာကာတာ မြို့ကနေ ဗွီအိုအေ သတင်းထောက် Brian Padden က သတင်းဆောင်းပါး တပုဒ် ပို့ထားတာကို ဦးတင်မောင်သန်း က တင်ပြထားပါတယ်။

ဒီနှစ်မှာ အင်ဒိုနီးရှားနိုင်ငံက အာဆီယံ ဥက္ကဌ ဖြစ်လာတော့မှာပါ။ အာဆီယံမှာ လူ့အခွင့်အရေးကိစ္စကို ထိပ်တန်း ဦးစားပေးလုပ်ငန်းဖြစ်အောင် ဆောင်ရွက်မယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က ပြောပါတယ်။အာဆီယံက လူ့အခွင့်အရေးကို လေးစားဖို့ ပိုင်းဖြတ်ထားကြောင်း ပြသဖို့အတွက် ဖွဲ့စည်းထားတဲ့ အာဆီယံ လူ့အခွင့်အရေး ကော်မရှင်ဟာ သူ့အလုပ်တွေကို ၂၀၁၁ မှာ ထိထိရောက်ရောက် ပို လုပ်နိုင်လိမ့်မယ်လို့ အင်ဒိုနီးရှားနိုင်ငံက မျှော်လင့်ထားကြောင်း သူက ပြောသွားတာပါ။

အာဆီယံ ဥက္ကဌ နေရာကို အဖွဲ့ဝင် နိုင်ငံတွေက နှစ်စဉ် အလှည့်ကျ ထမ်းဆောင်ကြပါတယ်။
အာဆီယံထဲမှာ လူ့အခွင့်အရေးကို အလေးထားမယ် ဆိုတာဟာ အတိတ်နဲ့ မတူတဲ့ အဓိက အပြောင်းအလဲ ဖြစ်ပါတယ်လို့ စင်္ကာပူနိုင်ငံ အရှေ့တောင် အာရှ လေ့လာရေးဌာနက ပိုင်းခြား သုံးသပ်သူ Pavin Chachavalpongpun က ပြောပါတယ်။ လွတ်လပ်စွာ ကုန်သွယ်ရေးနဲ့ ဒေသဆိုင်ရာ လုံခြုံရေး မြှင့်တင် ဆောင်ရွက်တာမျိုးလို ကိစ္စတွေမှာ အာဆီယံအဖွဲ့အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီချက် ရရှိ အောင်မြင်ခဲ့တယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေး ကိစ္စလို ထိပ်တိုက်တွေ့စရာအကြောင်းတွေကို တင်ပြလာရင် အဖွဲ့ဝင် နိုင်ငံတွေရဲ့ ပြည်တွင်းရေးကိစ္စ ဝင်မစွက်ဖက်ရေး ဆိုတဲ့ အာဆီယံမူကို ထိခိုက်စေတယ်လို့ တချို့ က မြင်ကြကြောင်း သူက ပြောပါတယ်။

“နိုင်ငံတွေက သူတို့တိုင်းပြည် အကျိုးစီးပွားကို မထိခိုက်သရွေ့တော့ ဒီကိစ္စတွေကို ပြောဖို့ဆိုဖို့ ဝမ်းမြောက်ကြပါတယ်။ ဒါပေမဲ့လည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလို ကိစ္စမျိုးဆိုရင်တော့ မလွယ်ပါဘူး။ တကယ်ဝန်ခံရရင်တော့ အာဆီယံတိုင်းပြည်အားလုံဟာ ဒီမိုကရေစီတိုင်းပြည်တွေ မဟုတ်ကြပါဘူး။”

အာဆီယံ ၁၀ နိုင်ငံအကြားမှာ လာအို နဲ့ ဗီယက်နမ် တို့က ကွန်မြူနစ်ပါတီက ဦးဆောင်တဲ့ တစ်ပါတီ အစိုးရတွေ ဖြစ်ကြပါတယ်။ မြန်မာစစ်အစိုးရ ကိုတော့ ကမ္ဘာမှာ အဖိနှိပ်ဆုံး အစိုးရတွေထဲက အစိုးရ တရပ်အဖြစ် လူ့အခွင့်အရေး အဖွဲ့တွေက ရှုမြင်ကြပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကြောင့် လူ့အခွင့်အရေး ကိစ္စက အာဆီယံ အတွင်းမှာ ထိပ်တက်လာခဲ့ပြန်ပါတယ်။ စစ်တပ် အာဏာ ဆက်လက် တည်မြဲအောင် နိုင်ငံတော် အလိုကျ စီမံလုပ်ဆောင်ထားတဲ့ ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ အစိုးရကို ဝေဖန်ကြသူတွေက ပြောကြပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မကိုင်တွယ်တဲ့အတွက် အာဆီယံကို လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ခဲ့ကြပါတယ်။ တကယ်လို့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အာဆီယံအနေနဲ့ အလေးအနက် ထားလိုတယ် ဆိုရင်တော့ မစွက်ဖက်ရေးမူကို ဖျက်ပစ်ဖို့ လိုပါတယ်လို့ Chachavalpongpun က ဆိုပါတယ်။

“အာဆီယံအနေနဲ့ အရေးယူအပြစ်ပေးမှုပုံစံမျိုးထားရှိရေး ဆွေးနွေးကိုင်တွယ်ဖို့ အချိန်ကျနေပြီလို့ ကျနော်ထင်ပါတယ်။ အဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပစ်တာမျိုး ဖြစ်ဖြစ်ပေါ့။ အဖွဲ့ဝင်နိုင်ငံ တခုခုအနေနဲ့ စည်းမျဉ်းဥပဒေအတိုင်း လိုက်နာဆောင်ရွက်ရမယ်၊ ဒါမှမဟုတ်ရင် အဲဒီ အဖွဲ့ဝင်ကို ထိထိရောက်ရောက် ဖြစ်အောင် အရေးယူ ကိုင်တွယ်ရမယ် ဆိုတာမျိုး ရှိရပါမယ်။”

အာဆီယံအတွင်းမှာ လူ့အခွင့်အရေးကိစ္စကို အလေးထားဖို့အတွက် သူ့နိုင်ငံက ပိုင်းဖြတ်ချက် ဖြစ်ပေါ်လာအောင် မနှစ်တုန်းက မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အခြေအနေတွေက လုပ်ခဲ့တာပါလို့ နိုင်ငံခြားရေး ဝန်ကြီး Natalegawa က ဆိုပါတယ်။ ဥပမာ ဆိုရင် မဲပေးပြီးတဲ့နောက် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့ပါတယ်လို့ သူက ပြောပါတယ်။

“ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မြန်မာနိုင်ငံတွင်းမှာ အရေးကြီးတဲ့ဖြစ်ပေါ် ပြောင်းလဲမှုတွေ ရှိခဲ့ပါတယ်။ ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ အားလုံးထဲမှာ အရေးကြီးဆုံးက ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတာပါ။ အာဆီယံအနေနဲ့ ရှေ့အတွက် စဉ်းစားဖို့ဆိုရင်တော့ အဲဒီ အရေးကြီးတဲ့ ဖြစ်ပေါ်တိုးတက်မှု အချက်နှစ်ချက်ကို ပြန်ပြီး သုံးသပ်ရပါမယ်။ ပြန် ထည့်တွက် စဉ်းစားရပါမယ်။ ၂၀၁၁ ခုနှစ်အတွင်း မြန်မာကိစ္စကို အဆုံးသတ်နိုင်ဖို့အတွက် မြန်မာနိုင်ငံတွင်း တိုးတက်ဖြစ်ထွန်းမှုတွေ ရှိလာအောင် ကျနော်တို့ ဘယ်လောက် လုပ်နိုင်မလဲ ထည့်တွက်ရပါမယ်။”

အပြစ်ကျူးလွန်သူတွေကို အပြစ်ပေးမယ့်အစား အင်ဒိုနီးရှား နိုင်ငံအနေနဲ့ ငြိမ်ငြိမ်သက်သက်နဲ့ သံတမန် နည်းလမ်းကို အသုံးပြုပြီး အားလုံး သဘောတူမျှအောင် ဆောင်ရွက်မယ်လို့ သူက ပြောပါတယ်။ ဒီနည်းနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက လူ့အခွင့်အရေးကို လေးစားလာအောင် ဆွဲဆောင်စည်းရုံးမယ်လို့ သူက ဆိုပါတယ်။

XS
SM
MD
LG