သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်စုတွေ့ဆုံ


အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး R.M. Marty M. Natalegawa (ယာ) မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံအပြီး သတင်းထောက်များနှင့် တွေ့ဆုံနေစဉ် (အောက်တိုဘာလ ၂၉၊ ၂၀၁၁)
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး R.M. Marty M. Natalegawa (ယာ) မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံအပြီး သတင်းထောက်များနှင့် တွေ့ဆုံနေစဉ် (အောက်တိုဘာလ ၂၉၊ ၂၀၁၁)

မြန်မာနိုင်ငံကို အလည်အပတ်သွားရောက်တဲ့ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ ဟာ စနေနေ့ညပိုင်း သူ့ရဲ့ ခရီးစဉ် အဆုံးမသတ်ခင်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

နှစ်ရက်ကြာ မြန်မာပြည်မှာနေထိုင်ခဲ့တဲ့ သူ့ရဲ့ခရီးစဉ်အတွင်း မစ္စတာ မာတီနာတာလီဂါဝါ ဟာ နေပြည်တော်ကို သွားရောက်ပြီး သမ္မတကြီး ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့် အပါအဝင် ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ပေးအပ်ရေးနဲ့ ပတ်သက်ပြီး လေ့လာဖို့ သွားရောက်ခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ အပြုသဘော ဆောင်ပြီး အရေးပါတဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေတာ တွေ့ခဲ့ရတယ်လို့ မြန်မာနိုင်ငံက မထွက်ခွာခင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ ပြည်တွင်းထုတ် Eleven News ဂျာနယ်ရဲ့ အွန်လိုင်းသတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

သူ့ရဲ့မြန်မာနိုင်ငံ ခရီးစဉ်အတွေ့အကြုံတွေကို အင်ဒိုနီးရှားနိုင်ငံသမ္မတ ဆူဆီလို ဘန်ဘန်း ယူဒိုယူနို နဲ့ တခြားအာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို မျှဝေသွားမှာဖြစ်တယ်လို့ မစ္စတာ နာတာလီဂါဝါက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားကြောင်း သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ကြီးရဲ့ အလှည့်ကျ လက်ရှိ ဥက္ကဋ္ဌတာဝန် ယူထားတဲ့နိုင်ငံ ဖြစ်ပါတယ်။

အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူရတဲ့ တိုင်းပြည်ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးကို ကိုယ်စားပြုရမှာဖြစ်သလို အမေရိကန်ပြည်ထောင်စုက ပါဝင်တက်ရောက်မယ့် အရှေ့အာရှညီလာခံ အပါအဝင် အရေးပါတဲ့ ညီလာခံတွေ၊ အစည်းအဝေးတွေကို တာဝန်ယူကျင်းပပေးရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စတာ ဒဲရက် မစ်ချဲဟာ မြန်မာနိုင်ငံကို ၂ လအတွင်း ဒုတိယအကြိမ်အဖြစ် လည်ပတ်ခဲ့ပါတယ်။

XS
SM
MD
LG