သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ အလှည့်ကျဥက္ကဋ္ဌဖြစ်ရေး အာဆီယံတွင်း ထောက်ခံမှုတိုး


မြန်မာ အလှည့်ကျဥက္ကဋ္ဌဖြစ်ရေး အာဆီယံတွင်း ထောက်ခံမှုတိုး
မြန်မာ အလှည့်ကျဥက္ကဋ္ဌဖြစ်ရေး အာဆီယံတွင်း ထောက်ခံမှုတိုး

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပနေတဲ့ (၁၉) ကြိမ်မြောက် အာဆီယံထိပ်သီး ညီလာခံမှာ လာမယ့် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံဟာ အာဆီယံအလှည့်ကျ သဘာပတိ တာဝန်ယူခွင့် ရမလား မရဘူးလားဆိုတဲ့ အဖြေထွက်လာဖို့ ရှိနေပါတယ်။ မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ သဘာပတိတာဝန်ယူဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်းပစ်ဆူဝမ် အပါအဝင် ဒေသတွင်း ခေါင်းဆောင်တချို့ရဲ့ အမြင်သဘောထားတွေကို ဒေါ်ခင်မျိုးသက် စုစည်းတင်ပြထားပါတယ်။

နိုဝင်ဘာလ ၁၇ ရက်ကနေ ၁၉ ရက်အတွင်းကျင်းပမယ့် (၁၉) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေဟာ သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့တဲ့ (၁၈) ကြိမ်မြောက် အာဆီယံ အစည်းအဝေးတုန်းက မြန်မာနိုင်ငံကအဆိုပြုခဲ့တဲ့ ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ သဘာပတိ နေရာယူရေးကိစ္စကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အာဆီယံ အလှည့်ကျ သဘာပတိလုပ်ဖို့ အဆိုပြုခဲ့ပြီးတဲ့ နောက်ပိုင်း မြန်မာအစိုးရသစ်အဖွဲ့ဟာ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေ လုပ်ပြလာခဲ့တာမို့ မြန်မာနိုင်ငံ အတွက် အခုလို ဆုပေးစနစ်မျိုးနဲ့ လုပ်ဆောင်နေတဲ့ အာဆီယံရဲ့ ချဉ်းကပ်မှုဟာ မှန်ကန်တယ်လို့ ထင်ပါသလား။ အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်း ပစ်ဆူဝမ်ရဲ့ အမြင်ကို ကြည့်ရအောင်ပါ။

“မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ အဆင့်ဆင့် ပြောင်းလဲမှုှတွေဟာ အာဆီယံ အဖွဲ့ကြီးရဲ့ တိုက်တွန်းမှုကြောင့် ဖြစ်လာတာလို့ အတိုင်းအတာတစ်ခု အနေနဲ့ အာဆီယံက ပြောနိုင်အားရှိတယ်လို့ ကျနော် ထင်ပါတယ်။ မြန်မာနိုင်ငံအတွက် အာဆီယံက ပံ့ပိုးမှုနဲ့ အားပေးခဲ့သလို တချို့နေရာတွေမှာ ပြောင်းလဲဖို့လိုနေတယ်လို့ ဖိအားတွေလည်း ပေးခဲ့ပါတယ်။ အာဆီယံဟာ မြန်မာအတွက် အရေးပါသလို မြန်မာနိုင်ငံကလည်း အာဆီယံအတွက် သိပ်ကို အရေးပါတာကို မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ သဘာပတိတာဝန်ယူရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေကနေ သိနိုင်ပါတယ်။ ဒါ့ကြောင့်လည်း မြန်မာနိုင်ငံ ကိုယ်တိုင်ကလည်း ပြုပြင်ပြောင်းလဲမှုတွေ အဆင့်ဆင့် လုပ်မယ်လို့ ကတိတွေ ပေးခဲ့တာပါ။ မြန်မာ အာဆီယံအလှည့်ကျ သဘာပတိလုပ်ဖို့အတွက် အာဆီယံအဖွဲ့ဝင်တွေရဲ့အမြင် သဘောထားနဲ့ ဘယ်လို စဉ်းစားကြတယ် ဆိုတာကိုလည်း ကြည့်ရဦးမှာဖြစ်ပြီး အပြောင်းအလဲ ဖြစ်လာတာတွေ အတွက်ကတော့ အာဆီယံအဖွဲ့ကြီးရဲ့ တိုက်တွန်းမှုကြောင့် ဖြစ်လာတာလို့ ပြောနိုင်ပါတယ်။”

မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ သဘာပတိနေရာ ယူရေးအတွက် အသင့်ဖြစ်မဖြစ် သိရအောင် အောက်တိုဘာလကုန်မှာ မြန်မာနိုင်ငံကို ကိုယ်တိုင်သွားရောက် စုံစမ်းလေ့လာခဲ့တဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ ခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ ကတော့ မြန်မာကို ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ သဘာပတိရာထူး ပေးလိုက်ရင် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ဒီထက်ပို တွေ့လာနိုင်တယ်လို့ ထင်မြင်ကြောင်း ပြောကြားခဲ့ပါတယ်။

မစ္စတာ ဆူရင်းပစ်ဆူဝမ်ကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြောင်းမပြောင်း အငြင်းပွားစရာမလိုဘူးလို့ ထင်မြင်ယူဆတဲ့အပြင် မြန်မာဘက်က ပြုပြင်ပြောင်းလဲလာတဲ့ ခြေလှမ်းတွေကြောင့် စစ်တပ်ဦးဆောင်တဲ့ မြန်မာအစိုးရအပေါ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အနောက်နိုင်ငံတွေအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတချို့ပါ လျှော့ချပေးဖို့ ဒီအစည်းအဝေးတွင်း ပြောဆိုမယ်လို့ မျှော်လင့်ထားကြောင်း မစ္စတာ ဆူရင်းကပြောပါတယ်။

“ကျနော် မြင်ရသလို သတိထားမိရသလောက်ကတော့ မြန်မာနိုင်ငံတွင်း လက်ဆုပ်လက်ကိုင် ပြနိုင်လောက်တဲ့ ပြောင်းလဲမှုနဲ့ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုလာနေကြပါပြီ။ နိုင်ငံတကာ အသိုင်းအဝိုင်း၊ အထူးသဖြင့် တကယ့်ကို ထဲထဲဝင်ဝင်စောင့်ကြည့်နေတဲ့ နိုင်ငံကြီးတွေဖြစ်ကြတဲ့ ဂျပန်၊ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေဘက်ကလည်း မြန်မာအစိုးရရဲ့ ပြောင်းလဲမှုနဲ့အညီ ပြန်လည် တုံ့ပြန်သွားကြဖို့ ကျနော် မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတချို့ လွှတ်ပေးခဲ့တာအပါအဝင် ဒီမိုကရေစီရေး ပြုပြင်မှု ခြေလှမ်းတွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံဘက်က ကြိုဆိုခဲ့ပေမဲ့ မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ရုတ်သိမ်းပေးရေးအတွက် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့၊ မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီထက်ပိုပြီး အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့လိုမျိုး ထင်သာတဲ့ လုပ်ဆောင်မှုတွေ ဆက်ပြီးလုပ်ဖို့အတွက် တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံ ၂၀၁၄ ခုနှစ်မှာ အာဆီယံသဘာပတိနေရာ ယူရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ကတော့ -

“ကျမ အမြဲပြောနေတဲ့စကား ရှိပါတယ်။ မြန်မာနိုင်ငံ အာဆီယံအလှည့်ကျ သဘာပတိဖြစ်လာရေးထက် ပိုပြီးအရေးကြီးတာက မြန်မာနိုင်ငံတွင်း နေထိုင်ကြတဲ့သူတွေရဲ့ လူမှုဘ၀ ထင်သာမြင်သာတဲ့ တိုးတက်မြင့်မားမှုတွေ ရှိလာဖို့၊ ဒါကိုပဲ ကျမက စိုးရိမ်ပါတယ်။” - လို့ ဗွီအိုအေ သတင်းထောက်ရဲ့အမေးကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသွားခဲ့ပါတယ်။

XS
SM
MD
LG