သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ဥက္ကဋ္ဌဖြစ်ရေး အာဆီယံဝန်ကြီးများ ထောက်ခံ


မြန်မာနိုင်ငံ ဥက္ကဋ္ဌဖြစ်ရေး အာဆီယံဝန်ကြီးများ ထောက်ခံ
မြန်မာနိုင်ငံ ဥက္ကဋ္ဌဖြစ်ရေး အာဆီယံဝန်ကြီးများ ထောက်ခံ

မြန်မာအစိုးရက ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ ကမ်းလှမ်းထားတဲ့ ကိစ္စကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူ ထောက်ခံလိုက်ကြပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ လေးရက်ကြာပြုလုပ်မယ့် အစည်းအဝေး အဖွင့်အဖြစ် အင်ဒိုနီးရှားနိုင်ငံ အပန်းဖြေအနားယူစခန်းဖြစ်တဲ့ ဘာလီကျွန်းမှာ ဒီကနေ့ အင်္ဂါနေ့ စတင် ဆွေးနွေးခဲ့ကြတာပါ။

အခုသီတင်းပတ်အကုန်ပိုင်းမှာ ၁၈ နိုင်ငံ ခေါင်းဆောင်တွေပါဝင်တဲ့ ထိပ်သီးအစည်းအဝေးကိုလည်း ဆက်လက်ကျင်းပဖို့ ရှိနေပါတယ်။

အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တဲ့အချက်က အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဖို့အတွက် ကြိုးပမ်းမှုအပေါ် အထောက်အကူ ဖြစ်စေခဲ့ပါတယ်။

အစည်းအဝေးမစတင်ခင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါက မြန်မာ အစိုးရအနေနဲ့ အခုသီတင်းပတ်အတွင်း အစောဆုံးထားပြီး အကျဉ်းကျနေဆဲ နိုင်ငံရေး အကျဉ်းသားတွေထဲက အကျဉ်းသားတချို့ကို ပြန်လွှတ်ပေးဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းအပေါ် ကြိုဆိုတဲ့ အကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌတာဝန်ယူဖို့ ၂၀၀၆ ခုနှစ်မှာ အလှည့်ကျခဲ့ပေမဲ့ နိုင်ငံတကာဖိအားကြောင့် အဲဒီအချိန်က တာဝန်မယူဘဲ အလှည့်ကျော်ပေးခဲ့ပါတယ်။

နိုင်ငံအက္ခရာစဉ်အရဆိုရင် ၂၀၁၄ ခုနှစ် အလှည့်ကျဥက္ကဋ္ဌအဖြစ် လာအိုနိုင်ငံက တာဝန်ယူရမှာ ဖြစ်ပေမဲ့ မြန်မာနိုင်ငံက ဥက္ကဋ္ဌတာဝန်ယူဖို့ အဆင်သင့်ဖြစ်ပြီဆိုပြီး တင်ပြခဲ့ပြီးတဲ့နောက် အာဆီယံနိုင်ငံတွေအကြား ပြောဆိုဆွေးနွေးတာတွေ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာနိုင်ငံတွင်းက လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေရဲ့ သဘောထားတွေကို လက်ရှိအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ရယူခဲ့တာ ဖြစ်ပါတယ်။

အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင်တဲ့ နိုင်ငံအနေနဲ့ အာဆီယံထိပ်သီးအစည်းအဝေး၊ မိတ်ဘက် နိုင်ငံတွေနဲ့ အစည်းအဝေး စတာတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရမှာဖြစ်ပါတယ်။

XS
SM
MD
LG