သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရရွေးကောက်ပွဲ ထင်သာမြင်သာရှိဖို့ ကုလသမဂ္ဂနဲ့ အမေရိကန်တိုက်တွန်း


အမေရိကန်နဲ့ မြောက်ကိုရီးယား နိုင်ငံတို့ဟာ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေပိုပြီးတော့ ဖြစ်လာနေတာနဲ့ ပတ်သက်ပြီး တဘက်နဲ့ တဘက် အပြန်အလှန် ဝေဖန်ပြစ်တင်လိုက်ကြပါတယ်။ ဗီယက်နမ်နိုင်ငံမှာကျင်းပနေတဲ့ ဒေသတွင်း လုံခြုံရေး ဆွေးနွေးပွဲအတွင်း အခုလို အပြန်အလှန် ဝေဖန်ပြစ်တင်လိုက်တာ ဖြစ်ပြီး၊ အဲဒီအစည်းအဝေးအတွင်းမှာ မြောက်ကိုရီးယားနိုင်ငံရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး အဓိကထားဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံကြား နျူးကလီးယား ရည်မှန်းချက်အပေါ် စိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဒီအစည်းအဝေးတွင်းမှာ ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗီအိုအေသတင်းထောက် Daniel Schearf ဟနွိုင်းမြို့ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ အန္တရာယ်ရှိပြီး၊ ရန်လိုတဲ့အပြုအမူတွေကို လုပ်ဆောင်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး အပါအဝင် အာရှပစိဖိတ်ဒေသနဲ့ အနောက်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်နေတဲ့ ဟနွိုင်းမြို့က နှစ်စဉ်အစည်းအဝေးအတွင်း ဝန်ကြီးကလင်တန်က အခုလို ပြောလိုက်တာပါ။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့မတ်လက တောင်ကိုရီးယား ရေတပ်သင်္ဘောကို တော်ပီဒိုနဲ့ ပစ်ခတ်ခဲ့တယ်လို့ အမေရိကန်အစိုးရနဲ့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။ အဲဒီပြစ်ခတ်တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၆ ယောက်သေဆုံးခဲ့ပါတယ်။ မြောက်ကိုရီးယားကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက်မဟုတ်ဘူးလို့ ဆိုပါတယ်။

ဂျပန်ပင်လယ်ထဲမှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက စီစဉ်ခဲ့တဲ့အပေါ်မှာ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ ဒီ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ အာရှဒေသတခုလုံးကို ခြိမ်းခြောက်နေတယ်လို့ ပြောလိုက်ပါတယ်။

တနင်္ဂနွေနေ့အတွက် ပြင်ဆင်ထားတဲ့ စစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အချုပ်အချာအာဏာကို ခြိမ်းခြောက်နေတာဖြစ်တယ်လို့ Ri Tong Il က သတင်းထောက်တွေကို ပြောကြားလိုက်ပြီး ဒါဟာ ၁၉ ရာစုရဲ့ စစ်သင်္ဘော သံတမန်ရေးနဲ့ တူတယ်လို့ ခိုင်းနှိုင်းလိုက်ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားရဲ့ တရားဝင်နာမည်ဖြစ်တဲ့ DPRK ဒါမှမဟုတ် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ လို့ ခေါ်ဆိုဖို့လဲ ပြောခဲ့ပါတယ်။

“ဒါဟာ ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံ အပေါ် ရန်လိုတဲ့ မူဝါဒတွေဖြစ်ပြီး၊ DPRK ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ ဒီ ခြိမ်းခြောက်မှု အပေါ်မှာ ပြန်ပြီးတော့ လက်တုံ့ ပြန်သွားရလိမ့်မှာ ဖြစ်ပါတယ်။”

နိုင်ငံပေါင်း ၂၆ နိုင်ငံနဲ့ ဥရောပသမဂ္ဂ ကိုယ်စားလှယ်တွေဟာ ဟနွိုင်းမြို့မှာ ကျင်းပတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံများရဲ့ ဒေသတွင်း အစည်းအဝေးမှာ တွေ့ဆုံခဲ့ကြပါတယ်။

ဝန်ကြီးအဆင့် အစည်းအဝေးတွေ အတွင်း ဒေသတွင်းလုံခြုံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားနဲ့ မြန်မာအရေးကိစ္စတွေကပဲ ဒီဆွေးနွေးပွဲအတွင်း လွှမ်းမိုးနေခဲ့ပါတယ်။ အစည်းအဝေးတွေအပြီး ပြောကြားရာမှာတော့ မြောက်ကိုရီးယား နိုင်ငံဘက်က ခြိမ်းခြောက်မှုတွေ ဆက်ပြီးတော့ လုပ်နေတာက အလွန်စိတ်ပျက်စရာကောင်းကြောင်း၊ အဲဒီလို လုပ်နေတဲ့အတွက် အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေကို တုန်လှုပ် ခြောက်ခြားမှုတွေ ဖြစ်စေတယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားဘက်က ရန်လိုတဲ့ လုပ်ရပ်တွေရှိပေမဲ့လဲ အမေရိကန်အစိုးရအနေနဲ့ သံတမန်ရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ကိစ္စကို လမ်းဖွင့်ထားဆဲဖြစ်တယ်လို့ သူကပြောပါတယ်။

“လွန်ခဲ့တဲ့ ၅ နှစ် ၂၀၀၅ ခုနှစ်တုန်းကလို ကိုရီးယားကျွန်းဆွယ်မှာ နျူးကလီးယား ဖျက်သိမ်းရေး ကိစ္စတွေကို သူတို့ဘက်က သန္ဒိဌာန် ချလုပ်ဆောင်သွားမယ် ဆိုရင်၊ တောင်ကိုရီးယားမှာတင် မဟုတ်ဘဲ မြောက်ကိုရီးယား ဘက်မှာပါ နျူးကလီးယား လက်နက် ကင်းစင်အောင် လုပ်သွားမယ်ဆိုရင် ကျမတို့ဘက်ကလဲ သူတို့နဲ့ တွေ့ဆုံဆွေးနွေး သွားချင်ပါတယ်။ ပြီးတော့ ပုံမှန်ဆက်ဆံရေး ဖြစ်အောင် တည်ဆောက်ပြီး၊ စီးပွားရေး အထောက်အကူတွေကိုလဲ ပေးသွားချင်ပါတယ်။ မြောက်ကိုရီးယား ပြည်သူတွေကို ကျမတို့ဘက်က အကူအညီပေးချင်ပါတယ်။”

မြောက်ကိုရီးယားနိုင်ငံရဲ့ နျူးကလီးယား နဲ့ သမာရိုးကျ လက်နက်တွေ ပြန့်ပွားအောင် လုပ်ဆောင်နေတာတွေက ဒေသတွင်းမှာ နျူးကလီးယား လက်နက် အပြိုင်အဆိုင် တပ်ဆင်တာတွေ ဖြစ်လာနိုင်တယ်လို့ ဝန်ကြီး ကလင်တန်က သတိပေးပါတယ်။ ဒါဟာ ဒီကနေ့ ကမ္ဘာကြီးရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲက တခုဖြစ်တယ်လို့ သူမက ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အကူအညီကိုယူပြီး နျူးကလီးယား လက်နက် တည်ဆောက်ဖို့ ကြိုးပမ်းနေတာမျိုး ဖြစ်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို နျူးကလီးယား မပြန့်ပွားရေး စာချုပ်အတိုင်း လိုက်နာဆောင်ရွက်ဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေက တိုက်တွန်းကြဖို့ဟာလဲ အရေးကြီးတယ်လို့ ဝန်ကြီးကလင်တန်က ပြောပါတယ်။

“ကျမအနေနဲ့ မြန်မာအစိုးရကို အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အာလုံးကို လွှတ်ပေးဖို့၊ အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့နဲ့ တိုင်းရင်းသား လူနည်းစုတွေအပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့ အပါအဝင် အများ လက်ခံနိုင်လောက်တဲ့ ရွေးကောက်ပွဲ ဖြစ်အောင် လုပ်ဖို့အတွက် တိုက်တွန်းပါတယ်။”

မြန်မာစစ်အစိုးရဟာ ဒီနှစ်အတွင်းမှာ ရွေးကောက်ပွဲကျင်းပဖို့ လုပ်ဆောင်နေပြီး ဒါဟာ ဆယ်စုနှစ် ၂ ခုအတွင်း ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပါတယ်။ ဒါပေမဲ့ ဝေဖန်သူတွေကတော့ ဒီရွေးကောက်ပွဲဟာ စစ်အစိုးရ သက်တမ်းရှည်ဖို့အတွက် လုပ်ဆောင်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

အခုသီတင်းပတ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က မြောက်ကိုရီးယားနိုင်ငံကို အရေးယူပိတ်ဆို့မှုအသစ်တွေလုပ်သွားဖို့ ကြေညာခဲ့သလို၊ အမေရိကန် လွှတ်တော်အမတ်တွေကလဲ မြန်မာနိုင်ငံကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတာကို သက်တမ်းတိုးမြှင့်ခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း ကျွန်းတွေကို သူပိုင်တယ် ငါပိုင်တယ်ဆိုပြီး အပြိုင်အဆိုင် ပြောဆိုနေတာတွေနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရဘက်က စေ့စပ်ဆွေးနွေးမှုတွေမှာ အကူအညီ ပေးသွားဖို့ ဆန္ဒရှိတယ်လု့ိ ဝန်ကြီးကလင်တန်က အာဆီယံ အစည်းအဝေးအတွင်းမှာ ပြောကြားခဲ့ပါတယ်။ တရုတ်၊ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ် နဲ့ ဗီယက်နမ်နိုင်ငံတို့ အားလုံးက ဒီကျွန်းတွေကို ပိုင်ဆိုင်တယ်ဆိုပြီး ပြောနေကြပါတယ်။

အခုလို အငြင်းပွားနေတဲ့အပေါ်မှာ အမေရိကန်အနေနဲ့ ကြားဝင် ကူညီဆောင်ရွက်ပေးဖို့ ဆန္ဒရှိကြောင်း၊ ဒါပေမဲ့ အမေရိကန် အစိုးရအနေနဲ့ ဘယ်နိုင်ငံရဲ့ တောင်းဆိုမှုကိုမှ ထောက်ခံသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အာဆီယံအစည်းအဝေးကလဲ သောကြာနေ့က ကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်ပြီး အဲဒီထဲမှာ မြန်မာနိုင်ငံမှာ အများလက်ခံနိုင်လောက်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မြောက်ကိုရီးယား နျူးကလီးယား စီမံကိန်းအပေါ် ဆွေးနွေးမှုတွေ ပြန်လုပ်သွားဖို့နဲ့ တောင်တရုတ် ပင်လယ်တွင်း ကျွန်းပိုင်နက် အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ စတာတွေ ပါဝင်နိုင်ဖွယ်ရှိပါတယ်။

တဆက်တည်းမှာပဲ မနေ့က သောကြာနေ့က ကုလသမဂ္ဂ ဌာနချုပ်မှာကျင်းပတဲ့ နေ့စဉ် ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂရဲ့ သဘောထားကို အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရသူ မက်တင် နဲဆားကီး (Martin Nesirky) က အခုလို ပြောပါတယ်။

“ရွေးကောက်ပွဲအတွက် အရေးကြီးတာက ထင်သာမြင်သာရှိဖို့နဲ့ သက်ဆိုင်သူတွေ အားလုံး ပါဝင်ဖို့ပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့လဲ လိုပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာအောင် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရုံးရဲ့ ကြားဝင်ကြိုးပမ်းမှုတွေကိုလဲ အားမလျော့ဘဲ ဆက်လက် ဆောင်ရွက်နေဆဲပါပဲလို့ မာတင် နဲဆားကီး က အခုလို ပြောပါတယ်။

“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးရဲ့ ကြိုးပမ်းမှုဟာ တဦးတယောက်တည်းက ကြိုးပမ်းတဲ့သဘော မဟုတ်ပါဘူး။ အများပြည်သူတွေရဲ့ အမြင်မှာ ကျနော်တို့ ဆောင်ရွက်နေတာတွေကို ထင်ထင်ရှားရှား တွေ့မြင်ကြတာမျိုး မဟုတ်ပါဘူး။ ကန့်လန့်ကာ နောက်ကွယ်ကနေ ကြိုးစားကြရတာမျိုးပါ။ ဒါကြောင့် တခါတလေ ရလဒ်က ခပ်မြန်မြန် တွေ့ချင်တွေ့ရမှာ ဖြစ်ပေမဲ့ တခါတလေတော့လဲ အချိန်ယူကြရပါတယ်။ ဒါပေမဲ့ ဘာပဲပြောပြော မြန်မာနိုင်ငံက ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ကတော့ ယုံကြည်ကိုးစားထိုက်တဲ့ ရွေးကောက်ပွဲ ကျင်းပဖို့လိုတယ်လို့ လူသိရှင်ကြား ပွင့်ပွင့်လင်းလင်း ပြောထားတာကတော့ သေချာပါတယ်။”

မြန်မာနိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲအပေါ်မှာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာရဲ့ သဘောထားတွေကို တင်ပြခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG