စနေနေ့က တရုတ်နိုင်ငံမှာ ပြီးဆုံးသွားတဲ့ အာရှအားကစားပွဲတော်မှာ မြန်မာနိုင်ငံအသင်းက ရွှေတံဆိပ် ၂ ခု အပါအဝင် စုစုပေါင်း ဆုတံဆိပ် ၁၀ ခု ရရှိခဲ့ပါတယ်။ မြန်မာအသင်းအတွက် ရွှေတံဆိပ်ဆုတွေကို ပိုက်ကျော်ခြင်းခတ် ပြိုင်ပွဲတွေမှာ ရခဲ့တာပါ။
အမျိုးသား ပိုက်ကျော်ခြင်း ဗိုလ်လုပွဲကို မြန်မာနဲ့ တောင်ကိုရီးယားအသင်းတို့ ကစားခဲ့ကြတာဖြစ်ပြီး အမျိုးသမီး ပိုက်ကျော်ခြင်း ဗိုလ်လုပွဲ ကိုတော့ မြန်မာအသင်းနဲ့ တရုတ်နိုင်ငံအသင်းတို့ ကစားခဲ့ကြတာဖြစ်ပါတယ်။ ဗိုလ်လုပွဲ ၂ ခုလုံးမှာ မြန်မာအသင်းတွေဖက်က ရွှေတံဆိပ်ရရှိခဲ့ပါတယ်။
ဘိလိယက်ထိုးပြိုင်ပွဲ၊ နဂါးလှေပြိုင်ပွဲနဲ့ ဝူရှုးပွဲတွေမှာလည်း မြန်မာအသင်းက ငွေတံဆိပ် ၅ ခုရရှိပါတယ်။ ဒါ့အပြင် ဘိလိယက်နဲ့ ပိုက်ကျော်ခြင်းခတ် ပြိုင်ပွဲတွေမှာလည်း မြန်မာက ကြေးတံဆိပ် ၃ ဆုရရှိခဲ့တဲ့အတွက် မြန်မာအသင်းက ရွှေ၊ ငွေ၊ ကြေး စုစုပေါင်း ၁၀ ခုရခဲ့တာပါ။
အာရှနိုင်ငံပေါင်း ၃၅ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ အာရှအားကစားပြိုင်ပွဲတွေမှာ တရုတ်နိုင်ငံက ဆုတံဆိပ်ပေါင်း ၄၁၆ ဆုနဲ့ ဆု အများဆုံး ရရှိတဲ့ နံပါတ် ၁ နိုင်ငံ ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံက ဆုအများဆုံးရတဲ့ ဇယားမှာ နံပါတ် ၂၁ ချိတ်ပါတယ်။