သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသမီးကိုယ်စားလှယ် CEDAW ညီလာခံတက်ရောက်


ကျားမရေးရာတန်းတူညီမျှရေးကွန်ယက် ရဲ့ညွန်ကြားရေးမှူး ဒေါ်မေစပယ်ဖြူ
ကျားမရေးရာတန်းတူညီမျှရေးကွန်ယက် ရဲ့ညွန်ကြားရေးမှူး ဒေါ်မေစပယ်ဖြူ

မြန်မာနိုင်ငံမှာ ဦးသိန်းစိန်အစိုးရလက်ထက် အတည်ပြုခဲ့တဲ့ မျိုးစောင့်ဥပဒေလိုမျိုး အမျိုးသမီးတွေကို ခွဲခြားဖိနှိပ်တဲ့ ဥပဒေတွေကို ပယ်ဖျက်ရေး အပါအဝင် ပဋိပက္ခဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် ပစ်မှတ်ထားတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အကာအကွယ်ပေးဖို့ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုဆိုင်ရာ ပပျောက်ရေး ကုလသမဂ္ဂ ညီလာခံကို တက်ရောက်လာတဲ့ မြန်မာအမျိုးသမီးအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဇူလိုင်လ ၄ ရက်နေ့မှာ စတင်ကျင်းပမယ့် CEDAW ညီလာခံအတွင်း ပြည်တွင်းအခြေစိုက် မြန်မာအမျိုးသမီးအဖွဲ့တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက မြန်မာအစိုးရနဲ့ စင်ပြိုင်ပြီး ပထမဆုံးအကြိမ် အစီရင်ခံစာ တင်သွင်းမှာ ဖြစ်ပါတယ်။ အရင်ကတော့ ပြည်ပအခြေစိုက် WLB အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကပဲ စင်ပြိုင်အနေနဲ့ အစီရင်ခံစာတင်သွင်းခဲ့ဘူးတာပါ။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြထားပါတယ်။

CEDAW လို့ခေါ်တဲ့ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုဆိုင်ရာ ပပျောက်ရေး သဘောတူညီချက် အရ မြန်မာအမျိုးသမီးတွေရဲ့အခြေအနေကို အရင် ဦးသိန်းစိန်အစိုးရ လက်ထက်ကတင်သွင်းထားတဲ့ အစီရင်ခံစာကို အခုကျင်းပမယ့် (၆၄) ကြိမ်မြောက် CEDAW ကော်မတီ ညီလာခံမှာ လက်ရှိ မြန်မာအစိုးရ ကိုယ်စား လှယ်အဖွဲ့က ရှင်းလင်းတင်ပြမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့အစီရင်ခံစာမှာ လိုအပ်နေတဲ့ အချက်အလက်တွေကို ဖြည့်စွက်တဲ့အနေနဲ့ အမျိုးသမီးနဲ့ လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေဘက်က လည်း စင်ပြိုင်အစီရင်ခံစာ တင်သွင်းကြမှာပါ။

မြန်မာအစိုးရအနေနဲ့ အမျိုးသမီးတွေအပေါ် ဖိနှပ်မှုဖြစ်စေတဲ့ ဥပဒေမျိုးတွေ ပယ်ဖျက်သင့်ကြောင်း ဂျနီဗာကို ရောက်ရှိနေတဲ့ ကျား/မ ရေးရာ တန်းတူညီမျှရေးကွန်ယက် ညွှန်ကြားရေးမှူး ဒေါ်မေစပယ်ဖြူက ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို ဖိနှိပ်ထားတဲ့ ဥပဒေလို့ ကျမတို့က ပြောတဲ့အခါမှာ လောလောလတ်လတ်ကတော့ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်ကပေါ့နော် အတည်ပြုပြဌာန်းလိုက်တဲ့ မျိုးစောင့်ဥပဒေလို့ လူသိများတဲ့ ဥပဒေလေးခုပေါ့ အဲတော့ အမျိုးသမီးတွေရဲ့ မွေးရာပါ လွတ်လပ်ခွင့်၊ သူတို့ရဲ့ ရွေးချယ်ခွင့်တွေကို ကျမတို့က ဥပဒေနဲ့ သိသိသာသာ ခွဲခြားပြီးတော့ ဖိနှိပ်တဲ့ ဥပဒေတွေ ဖြစ်တယ်လို့ ပြောလို့ရတယ်။ တကယ်တမ်းမှာ ဖိနှိပ်မှု မရှိသော်ငြားလည်း ကျမတို့ လက်ရှိ နိုင်ငံမှာရှိတဲ့ ဥပဒေတွေ မူဝါဒတွေကို ပြန်ကြည့်မယ်ဆိုရင် အမျိုးသမီးတွေအတွက် ကျား/မရေးရာ ရှုထောင့်ကနေ ထည့်သွင်းစဉ်းစားပြီးတော့ ရေးဆွဲထားတာ မဟုတ်ဘူးဆိုတာကို တွေ့ရတယ်ပေါ့။”

အထူးသဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာတောင် သမ္မတဖြစ်ခွင့် အရည်အချင်း သတ်မှတ်ချက်ဟာ အမျိုးသမီးတွေကို ခွဲခြားဖိနှပ်တဲ့သဘော ဖြစ်နေကြောင်း ဒေါ်မေစပယ်ဖြူ က ထောက်ပြပါတယ်။

“နောက်တခုကတော့ သမ္မတဖြစ်ဖို့ အရည်အချင်း သတ်မှတ်ချက်တွေရှိတယ်လေ။ အမျိုးသမီးတွေ သမ္မတမဖြစ်ရဘူးလို့ တိတိကျကျ ရေးသားဖော်ပြပြီးတော့ ကန့်သတ်ထားတာ မဟုတ်ပေမဲ့လည်း အမျိုးသမီးတွေအတွက် ခက်ခဲတဲ့ အရည်အချင်း သတ်မှတ်ချက်တွေကို ထည့်သွင်းထားတာဟာလည်း ကျား/မရေးရာ အမြင်မရှိတာလို့ ပြောလို့ရပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ စတင်ရေးဆွဲနေတဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တားဆီးရေးဥပဒေမှာ အမျိုးသမီးအားလုံးကို အပြည့်အ၀ ကာကွယ်ပေးတဲ့ အချက်တွေပါဝင်ဖို့ အထူး အရေးကြီးတယ်လို့ သူက ဆိုပါတယ်။

“တိုင်တန်းတဲ့ကိစ္စပေါ့ အဲဒါကို ကျမတို့က တိတိကျကျ စကားလုံးနဲ့ပြောရင်တော့ တရားမျှတမှုကို လက်လှမ်းမီမှု ရရှိမှု အခြေအနေပေါ့။ တကယ်တမ်းမှာ အမျိုးသမီးတွေဟာ သွားမတိုင်ဘူးဆိုတာ တိုင်ကြားဖို့အတွက် အတားအဆီးတွေ၊ အခက်အခဲတွေ အများကြီး ရှိတာကြောင့်လည်းဖြစ်သလို၊ နောက်တချက်ကတော့ အကြမ်းဖက်ခံရတဲ့အတွက်ကြောင့် အဲဒီအမျိုးသမီး ကိုယ်တိုင်ကပဲဖြစ်ဖြစ် သူ့ရဲ့မိသားစုဝင်တွေကပဲ ဖြစ်ဖြစ် တိုင်ကြားတဲ့အခါမှာ တိုင်ကြားတဲ့ အကြမ်းဖက်ခံရသူ အမျိုးသမီးနဲ့ အမျိုးသမီးရဲ့ မိသားစု ပတ်ဝန်းကျင် သူငယ်ချင်းတွေကို အကာအကွယ်ပေးထားနိုင်တဲ့ protection order လို့ခေါ်တဲ့ အကာအကွယ်ပေးရေး အမိန့်တွေ ကျမတို့နိုင်ငံမှာ မရှိဘူး။ အကြမ်းဖက်ခံရသူ အမျိုးသမီးကိုယ်တိုင်နဲ့ သူ့ရဲ့ ပတ်ဝန်းကျင်ဟာ အကြမ်းဖက်မှုတွေ ကြုံတွေ့နေရတယ်ဆိုတာကို သိပေမဲ့လည်း သွားတိုင်နိုင်တဲ့ အနေအထားမှာ မရှိဘူး။”

CEDAW ညီလာခံကို တက်ရောက်ဖို့ မြန်မာအမျိူးသမီးနဲ့ လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့ပေါင်း (၈) ဖွဲ့က ကိုယ်စားလှယ်တွေ ဂျနီဗာကိုရောက်ရှိနေပြီး တနင်္လာနေ့မှာ သူတို့ရဲ့အစီရင်ခံစာကို တင်သွင်းမှာဖြစ်ပါတယ်။ မြန်မာအစိုးရဘက်မှာတော့ နိုင်ငံခြားရေးဝန်ကြီးဌာနအပြင် လွှတ်တော်ဘက်က အမျိုးသမီးရေးရာ ဆောင်ရွက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဘက်က ကိုယ်စားလှယ်တွေ တက်ရောက်မှာဖြစ်ပြီး အစီရင်ခံစာကိုတော့ ဇူလိုင်လ (၇) ရက်နေ့မှာ တင်သွင်းမှာပါ။

ကုလသမဂ္ဂရဲ့ပဋိဉာဉ်စာချုပ်တခုဖြစ်တဲ့ CEDAW လို့ခေါ်တဲ့ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုဆိုင်ရာ ပပျောက်ရေး သဘောတူညီချက်ကို ၁၉၉၇ ခုနှစ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရက လက်မှတ်ရေးထိုးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG