သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုအချို့ သြစတြေးလျ လျှော့ချ


မြန်မာအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုအချို့ သြစတြေးလျ လျှော့ချ
မြန်မာအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုအချို့ သြစတြေးလျ လျှော့ချ

သြစတြေးလျနိုင်ငံက မြန်မာနိုင်ငံအပေါ်ချထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတချို့ကို လျှော့ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အတိုက်အခံတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ စပြီးတော့ ဖြစ်လာတဲ့အတွက် ငွေရေးကြေးရေးနဲ့ ခရီးသွားလာခွင့် ပိတ်ဆို့ ဟန့်တားမှုကို လျှော့ပေးလိုက်တာလို့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ သြစတြေးလျရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေကတော့ အခုလို လျှော့ပေးဖို့ အချိန်မတန်သေးဘူးလို့ ဝေဖန်လိုက်ပါတယ်။ အပြည့်စုံကို ဦးဝင်းမင်းက တင်ပြထားပါတယ်။

အမေရိကန်နဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဆက်ထိန်းထားဖို့ ပြောနေချိန်မှာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဘက်ကတော့ ပထမဆုံး အခုလို စ လျှော့ပေါ့ပေးဖို့ ဆုံးဖြတ်လာတာပါ။ မြန်မာနိုင်ငံကို မနှစ်က သွားလည်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင်ရက်ဒ် (Kevin Rudd) က မြန်မာနိုင်ငံထဲမှာ ဒီမိုကရေစီရေး ပိုပြီး ပွင့်ပွင့်လင်းလင်း ဆောင်ရွက်နိုင်ဖို့ အတိုက်အခံတွေ အနေနဲ့ နိုင်ငံရေးလုပ်ငန်းတွေမှာ ပိုမို ပါဝင်လှုပ်ရှားခွင့် ရလာတာ၊ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၂၀ ပြန်လွတ်လာတာနဲ့ အလုပ်သမား သမဂ္ဂတွေ တရားဝင်ဖွဲ့ဖို့ ခွင့်ပြုနိုင်မယ့် အလုပ်သမားဥပဒေသစ်တွေ ပြဌာန်းလာတာတွေဟာ တိုးတက်မှုတွေ ဖြစ်တာမို့ ဒီတိုးတက်မှုတွေ ဆက်လုပ်ပေးဖို့ အားပေးတဲ့အနေနဲ့ အခုလို လျှော့ပေါ့ပေးလိုက်တာ ဖြစ်တယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာ ပြောလိုက်ပါတယ်။

ဒီနေ့ ထုတ်ပြန်ခဲ့တဲ့ သြစတြေးလျ ဝန်ကြီးဌာနရဲ့ ဒီကြေညာချက်ထဲမှာ အခုလို လျှော့ပေးတဲ့အနေနဲ့ မြန်မာအစိုးရသစ်ထဲက လူတွေကို ၂၀၀၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှု ဖိနှိပ်မှုပြီးကတည်းက စ ချမှတ်လာခဲ့တဲ့ ငွေရေးကြေးရေးနဲ့ ခရီးသွားလာခွင့် ဆိုင်ရာ ပိတ်ပင်စာရင်းထဲမှာ မထည့်သွင်းတော့ဘူး၊ အစိုးရဟောင်းမှာ ပါခဲ့သူတွေကိုလည်း ဒီစာရင်းထဲကနေ ပယ်ဖျက်လိုက်ပြီလို့ ဆိုပါတယ်။ ပယ်ဖျက်လိုက်တဲ့ သူတွေထဲမှာ နိုင်ငံခြားခရီးသွားလုပ်ငန်းက အရာရှိတွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ အရင် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတစ်ခုဖြစ်တဲ့ လက်နက် မရောင်းချရေး ပိတ်ပင်ထားမှုကိုတော့ ဆက်ထိန်းထားဦးမှာ ဖြစ်တယ်လို့ ဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဝန်ကြီး ရက်ဒ် က မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး ပိုလုပ်လာတာနဲ့အမျှ ဒီ ပိတ်ဆို့မှုတွေကို ဆက်လက်ပြီး ပြန်လည် သုံးသပ် လျှော့ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သြစတြေးလျနိုင်ငံမှာ မြန်မာ့အရေး ဆောင်ရွက်နေသူတစ်ဦးဖြစ်တဲ့ ဒေါက်တာ မြင့်ချိုကတော့ အခုလို လျှော့ပေါ့ပေးဖို့ အချိန်မတန်သေးဘူးလို့ ဝေဖန်လိုက်ပါတယ်။

“လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေလည်း မလွှတ်ပေးသေးဘူး။ တိုင်းရင်းသား လူမျိုးစုတွေကိုလည်း စစ်တွေတိုက်ခိုက်နေတာတွေလည်း သေချာ မရပ်သေးဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း အများကြီး မတိုးတက်သေးဘဲနဲ့ အခုလို ပစ်မှတ်ထား ပိတ်ဆို့ဟန့်တားမှုကို ရုပ်သိမ်းတဲ့ကိစ္စကတော့ ဒါ အချိန်မတန်သေးဘူးလို့ စောလွန်းတယ်လို့ ကျနော်တို့ ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ သြစတြေးလျအစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့်၊ နိုင်ငံရေး အကျဉ်းသားတွေကို ဆက်ပြီး ထိန်းသိမ်းထားတာကြောင့်၊ တိုင်းရင်းသားတွေကို စစ်ဆင်နေတာကြောင့် sanction လို့ခေါ်တဲ့ ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်မှုကို ချထားတာဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ ဒါတွေကို ပြုပြင်ပြောင်းလဲမှုတွေ မလုပ်သေးဘဲနဲ့ အခုလိုမျိုး ရုပ်သိမ်းဖို့စဉ်းစားတဲ့ ကိစ္စကိုတော့ဖြင့် ကျနော့်အနေနဲ့ လုံး၀ မထောက်ခံပါဘူး။”

သြစတြေးလျနိုင်ငံ မြန်မာ့ရေးရာရုံး ညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ ဒေါက်တာမြင့်ချိုက အခုလို လျှော့ပေးတာကို အံ့သြမိတယ်လို့ ဆိုပါတယ်။

“ကျနော့်အနေနဲ့ တစ်ခုအံ့သြတာက မကြာသေးခင်က ဘာလီမှာပြုလုပ်သွားတဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲမှာ သြစတြေးလျ ဝန်ကြီးချုပ် ဂျူလီယာဂေးလပ် က အခု အပြောင်းအလဲတွေ ဖြစ်နေတဲ့အပေါ်မှာတော့ ကြိုဆိုတယ်။ ဒါပေမဲ့ တကယ့်ကို ဒီမိုကရေစီရေးကို ရှေ့ရှုတဲ့ အပြောင်းအလဲတွေ ခိုင်ခိုင်မာမာ မတွေ့မချင်းတော့ ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်တဲ့ ကိစ္စတွေကို ရုပ်သိမ်းမှာမဟုတ်ဘူး။ နောက်… အပြောင်းအလဲတွေ မဖြစ်ဘူးဆိုရင် မြန်မာနိုင်ငံမှာ အာဆီယံ ထိပ်သီးစည်းဝေးပွဲတောင်မှ တက်ချင်မှတက်မယ် ဆိုပြီးတော့ ပြတ်ပြတ်သားသား ပြောထားတာရှိပါတယ်။

“အဲဒီတော့ ပြီးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးတယ်ဆိုတာကလည်း ၃၄ ယောက်လောက်ပဲ ရှိတဲ့အခါကျတော့ ဝန်ကြီးချုပ် ပြောစကားအရဆိုရင် ဒါဟာ ဘယ်လိုမှ အလျှော့ပေးသင့်တဲ့ အခြေအနေ မဟုတ်ဘူးလို့ ကျနော်တို့ ယူဆတယ်။”

ဒေါက်တာမြင့်ချို ကပဲ မြန်မာနိုင်ငံမှာ အချို့စဖြစ်လာတဲ့ အပြောင်းအလဲတွေကို ကြိုဆိုပေမဲ့ ဆက်ပြီး နောက်ထပ် လုပ်ပေးဖို့ အများကြီး ရှိနေသေးတယ်၊ ဒါကြောင့်မို့ လျှော့ပေးသင့်တဲ့ အချိန်နဲ့ပတ်သက်ပြီး အခုလို ဆက်ရှင်းပြပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေကို အားလုံး လွှတ်ပေးဖို့လိုတယ်။ တိုင်းရင်းသားတွေကို ထိုးစစ်ဆင်နေတာတွေ ရပ်ပေးဖို့လိုတယ်။ တိုင်းရင်းသားတွေပါတဲ့ အားလုံး တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ပေးဖို့လိုတယ်။”

အခုလို အချိန်မတန်ခင် လျှော့ပေးလိုက်မှုကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကိုလည်း စိုးရိမ်မိတယ်လို့လည်း ဒေါက်တာ မြင့်ချိုက ထောက်ပြပါတယ်။

“ဒီလိုအချိန်မတန်ဘဲ လျှော့ပေးခြင်းအားဖြင့် လက်ရှိ မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရကနေ၊ တို့တွေ ဒီလောက်လုပ်ပေးရင် နိုင်ငံတကာက လျှော့ပေးလာမှာပဲ ဆိုပြီးတော့ ဆက်ပြီးတော့ လျှော့ပေးစရာ ပြောင်းလဲစရာတွေကို မလုပ်တော့ဘဲနဲ့ ရပ်တန့်သွားနိုင်ပါတယ်။ ဒီအကျိုးဆက်က နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ကိစ္စမှာလည်း နှောင့်နှေးသွားနိုင်ပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံအပေါ် ဆက်လက် ထားရှိသေးတဲ့ သြစတြေးလျနိုင်ငံရဲ့ ဒဏ်ခတ်မှုတချို့ကိုလည်း နောက်ထပ် လွယ်လွယ်ကူကူ အချိန်မတန်ခင် အခုလို လျှော့မပေးလိုက်ဖို့ ဆက်လက် တောင်းဆိုလှုပ်ရှားသွားမယ်လို့ ဒေါက်တာမြင့်ချိုက ဆိုပါတယ်။

XS
SM
MD
LG