ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နိုင်ငံရေးအကျဉ်းသားတွေကို မြန်မာအစိုးရက ပြန်လွှတ်ပေးလိုက်တာကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီး ဒီလုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး အခြေအနေတွေ ရေရှည်တည်တံ့ ခိုင်မြဲနိုင်မယ့် အခြေအနေတွေ ပေါ်ထွန်းရေးနဲ့ ပြည်သူလူထုဘ၀ တိုးတက်ကောင်းမွန်ရေး တို့အတွက် ပူပေါင်း ကူညီကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
ကာလကြာရှည်စွာ စောင့်မျှော်ခဲ့ရတဲ့ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးဟာ သောကြာနေ့မှာ အကောင်အထည် ပေါ်လာခဲ့တာမို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောခွင့်ရ အယ်လ်ဒွာဒိုဒူဘေး က ဗွီအိုအေကို ပြောပါတယ်။
“မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ကာလကြာရှည်စွာ စောင့်စားခဲ့ရတာ ဒီကနေ့မှာ လွှတ်ပေးလိုက်တာမို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဝမ်းမြောက်စွာနဲ့ ကြိုဆိုလိုက်ပါတယ်။ အခုချိန်ထိ လွှတ်ပေးခဲ့သမျှထဲမှာ ဒီတစ်ကြိမ်က ထင်ရှားတဲ့ အဓိက ခေါင်းဆောင်တွေ ပါခဲ့တာမို့ သိပ်ကိုထူးခြားပါတယ်။ ဒီလိုအရေးပါတဲ့ တိုးတက်မှုအတွက် အတွင်းရေးမှူးချုပ်က မြန်မာခေါင်းဆောင်တွေကို ချီးကျူးလိုက်သလို အခုလွတ်မြောက်လာသူတွေ အားလုံးဟာလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေနဲ့ မြန်မာနိုင်ငံတွင်း တရားဥပဒေ စိုးမိုးရေး၊ ဒီမိုကရေစီ ခိုင်ခိုင်မာမာဖြစ်ထွန်းရေး ကိစ္စတွေမှာ လွတ်လွတ်လပ်လပ် ပါဝင်ခွင့် ရနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။”
မစ္စတာ ဘန်ကီမွန်းအနေနဲ့ မြန်မာနိုင်ငံက ဖြစ်ထွန်းတိုးတက်မှုတွေထဲမှာ ကြာသပတေးနေ့ကပဲ နှစ်ပေါင်းများစွာ လက်နက်ကိုင်ဆွဲ တိုက်ပွဲဝင်နေတဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးလမ်းစကို ဖော်ဆောင်နိုင်ခဲ့တာအတွက် အသိအမှတ်ပြု ကြိုဆိုလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ အဆုံးသတ်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးတွေ ရဖို့အတွက် အခုလွတ်မြောက်လာသူတွေ အပါအဝင် အဖွဲ့အစည်း အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ကနေတဆင့် တိုးတက်အောင်လုပ်ဖို့ အားပေးကြောင်း သောကြာနေ့မှာပဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့အရေး နိုင်ငံတကာကနေ ဝိုင်းဝန်းပံ့ပိုး ကူညီဖို့ကိုပါ တောင်းဆိုလိုက်ပါတယ်။
“အခုလို မြန်မာနိုင်ငံတွင်း အရေးပါတဲ့ ဖြစ်ထွန်းတိုးတက်မှုတွေ အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက တုံ့ပြန်တဲ့အနေနဲ့ မြန်မာပြည်သူတွေ ပိုမိုကောင်းမွန်တဲ့ အနေအထား ရောက်လာဖို့ဖြစ်စေ၊ အခုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တာရှည်မြဲစေမယ့် အခြေအနေမျိုးရောက်အောင် ဝိုင်းဝန်းကူညီကြဖို့ အတွင်းရေးမှူးချုပ်က ပန်ကြားလိုက်ပါတယ်။”
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာနိုင်ငံက ဖြစ်ထွန်းတိုးတက်မှုတွေ အတွက် မပြတ် စောင့်ကြည့်နေမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။