သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ နိုင်ငံရေး အောင်မြင်မှုတွေမှာ မြန်မာပါဝင်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ၂၀၁၅ ခုနှစ်အတွက် သတင်းစာရှင်းလင်းပွဲကို မနေ့က ပြုလုပ်ခဲ့ရာမှာ နိုင်ငံတကာရေးရာနဲ့ ပတ်သက်လို့ အကဲစမ်းမှုတွေ၊ စိုးရိမ်မှုတွေ၊ အောင်မြင်မှုတွေကို မီးမောင်းထိုးပြခဲ့ရာမှာ မြန်မာနိုင်ငံမှာလည်း အစိုးရ၊ စစ်တပ်နဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ NLD ခေါင်းဆော်င ဒေါ်အောင်ဆန်းစုကြည်တို့ကြား တည်ငြိမ်တဲ့ အာဏာလွှဲပြောင်းရေးအတွက် ဆွေးနွေးမှုကို စတင်နေတဲ့အကြောင်းအပြင် ခွဲခြားဆက်ဆံခံနေရတဲ့ လူနည်းစုတွေအရေးလည်း ဆောင်ရွက်ပေးဖို့ တိုက်တွန်းပြောကြားသွားပါတယ်။ အသေးစိတ်ကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

၂၀၀၇ ခုကစလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရာထူးကို စတင်ထမ်းဆောင်ခဲ့တဲ့ မစ္စတာ ဘန်ကီမွန်းက ကုလသမဂ္ဂရဲ့ နှစ် ၇၀ ပြည့် အထိမ်းအမှတ်ကို ဆင်နွှဲခဲ့တဲ့ ၂၀၁၅ နှစ်ချုပ်အဖြစ် ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီနှစ်အတွင်း ကုလသမဂ္ဂအနေနဲ့ အောင်မြင်မှုတွေနဲ့ အကဲစမ်းမှုတွေကို ရင်ဆိုင်ခဲ့ရတယ်လို့ အခုလို ပြောခဲ့ပါတယ်။

“ဒီနှစ် ၂၀၁၅ ခုနှစ်ဟာ အောင်မြင်မှုတွေလည်း ရှိခဲ့သလို ထိတ်လန့် တုန်လှုပ်စရာတွေနဲ့လည်း ရင်ဆိုင်ရတဲ့ နှစ်ဖြစ်ပါတယ်။ ကုလသမဂ္ဂအနေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မယ့် ကျယ်ပြန့်တဲ့ လေ့လာဆန်းစစ်မှုတွေ၊ ငြိမ်းချမ်းရေးထိန်း လုပ်ငန်းစဉ်တွေနဲ့ အနာဂတ်မှာ ပါဝင်မယ့် အခန်းကဏ္ဍတွေ အပါအဝင် အဖွဲ့စည်းကြီးကို အားဖြည့်ဖို့ ဆက်လက် ဆောင်ရွက်နေပါတယ်။”

နိုင်ငံတကာမှာ အောင်မြင်မှုတွေကို မီးမောင်းထိုးပြခဲ့ရာမှာတော့ တိုးတက်မှုရရှိခဲ့တဲ့ မြန်မာနိုင်ငံ အခြေအနေကို အတွင်းရေးမှူးချုပ်က ထောက်ပြခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းနိုင်ရေးအတွက် အစိုးရနဲ့ စစ်တပ်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ တချိန်တည်းမှာပဲ ခွဲခြား ဆက်ဆံခံနေရတဲ့ တိုင်းရင်းသား အုပ်စုတွေကို အခုလို အသွင်ကူးပြောင်းရေး ဖော်ဆောင်မှုမှာ ပါဝင်လာစေဖို့နဲ့ အုပ်စုအားလုံး ပါဝင်တဲ့ အချေအတင် ဆွေးနွေးမှု စတင်နိုင်ဖို့ ဆက်လက် ကြိုးပမ်းသွားဖို့ လိုပါတယ်။ ဒီဖော်ဆောင်မှုကို ကုလသမဂ္ဂအပြင် ကျနော်ကိုယ်တိုင်ကလည်း နှစ်ပေါင်းများစွာပဲ ထောက်ခံ အားပေးလာခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ ဆက်လက်ပြီးတော့လည်း အကူညီတွေ ပံ့ပိုးသွားမှာ ဖြစ်ပါတယ်။”

မစ္စတာ ဘန်ကီမွန်းအနေနဲ့ သူ့ရဲ့အတွင်းရေးမှူးချုပ် သက်တမ်းအတွင်း မြန်မာနိုင်ငံကို နာဂစ်တိုက်ခိုက်စဉ် ၂၀၀၈ ခုနှစ်က တခါ သွားရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ တခါ သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ကူညီဆောင်ရွက်ဖို့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗွီဂျေ နမ်ဘီးယားကို ၂၀၁၀ က ခန့်အပ်ခဲ့ပြီး မြန်မာနိုင်ငံ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲတွေကို လေ့လာသူအဖြစ် တက်ရောက်စေခဲ့သလို၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတွေအရေးနဲ့ ကချင်ပြည်နယ် ဒုက္ခသည်အရေး စသည်တို့မှာလည်း ပါဝင် ဆောင်ရွက်ခဲ့ဖို့ မြန်မာနိုင်ငံကို မကြာခဏ စေလွှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်လို့ လက်ရှိ အထွေထွေ ညီလာခံကြီးရဲ့ တတိယကော်မတီက ကန့်ကွက်မဲမရှိဘဲ နိုဝင်ဘာလ ၁၈ ရက်နေ့က အဆိုပြုချက်မူကြမ်းကို အတည်ပြုပေးခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီ အတည်ပြုခဲ့တဲ့ မူကြမ်းမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၆ မှာ အစိုးရသစ်အဖြစ် တက်လာရေးအတွက် လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရအနေနဲ့ ချောမွေ့စွာ အာဏာလွှဲပြောင်းပေးဖို့အပြင် လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေအပြင် တရားဥပဒေစိုးမိုးရေးကိုလည်း လေးစားလိုက်နာဖို့ တိုက်တွန်းထားတာ တွေ့ရပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတွေအရေးနဲ့ တခြားကိုးကွယ်တဲ့ ဘာသာဝင်တွေအပြင် တိုင်းရင်းသားလူနည်းစုတွေ ခွဲခြားဆက်ဆံ ခံနေရမှုအပေါ်မှာလည်း အလွန် စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း အဆိုပြုချက် မူကြမ်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နဲ့ မြန်မာအစိုးရကြား အပစ်ရပ် သဘောတူညီမှု ချုပ်ဆိုနိုင်ခဲ့တာကို ကြိုဆိုလိုက်ပေမဲ့ အဲဒီကတဆင့် တခြား လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့ အဖွဲ့တွေနဲ့လည်း ဆက်လက် ဆွေးနွေးသွားဖို့ တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ဖွင့်ခွင့်ကိုလည်း အဆိုပြုချက်မှာ တိုက်တွန်းထားသလို၊ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံမှာ ၂၀၁၆ အတွက် ဆက်လက် ကူညီဆောင်ရွက်ရာမှာ ဒေါ်လာ ၁ သန်းကျော် လျာထားဖို့ကိုလည်း ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီအဆိုပြုချက်ကိုလည်း အခုလအတွင်း အထွေထွေ ညီလာခံကြီးက အတည်ပြုပေးရမှာ ဖြစ်ပါတယ်။

၂၀၀၇ ခုကစလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရာထူးကို စတင် ထမ်းဆောင်ခဲ့သူ မစ္စတာ ဘန်ကီမွန်းအနေနဲ့ ဒီနှစ်အတွင်း ကုလသမဂ္ဂ က ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ထောက်ပြခဲ့ရာမှာ အရေးကြီးဆုံးကတော့ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်လို့ ပဲရစ်မှာရရှိခဲ့တဲ့ နိုင်ငံတကာ သဘောတူညီမှုပဲ ဖြစ်ပါတယ်။ ဒီနှစ်အတွက် ကမ္ဘာကြီးအနေနဲ့ အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရတဲ့ အချက်တွေအနက် တခုကတော့ ဆီးရီးယားပဋိပက္ခကြောင့် ဒုက္ခသည်တွေ ဒီနှစ်အတွင်း တိုးလာတဲ့ အခြေအနေတွေနဲ့ IS, ဘိုကိုဟာရမ်း၊ အယ်ရှာဘတ် အစရှိတဲ့ အကြမ်းဖက်အုပ်စုတွေရဲ့ ခြိမ်းခြောက်မှုတွေပင် ဖြစ်ပါတယ်။

မစ္စတာ ဘန်ကီမွန်းအနေနဲ့ ၂၀၁၆ နှစ်ကုန်ပိုင်းမှာ ရာထူးသက်တမ်း ကုန်ဆုံးမှာ ဖြစ်တဲ့အတွက်ကြောင့်လည်း ၂၀၁၇ ခုနှစ်ကျရင် သူ့ရဲ့နေရာမှာ အစားထိုး ခန့်အပ်နိုင်ဖို့အတွက်လည်း ကုလသမဂ္ဂအနေနဲ့ အရည်အချင်း ပြည့်မီသူတွေကို အင်္ဂါနေ့ကပဲ လျှောက်လွှာ စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG