သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ငွေကြေးစနစ် ပြုပြင်ပြောင်းလဲဖို့ ပြင်ဆင်


Burmese merchant
Burmese merchant
မြန်မာနိုင်ငံရဲ့ ငွေကြေးစနစ် ပြုပြင် ပြောင်းလဲနိုင်ဖို့အတွက် အခုရက်ပိုင်းတွေ အတွင်း နေပြည်တော်မှာရှိတဲ့ အစိုးရ အရာရှိတွေ၊ မြန်မာနိုင်ငံ ဗဟိုဘဏ်က တာဝန်ရှိသူတွေနဲ့ နိုင်ငံတကာက ကျွမ်းကျင်သူ ပညာရှင်တွေတွေ့ဆုံပြီး အလုပ်ရုံဆွေးနွေးပွဲတွေ၊ အပြန်အလှန် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြပါတယ်။ ဒီကနေ့လည်း မြန်မာနိုင်ငံ ဗဟိုဘဏ်က လက်ရှိ တာဝန်ရှိသူတွေနဲ့ အကြံပေးအဖွဲ့ဝင်တွေဟာ IMF နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့က တာဝန် ရှိသူတွေ၊ အိမ်နီးချင်းနိုင်ငံတွေက ဘဏ်လုပ်ငန်းရှင်တွေနဲ့ နေပြည်တော်မှာ အလုပ်ရုံ ဆွေးနွေး ပွဲတခု ပြုလုပ်ခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဘန်ကောက်ရောက် ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရတက်လာပြီးနောက်ပိုင်း နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ဆောင်လာခဲ့တာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ စနစ် မကျတဲ့ နိုင်ငံခြားငွေ လဲလှယ်မှုစနစ်ကြောင့် ပြည်ပနိုင်ငံတွေနဲ့ စီးပွားလုပ်ကိုင်တဲ့နေရာမှာ အဆီအငေါ်မတဲ့မှုတွေ ဖြစ်နေတာကြောင့် ငွေကြေးနဲ့ဆိုင်တဲ့ ပြုပြင် ပြောင်းလဲမှုတွေလည်း လုပ်ဆောင်ဖို့ လိုအပ်တဲ့အကြောင်း အစောပိုင်းကတည်းက ပညာရှင်တွေက ထောက်ပြ ပြောဆို နေခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ အဲဒီလို ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် အစိုးရဘက်က ပြင်ဆင်မှုတွေ လုပ်နေတာကို တွေ့ရတယ်လို့ ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ MDRI မြန်မာ့ ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့က သုတေသီ ဦးတင်မောင်သန်းက ပြောပါတယ်။

“နားထောင်နေကြတာက နားထောင်နေကြတယ်ပေါ့။ ပြုပြင်ပြောင်းလဲရေးအတွက် စဉ်းစားဖို့ နားထောင်နေကြတယ်လို့ ယူဆပါတယ်။ အစိုးရဘက်က အရာရှိကြီးတွေရောပေါ့၊ အဲလို လာတဲ့ အခါတိုင်းမှာ ပညာရှင်တွေကလည်း သက်ဆိုင်ရာ အဆုံးအဖြတ်ပေးနိုင်တဲ့ ဝန်ကြီးတွေနဲ့လည်း တွေ့ကြပါတယ်။ ယေဘုယျအားဖြင့် ဝန်ကြီးတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ပြုပြင်ပြောင်းလဲရေးကိစ္စ တွေကို ပြောကြတာများပါတယ်။”

အခုဆိုရင် အစိုးရသစ်တက်လာပြီးတာ ၁ နှစ်ခွဲကျော်၊ ၂ နှစ်နား ကပ်လာနေပြီဖြစ်တဲ့အတွက် ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ဘယ်တော့ အကောင်အထည်ဖော်မလဲ ဆိုတဲ့အပေါ် မြန်မာနိုင်ငံတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေက စောင့်မျှော်နေကြတာဖြစ်ပါတယ်။
ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့အတွက်ကတော့ မြန်မာနိုင်ငံအတွင်းက လုပ်နိုင် ကိုင်နိုင်ရည်အပေါ်မှာလည်း မူတည်နေတာကြောင့် အခုလို ကြာနေတာဖြစ်နိုင်တယ်လို့ နိုင်ငံတကာပညာရှင်တွေက သုံးသပ်ကြတယ်လို့လည်း ဦးတင်မောင်သန်းက ဆက်ပြောပြပါ တယ်။

“အဲဒီကိစ္စတွေ တချို့ကို IMF က အရာရှိတချို့နဲ့ စကားပြောဖြစ်တယ်။ သူတို့ပြောတာကတော့ အဓိကပြဿနာက စွမ်းဆောင်နိုင်ရည်နဲ့ လုပ်နိုင်ကိုင်နိုင်ရည်ပေါ့။ စောစောက အကောင်အထည် ဖော်မယ့်ကိစ္စတွေကို လုပ်နိုင်ကိုင်ရည်ကို မြှင့်တင်ပေးဖို့ လိုတယ်ပေါ့လေ။ အဲဒီအတွက် အချိန်စောင့်ရတာတွေလည်းရှိတယ်လို့ သူတို့ကပြောတယ်။ တခါတလေကျတော့ နိုင်ငံရေးစိတ်ဆန္ဒ ဆိုတဲ့ပြဿနာထက် လုပ်ဖို့ကိုင်ဖို့အတွက် လုပ်တတ်ကိုင်တတ်ရှိဖို့၊ လုပ်ရည် ကိုင်ရည်ရှိဖို့ဆိုတဲ့ ပြဿနာတွေကလည်း မြန်မာပြည်က ရင်ဆိုင်နေရပုံရတယ်လို့ နားလည်ရတာပေါ့။ ကျနော်တို့ကတော့ ဘေးကနေ ကြည့်ရတဲ့ လူတယောက်အနေနဲ့ ပြောရ တာပါ။ ဒါ့ထက်ပိုတဲ့ ပြဿနာတွေလည်း ရှိရင်ရှိမှာပေါ့။”

ပြုပြင်ပြောင်းလဲမှုကို နိုင်ငံရေးအရ ကြည့်မယ်ဆိုရင်တော့ လက်ရှိသွားနေတဲ့အရှိန်ဟာ အားရ စရာ မရှိဘူးလို့ ထင်မြင် ယူဆနိုင်ပေမဲ့လည်း လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ ပြုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှု အရှိန်ဟာ နိုင်ငံတကာ စံချိန် စံညွှန်းတွေနဲ့ ကြည့်မယ်ဆိုရင် အတော်လေး မြန်နေတာကို တွေ့ရတယ်လို့ တချို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြတယ်လို့ ဆိုပါတယ်။

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အလုပ်ရုံ ဆွေးနွေးပွဲကိုတော့ IMF နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့က တာဝန်ရှိသူတွေအပြင် ဒေသတွင်းနိုင်ငံတွေက ဘဏ်လုပ်ငန်းရှင်တွေ၊ ကျွမ်းကျင်သူတွေ တက်ရောက် ဆွေးနွေးခဲ့ကြတာပါ။

“IMF က ပညာရှင်တွေပါတယ်၊ မလေးရှားဗဟိုဘဏ်က ပညာရှင်တွေပါတယ်၊ ထိုင်းဗဟိုဘဏ် နဲ့ ထိုင်းနိုင်ငံ ငွေကြေး အဖွဲ့အစည်းတွေက အရာရှိကြီးတွေ ပါကြတယ်။ ဦးဆောင်နေကြတဲ့သူ တွေ တော်တော်များများ ပါကြတယ်။ သူတို့က သူတို့အတွေ့အကြုံတွေ ပြောတယ်။ မြန်မာနိုင်ငံ နဲ့ ပတ်သက်ပြီးတော့ ဘာတွေ စဉ်းစားသင့်သလဲ ဆိုတာကို ပြောသွားတာတွေရှိပါတယ်။

“ရှေ့ကို ဘယ်လိုဆက်သွားရင် ကောင်းမယ်ဆိုပြီးတော့ ပြောတဲ့အချက်တွေ ရှိပါတယ်။ ဒီမှာ တော့ ဗဟိုဘဏ်က အရာရှိတွေ တော်တော်များများ တက်ကြတယ်။ နောက်ပြီးတော့ ဗဟို ဘဏ်ရဲ့ အကြံပေးအဖွဲ့က ပညာရှင်တွေ တော်တော်များများလည်း၊ အရင်တုန်းက ဗဟိုဘဏ် မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့၊ တချို့ကလည်း စီးပွားရေး တက္ကသိုလ်တွေမှာ တာဝန်ထမ်း ဆောင်ခဲ့ကြဖူးတဲ့ ပညာရှင်တွေပေါ့၊ သူတို့လည်း တော်တော်များများ တက်တာကို တွေ့ရတယ်။ အထူးသဖြင့် သူတို့လည်း ပါဝင်ဆွေးနွေးကြတာ တွေ့ရတယ်။”

MDRI မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့က သုတေသီ ဦးတင်မောင်သန်း ပြောပြခဲ့တာ ပါ။
လက်ရှိသမ္မတ ဦးသိန်းစိန်အစိုးရက ဦးဆောင် ပြုလုပ်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေအပေါ် ယေဘုယျအားဖြင့် ပြည်တွင်းမှာရှိတဲ့ အတိုက်အခံ နိုင်ငံရေး အသိုင်းအဝိုင်းက ထောက်ခံထားကြတာပါ။ ဒါပေမဲ့ တဘက်မှာ ပြုပြင်ပြောင်းလဲမှု အရှိန်နှေးနေ တာနဲ့ သတင်း မီဒီယာ လွတ်လပ်ခွင့်ဆိုင်ရာ ကဏ္ဍတွေမှာ ပြုပြင် ပြောင်းလဲမှု သိသိသာသာ ဖြစ်မလာသေးတဲ့အပေါ် ပြည်တွင်း ပြည်ပက ထောက်ပြ ဝေဖန်တာတွေလည်း ရှိနေဆဲဖြစ်ပါတယ်။
XS
SM
MD
LG