သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဂ္ဂလိကပိုင်ကဏ္ဍနဲ့ မြန်မာ့စီးပွားရေး


ပုဂ္ဂလိက လွှဲပြောင်းမှုတွေအတွင်း ဝန်ကြီးဌာနတွေက ပိုင်ဆိုင်တဲ့ ရန်ကုန်နဲ့ နယ်မြို့တွေက လုပ်ငန်းပေါင်း ၁၀၀ ကျော် ပါဝင်ပါတယ်။
ပုဂ္ဂလိက လွှဲပြောင်းမှုတွေအတွင်း ဝန်ကြီးဌာနတွေက ပိုင်ဆိုင်တဲ့ ရန်ကုန်နဲ့ နယ်မြို့တွေက လုပ်ငန်းပေါင်း ၁၀၀ ကျော် ပါဝင်ပါတယ်။

ဇန်နဝါရီ ၁၇၊ ၂၀၁၁-ဒီနှစ်ထဲ နိုင်ငံပိုင်လုပ်ငန်း အများအပြားကို ပုဂ္ဂလိကပိုင်လွှဲပြောင်းမယ်လို့ မြန်မာအာဏာပိုင်တွေက ပြောနေပါတယ်။

မြန်မာနိုင်ငံက နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် အဖြစ် ပြောင်းလဲပေးမယ့် အစီအစဉ်တွေကို အရှိန်မြှင့် လုပ်ဆောင် လာနေရာမှာ ဒီနှစ်ထဲမှာဆိုရင် စက်မှုလုပ်ငန်းတွေ အားလုံးနီးပါးလောက်ကို လွှဲပေးမယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲတွေ ကျင်းပအပြီး အုပ်ချုပ်ရေး အပြောင်းအလဲတွေနဲ့အတူ ပုဂ္ဂလိကကဏ္ဍကို မြှင့်တင်ဖို့ ဖြစ်တယ်လို့လည်း စစ်အစိုးရ အကြီးတန်း တာဝန်ရှိသူ တယောက်က ပြောဆိုလိုက်တာပါ။ ဒီအစီအစဉ်တွေဟာ ဈေးကွက်စီးပွားရေးရဲ့ အခြေခံအဖြစ်နဲ့ ပုဂ္ဂလိကကဏ္ဍကို တကယ်တမ်း အားဖြည့်ပေးနိုင်မှာလား၊ မြန်မာ့စီးပွားရေးကို ပြုပြင်ပြောင်းလဲစေနိုင်မှာလား ဆိုတာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

ဒီနှစ်ထဲမှာ နိုင်ငံပိုင်စက်မှုလုပ်ငန်းတွေရဲ့ ၉၀ ရာခိုင်နှုန်းအထိ ပုဂ္ဂလိကလက် လွှဲပြောင်းပေးသွားမှာဖြစ်ပြီး ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကိုပဲ အစိုးရက ဆက်လက်လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။ ဒါဟာလည်း နိုင်ငံရေးအပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် စီးပွားရေး လုပ်ငန်းတွေမှာ ပြုပြင်ပြောင်းလဲရတာ ဖြစ်တယ်လို့ အမှတ်-၂ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ကျော် ရဲ့ အပြောကို Weekly-11 ဂျာနယ်မှာ ကိုးကားဖော်ပြခဲ့တာပါ။ မြန်မာစစ်အစိုးရက ပုဂ္ဂလိကကဏ္ဍကို လုပ်ပိုင်ခွင့်တွေ လွှဲပြောင်းပေးဖို့ အစီအစဉ်တွေကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ချမှတ်လုပ်ဆောင်လာတာ ဖြစ်ပေမဲ့လည်း အခုအချိန်အထိ ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖော်နိုင်တာမျိုးတော့ မရှိသေးပါဘူး။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ကစလို့ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးမယ်ဆိုပြီး စစ်အစိုးရက ကြေညာထားတဲ့နောက် ပုဂ္ဂလိက ကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်နိုင်ခြင်း မရှိသေးပဲ ဖြစ်နေတာပါ။

အခုလို အရှိန်မြှင့် လုပ်ဆောင်လာပေမဲ့လည်း ဒါတွေဟာ ညီညီမျှမျှ ဖြစ်ဖို့ လိုတယ်လို့ ရန်ကုန် စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်း က ပြောပါတယ်။
“ဈေးကွက်စီးပွားရေးရဲ့ ဝိသေသ အင်္ဂါရပ် အနေနဲ့ကတော့ လွတ်လပ်စွာ ယှဉ်ပြိုင်မှုပေါ့လေ။ လွတ်လပ်စွာ ယှဉ်ပြိုင်မှုဆိုတာ အဲဒီလိုလွှဲပေးတဲ့ အခါမှာ တပြေးညီပေါ့လေ၊ အခွင့်အရေးကို တန်းတူညီမျှ ပေးပြီးလွှဲဖို့ဆိုတာကတော့ စောင့်ကြည့်ရမှာပေါ့လေ။ အဲလိုလွှဲဖို့ အတွက်ကတော့ တိုင်းပြည်စီးပွားရေး အတွက်ရော ဈေးကွက်စီးပွားရေးစနစ်ရဲ့ တကယ့် ဝိသေသအင်္ဂါရပ် အနေနဲ့ရော level playing ground ရှိဖို့လိုတာပေ့ါလေ။ ဒီလိုရှိပြီးမှ ဒီအထဲမှာပါတဲ့သူတွေ အနေနဲ့ကလည်း အတ္တနဲ့ပရ အဲဒါညှိဖို့တော့ လိုမှာပေါ့လေ။ လက်ရှိအားဖြင့် ပုဂ္ဂလိကပိုင်းမှာ အခုဟာကတော့ လွှဲပေးတယ်၊ ပုဂ္ဂလိကပိုင်း ရောက်တယ်ဆိုတာမျိုးမှာ ရောက်တာကလည်းပဲ တပြေးညီမဟုတ်ပဲနဲ့ ကန့်သတ်ပြီး ပြိုင်ဆိုင်မှု အနေနဲ့ကလည်း အတိအကျမရှိတော့ တကယ်အကျိုးစီးပွား ဖြစ်သင့်သလောက် ဖြစ်ချင်မှ ဖြစ်မယ်ပေါ့ဗျာ။”

မြန်မာစစ်အစိုးရရဲ့ ပုဂ္ဂလိကပိုင်လုပ်ငန်းအဖြစ် ပြောင်းလဲရေး ကော်မရှင်က နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေထံ ပြန်လည် လွှဲပြောင်း ရောင်းချမယ့် အစီအစဉ်တွေကို ပြီးခဲ့တဲ့၂၀၁၀ ပြည့်နှစ်ဆန်းပိုင်းကစလို့ အရှိန်မြှင့် လုပ်ဆောင်လာခဲ့ရာမှာတော့ ဝန်ကြီးဌာနတွေက ပိုင်ဆိုင်တဲ့ ရန်ကုန်နဲ့ နယ်မြို့တွေက စက်ရုံတွေ၊ ကုန်လှောင်ရုံတွေ၊ ရုပ်ရှင်ရုံတွေ လုပ်ငန်းပေါင်း ၁၀၀ ကျော် ကို ပုဂ္ဂလိကပိုင်လက် လွှဲပြောင်းခဲ့တာပါ။ နိုင်ငံပိုင် ဓာတ်ဆီဆိုင်တွေသာမက မြန်မာ့နိုင်ငံတကာ လေကြောင်း ရဲ့ ပိုင်ဆိုင်မှု အများစုကိုလည်း ပုဂ္ဂလိကလက်ထဲ ပြန်လည် ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီလိုလွှဲပြောင်းမှုတွေဟာ စစ်အစိုးရနဲ့ ပတ်သက်ဆက်နွယ်သူတွေ လက်ထဲကိုသာ အများစုရောက်ကုန်တယ်ဆိုပြီး ဝေဖန်တာတွေလည်း ရှိခဲ့တာပါ။

တကယ်တော့ မြန်မာ့စီးပွားရေး တိုးတက်မှုအတွက် အထောက်အကူဖြစ်စေဖို့ ပုဂ္ဂလိကပိုင်ကဏ္ဍ အားကောင်းလာအောင် လုပ်ဖို့ လိုအပ်ချက်တွေ အများအပြားလည်း ရှိနေဆဲ ဖြစ်တယ်လို့ ဦးမော်သန်း က မြင်ပါတယ်။
“ပုဂ္ဂလိက လုပ်ငန်းတွေ အခြေခံကောင်းလာအောင်ကတော့ တဘက်က operating infrastructure လို့ခေါ်တဲ့ ဥပဒေတို့၊ အာဏာပိုင် အဖွဲ့အစည်းတွေဘက်က မှတ်ပုံတင်တာတို့၊ မှတ်ပုံတင်အသစ် လဲပေးတာတို့၊ ကိစ္စရပ်တခုအတွက် ခွင့်ပြုချက်ချတာတို့၊ အဲဒီမှာ ထိထိရောက်ရောက် ဖြစ်ဖို့လည်းလိုပါတယ်။ နောက်တဖက်ကလည်း စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ လုပ်ကိုင်ဆောင်ရွက်တဲ့ အခါကျတော့ ငွေရေးကြေးရေးတို့၊ တဖက်က ပုဂ္ဂလိကပိုင်ဆိုင်မှု အကာအကွယ်ပေးတာတို့၊ လုပ်ငန်းလုပ်ကိုင်ဖို့အတွက် စွမ်းအင်တို့လို တဖက်က physical infrastructure ပိုင်းဖြစ်တဲ့ လမ်းတို့၊ သတင်းအချက်အလက် ပို့ဆောင်တာတို့၊ ဒါတွေလည်း ရှိဖို့လိုတယ်ပေါ့ဗျာ။ ဒီအထဲမှာကတော့ အရေးအကြီးဆုံး အနေနဲ့ကတော့ လုပ်ငန်းတခုနဲ့တခု လွတ်လွတ်လပ်လပ်နဲ့ တကယ်ယှဉ်ပြိုင်မှု အပြည့်ရှိဖို့ကတော့ ပိုအရေးကြီးတယ်လို့တော့ ကျနော့်စိတ်ထဲ အောက်မေ့တာပဲ။”

မြန်မာစစ်အစိုးရကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ ရွေးကောက်ပွဲတွေ ကျင်းပပြီး အုပ်ချုပ်ရေး အပြောင်းအလဲတွေ လုပ်သွားဖို့ ရှိနေတာပါ။ နှစ်ပေါင်း ၂၀ ကျော်မှာ ပထမဆုံးအကြိမ်အဖြစ်နဲ့လည်း ဇန်နဝါရီလ ၃၁ ရက်နေ့ စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ လွှတ်တော်သစ်တွေ ခေါ်ယူဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ဒီအတွက်လည်း နိုင်ငံရေး အပြောင်းအလဲတွေကနေ စီးပွားရေး လုပ်ပိုင်ခွင့်တွေ ပိုရလာလေမလား မျှော်လင့်မှုတွေလည်း ရှိနေကြပါတယ်။ တချိန်တည်းမှာပဲ စစ်အစိုးရခေါင်းဆောင်တွေ ဦးဆောင်ပြီး မဲအများစုနဲ့ အနိုင်ရထားတယ်ဆိုတဲ့ နိုင်ငံရေးပါတီကပဲ အာဏာကို ဆက်လက်ချုပ်ကိုင်သွားမယ့် အခြေအနေမျိုးတွေနဲ့လည်း ကြုံနေရတာမို့ စီးပွားရေး လွတ်လပ်ခွင့် အလားအလာတွေ တကယ်တမ်း ကောင်းလာနိုင်ပါ့မလား သံသယတွေလည်း ရှိနေကြတာပါ။

ရန်ကုန် စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်း ကတော့ အရင်ထက်တော့ ထင်သာမြင်သာ အခြေအနေတွေ ထွက်ပေါ်လာမယ်လို့ သူမျှော်လင့်တဲ့အကြောင်း ပြောပါတယ်။
“အရင်တုန်းကတော့ ဥပမာဗျာ၊ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အဖွဲ့မဟုတ်ဘူး၊ အစိုးရအဖွဲ့က လုပ်တယ်ဆိုရင် သူ့ကက်ဘိနက် အတွင်းမှာ ဆွေးနွေးပြီးတော့ ညှိနှိုင်းပြီးတော့လုပ်မယ်၊ ကက်ဘိနက် အတွင်းမှာ ဘာတွေဆွေးနွေးတယ်၊ ဘာတွေမေးတယ်၊ ဘယ်လို အပြန်အလှန် ငြင်းခုန်တယ် ဆွေးနွေးတယ် ဆိုတာလည်း လူမသိသူမသိပေါ့လေ။ အခုဟာကတော့ ဘာပဲပြောပြော၊ ပါလီမန်နဲ့ဘာနဲ့ သွားတယ်ဆိုတော့၊ လုပ်တဲ့ကိုင်တဲ့ အစိုးရရဲ့ ဆွေးနွေးချက်တွေ၊ ပြောဆိုချက်တွေက ကန့်လန့်ကာ နောက်ကွယ်ကနေပြီးတော့ ကန့်လန့်ကာရှေ့ ရောက်လာမယ်၊ ရောက်လာတဲ့ အခါကျတော့ ဘာတွေဆွေးနွေးတယ်၊ ဘယ်လိုဆွေးနွေးတယ် ဆိုတာတွေ လူသိရှင်ကြား ဖြစ်လာမယ်ဆိုရင်တော့ ပိုပြီးတော့ တရားမျှတမှုအတွက် အထောက်အကူ ဖြစ်မယ်လို့ ကျနော်တော့ အဲဒီလိုထင်ပါတယ်။ အရင်အတိုင်းပဲ သိပ်ထူးမှာမဟုတ်ပါဘူးဆိုပြီးတော့ အဲဒီလိုလည်း အတော်များများက အမြင်ရှိနေတယ်။ အဲဒါကလည်း အခုဆိုရင်ကိုပဲ ဇန်နဝါရီလ ၃၁ ရက်နေ့ လွှတ်တော်တွေဘာတွေ ခေါ်ပြီဆိုတော့ ဒါကလည်း မကြာခင် ပီပီပြင်ပြင် ထွက်လာမှာပါပဲ။”

ထင်ရှားတဲ့ စီးပွားရေး စာစောင် တခုဖြစ်တဲ့ The Wall Street ဂျာနယ် နဲ့ ဝါရှင်တန် အခြေစိုက် Heritage Foundation တို့က ပူးတွဲ ထုတ်ပြန်လိုက်တဲ့ ၂၀၁၁ ခုနှစ်အတွက် စီးပွားရေး လွတ်လပ်ခွင့် အညွှန်းကိန်းရဲ့ အဆင့်သတ်မှတ်ရာမှာတော့ မြန်မာနိုင်ငံဟာ ကမ္ဘာတဝန်းက နိုင်ငံပေါင်း ၁၇၉ နိုင်ငံ အနက် အဆင့် ၁၇၄ နေရာ၊ အာရှ-ပစိဖိတ်ဒေသ အနေနဲ့ ဆိုရင်တော့ စီးပွားရေး လွတ်လပ်ခွင့် မရှိတဲ့ နေရာမှာ မြန်မာနိုင်ငံဟာ နောက်ဆုံးကနေ ဒုတိယနေရာမှာသာ ရှိပါတယ်။ ကုန်ထုတ်လုပ်မှုတွေအပေါ် ထိခိုက်လောက်အောင် ပုဂ္ဂလိကပိုင် ကဏ္ဍကို အလေးမထားတာ အစိုးရရဲ့ ထိန်းချုပ်မှုတွေ ကြီးမားတာတွေသာမက နှစ်ပေါင်းများစွာ ဘဏ္ဍာရေး စီမံခန့်ခွဲမှုတွေမှာ ညံ့ဖျင်းတာ၊ ဥပဒေလုပ်ထုံးလုပ်နည်းတွေ ကျကျနန မရှိတာတွေက စီးပွားရေး လွတ်လပ်ခွင့် နိမ့်ကျရတဲ့ အခြေခံ အကြောင်းတရားတွေ ဖြစ်စေတယ်လို့ ဇန်နဝါရီလာ ဒုတိယပတ်ထဲမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြခဲ့တာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG