သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ် ရွေးကောက်ပွဲ စတင်


မြန်မာနိုင်ငံမှာ ကြားဖြတ် ရွေးကောက်ပွဲ စတင် ကျင်းပနေပြီ ဖြစ်ပါတယ်။ ဒီကနေ့ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မြန်မာ့ဒီမိုကရေစီ ရရှိရေး အတွက် နှစ်ပေါင်းများစွာ ဇွဲကောင်းကောင်းနဲ့ ကြိုးပမ်းအားထုတ်ခဲ့တဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ပထမဦးဆုံး ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တဲ့အတွက် ပြည်တွင်းမှာရော၊ နိုင်ငံတကာကပါ အထူး စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နှစ်ပေါင်း အတန်ကြာအောင် စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ထားခဲ့တဲ့ ဥရောပသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုတို့က အခုကျင်းပတဲ့ ကြားဖြတ် ရွေးကောက်ပွဲသာ လွတ်လပ်ပြီး တရားမျှတမှု ရှိမယ်ဆိုရင် အရေးယူမှုတွေကို ရုတ်သိမ်းပေးနိုင်ကြောင်း အရိပ်မွက် ပြောဆိုထားတာပါ။

ဒေါ်အောင်ဆန်းစုကြည် ကတော့ လွန်ခဲ့တဲ့ ၂ ရက်ကပဲ ကြားဖြတ် ရွေးကောက်ပွဲမှာ မူမမှန်တဲ့ဖြစ်စဉ်တွေ မမှန်မကန် လုပ်မှုတွေ တွေ့နေရတဲ့အတွက် စင်းလုံးချော လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီနည်းကျတဲ့ ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ မထင်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူနဲ့ သူ့ရဲ့ပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆောင်ရွက်နိုင်ဖို့အတွက် ပါဝင်ယှဉ်ပြိုင်ဖို့ စိတ်ဆုံးဖြတ် ထားကြောင်းလည်း ပြောဆိုပါတယ်။

အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမယ့် ကော့မှုးမြို့နယ် ဝါးသင်္ခ ကျေးရွာကို မနေ့က ညကတည်းက ရောက်ရှိနေပါပြီ။ သူ့ကို လာရောက် ကြိုဆိုသူတွေကို ဒီကနေ့ မဲထည့်ကြဖို့အတွက် အခုလို ထပ်မံ သတိပေးသွားပါတယ်။

“အားလုံး လာပြီးတော့ကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အရေးကြီးတာက မနက်ဖြန် မဲပေးရမယ်နော်။ မမေ့ကြနဲ့နော်။ မနက်ဖြန်ကျလို့ရှိရင် ကျမတို့လည်း စောစောစီးစီး ဒီမှာ ဝါသင်္ခမှာ မဲပေးနေတာတွေ လိုက်ကြည့်ပြီးတဲ့ အခါကျလို့ရှိရင် ရန်ကုန်လမ်းမှာပြန်ရင်းနဲ့ မဲပေးတဲ့နေရာတွေမှာ ကျမတို့ ရပ်ပြီးတော့ နှုတ်ဆက်သွားမှာပါ။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ ကိုယ်စားလှယ် နေရာပေါင်း ၄၅ နေရာအတွက် ကျင်းပပေးမယ့် လွှတ်တော် ကြားဖြတ ်ရွေးကောက်ပွဲမှာ ၄၄ နေရာကို ပါဝင်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၂ တာအတွင်း အများစုကို နေအိမ်အကျယ်ချုပ် ဘဝနဲ့ ဖြတ်သန်းခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၀ နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲအပြီး ရက်ပိုင်းမှာ စစ်အစိုးရက နေအိမ်အကျယ်ချုပ်ကနေ ပြန်လွှတ် ပေးခဲ့တာပါ။

၂၀၁၀ ရွေးကောက်ပွဲအပြီး တက်လာတဲ့ စစ်တပ် ကြောထောက် နောက်ခံပေးထားတဲ့ အရပ်သားအစိုးရဟာ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်လာခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ NLD ပါတီကို မြန်မာနိုင်ငံရေး စင်မြင့်မှာ ပါဝင်နိုင်အောင် လမ်းဖွင့်ပေးခဲ့ပါတယ်။

XS
SM
MD
LG