သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ ဒီနှစ်အတွင်းမဖြစ်နိုင်


ကြားဖြတ်ရွေးကောက်ပွဲ ဒီနှစ်အတွင်းမဖြစ်နိုင်
ကြားဖြတ်ရွေးကောက်ပွဲ ဒီနှစ်အတွင်းမဖြစ်နိုင်

မြန်မာနိုင်ငံမှာကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ဒီနှစ်အတွင်း ကျင်းပနိုင်စရာမရှိဘူးလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာမယ်လို့ ကြေညာပြီးတဲ့နောက် ၃ လကြာမှ ကျင်းပမှာဖြစ်တယ်လို့ သတင်းထောက်တွေကို ဒီကနေ့ ပြောကြားသွားတာပါ။ ဒီအကြောင်းကိုတော့ မသင်းသီရီက အပြည့်စုံ တင်ပြထားပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၂၅ ရက် သောကြာနေ့ နေ့လယ်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းဟာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ပြည်တွင်းက သတင်းနဲ့စာနယ်ဇင်းတွေက သတင်းထောက်တွေနဲ့ သတင်းအယ်ဒီတာတွေအပြင် နိုင်ငံခြားသတင်းဌာနတွေ အတွက် အလုပ်လုပ်နေကြတဲ့ ပြည်တွင်း သတင်းထောက် အယောက် ၃၀ လောက်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့ တွေ့ဆုံစဉ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲတွေကို ဒီနှစ်မကုန်ခင် ကျင်းပမှာမဟုတ်ဘူးဆိုတာကို ပြောခဲ့တယ်လို့ ဒီသတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ သတင်းထောက်တစ်ဦးက ပြောပါတယ်။

“ဥပဒေတွေအရပေါ့နော် ရွေးကောက်ပွဲမလုပ်ခင် သုံးလကြိုပြီး အကြောင်းကြားရမယ်လို့ ပြောထားတဲ့ ဥပဒေကို ထောက်ပြ ကိုးကားပြီးတော့ ကျနော်တို့ ဒီအတိုင်းဆိုရင်တော့ သုံးလအတွင်းမှာ ရွေးကောက်ပွဲ မရှိနိုင်သေးဘူးလို့ သူ ပြောသွားတယ်။ သုံးလကြိုပြီး ကြေညာရမယ် ပြောတဲ့အတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့။”

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်နေရာက ပြိုင်မယ်ဆိုတာ မသိသေးပေမဲ့ ပြည်သူ့လွှတ်တော်အနေနဲ့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုတယ်ဆိုတာကိုလည်း ပြောခဲ့ပါတယ်။

“နောက်တစ်ချက်က ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲကိုရောက်လာရင် ကြိုဆိုမလားလို့ ဂျာနယ်တစ်ခုက မေးပါတယ်။ အဲဒီမှာတော့ ဦးသူရရွှေမန်းကနေပြီးတော့ သူတို့အနေနဲ့ ခုချိန်ထိ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားလွှတ်တော်က ဝင်မှာလား၊ ပြည်သူ့လွှတ်တော်က ဝင်မှာလား ဆိုတာ မသိဘူးတဲ့။ အကယ်၍ ပြည်သူ့လွှတ်တော်က ဝင်မယ်ဆိုရင်တော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အနေနဲ့ကော၊ ပြည်သူ့လွှတ်တော် အနေနဲ့ကော ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာဖြစ်တယ်လို့ ပြောပါတယ်။”

ဒီကိစ္စအပြင် စကားလုံးအသုံးအနှုန်းအရ အငြင်းပွားနေတဲ့ နိုင်ငံရေး အကျဉ်းသားကိစ္စနဲ့ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းရာမှာလည်း နိုင်ငံတော်က ဒီကိစ္စကို အလေးအနက် စဉ်းစားနေတာ ရှိတယ်လို့ ဖြေသလို သူ့အဖြေအရဆိုရင်တော့ မကြာခင်မှာ လွတ်ငြိမ်းချမ်းသာခွင့်တွေ ရှိလာဦးမယ်ဆိုတာကို တွက်လို့ရတယ်လို့လည်း သတင်းထောက်က ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသားတွေ ဘယ်တော့ လွတ်မလဲဆိုတဲ့ကိစ္စကို အထူးသဖြင့် စကားလုံး အသုံးအနှုန်းအပေါ်မှာ တဘက်နဲ့တဘက် အငြင်းပွားနေတဲ့ ကိစ္စကို သူက ပြောပါတယ်။ ဒီဟာ ဘယ်လိုပဲ အငြင်းပွားသည်ဖြစ်စေ တကယ်ပဲ နိုင်ငံရေးလုပ်လို့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခဲ့တာမှန်ရင်၊ တကယ်ပဲ နိုင်ငံရေးကြောင့်ပဲ ကျခဲ့တယ်ဆိုရင် ဒီလိုလူတွေကို လွှတ်ဖို့အတွက်ကို နိုင်ငံတော်က အထူးကိစ္စအနေနဲ့ စဉ်းစားပါလိမ့်မယ်တဲ့ ဆိုပြီးတော့ ပြောတယ်။ နောက်တစ်ခုက လွှတ်တော်အနေနဲ့ကတော့ ပြီးခဲ့တဲ့အစည်းအဝေးက လွတ်ငြိမ်းချမ်းသာခွင့်ကို ပြောထားပြီးသားဖြစ်တယ်တဲ့။ ဆိုတော့ သူက ဒီကိစ္စတွေ ဖြစ်လာနိုင်တယ်လို့တော့ အရိပ်အမြွက် ပြောတဲ့သဘောတော့ ရှိတယ်။ ဒါကတစ်ချက်ပေါ့နော်။ လွှတ်လာဖို့ ခက်ခဲတဲ့ အနေအထားတွေကို ရွေးချယ်ပြီး ပြောမသွားဘူးပေါ့နော်။ ဖြစ်နိုင်ချေရှိတဲ့ဟာကိုပဲ သူတို့ လွှတ်တော် အနေနဲ့လည်း ထောက်ခံထားပြီးသား။ အဲဒီ အစိုးရအနေနဲ့ကလည်း ချွင်းချက်အနေနဲ့ အထူးကိစ္စအနေနဲ့ စဉ်းစားပေးနိုင်တဲ့ ဘောင်ထဲမှာရှိတယ်ဆိုတာကို ပြောတယ်ဆိုတာက သူက အကောင်းဘက်ကို ပိုရောက်တာပေါ့။”

ဒီလို မြန်မာ့နိုင်ငံရေး အခြေအနေတွေအပြင် ဒီဇင်ဘာလဆန်းမှာ မြန်မာနိုင်ငံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာမယ့်ခရီးစဉ်နဲ့ပတ်သက်လို့ အမေရိကန်နဲ့ မြန်မာနိုင်ငံတိုရဲ့ ရှေ့ဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့လည်း ပြောဆိုခဲ့ပါတယ်။

“သူက ဒီကိစ္စနဲ့ပတ်သက်ပြီး တော်တော်လေး အားရပါးရ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်နိုင်ငံ ဆက်ဆံရေးက မကောင်းခဲ့ဘူးပေါ့နော်။ ကျနော်တို့ နှစ်ဘက် သံတမန်တွေ မထားဘူး၊ နှစ်ပေါင်း တော်တော်ကြာကြာ ဆက်ဆံရေးမကောင်းဘူးတဲ့။ သံအမတ်တွေ မရှိကြဘူးပေါ့နော်။ ဆိုတော့ ဒီကိစ္စမှာ သူက အထူးသဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ပြန်ရလာဖို့ သူက မျှော်လင့်တယ်။ နောက်တစ်ခုက ဒီကနေစပြီး လမ်းပွင့်သွားမယ်၊ ကျန်တဲ့ကိစ္စတွေရောပေါ့နော်။ အဲဒီအခါမှာ သူက ဘာပြောလဲဆိုတော့ နှစ်နိုင်ငံ အစိုးရတွေတင်မဟုတ်ဘဲ နှစ်နိုင်ငံ ပြည်သူတွေရော၊ ကျန်တဲ့ နိုင်ငံတကာက တခြားနိုင်ငံတွေပေါ့နော်။ တကမ္ဘာလုံးပေါ့နော် အကျိုးရှိမယ့်ကိစ္စတွေ ဖြစ်လာမယ့်သဘောတွေ သူ ပြောသွားတယ်။”

ဒါကတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ သတင်းထောက်တစ်ဦး ပြောပြခဲ့တာပါ။ ဒီလိုအချက်တွေအပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ရော၊ အစိုးရအဖွဲ့အပြင် လွှတ်တော်နဲ့ တရားစီရင်ရေး စနစ်တွေမှာ လုံးဝပတ်သက်မှုမရှိတော့ဘူးလို့ သတင်းထောက်တစ်ဦးရဲ့အမေးကို ပြန်ဖြေခဲ့သလို မြန်မာ့နိုင်ငံရေးဟာ နောက်ကြောင်းပြန်လှည့်လို့ မရတော့တဲ့ တိုးတက်မှုအခြေအနေမှာ ရှိနေပြီးတော့ ရှေ့မှာ ပါလီမန်စနစ်ဟာ ပိုပြီး အားကောင်းပီပြင်လာလိမ့်မယ်လို့လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG