သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အကူအညီပေးမှု ပြန်သုံးသပ်ဖို့ Burma Campaign UK တောင်းဆို


မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ ကျောင်းသားတွေကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်းပြီး ဖမ်းဆီး ထိန်းသိမ်းမှုတွေ လုပ်ဆောင်ခဲ့တဲ့အပေါ် Burma Campaign UK - ဗြိတိန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့အဖွဲ့က ပြစ်တင် ရှုတ်ချလိုက်ပြီး နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့လည်း မြန်မာအစိုးရကို အကူအညီပေးနေတဲ့ အနောက်နိုင်ငံတွေအနေနဲ့ ပြန်လည် သုံးသပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ပဲခူးတိုင်း လက်ပံတန်းမြို့မှာ ပညာရေးဥပဒေ ပြင်ဆင် ရေးဆွဲရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းပြီး ရာနဲ့ချီတဲ့သူတွေကို ဖမ်းဆီး ထိန်းသိမ်းလိုက်တဲ့အတွက် မြန်မာအစိုးရကို လက်ရှိ အကူအညီ အထောက်အပံ့တွေ ပေးနေကြတဲ့ အီးယူ၊ ယူကေနဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ မူဝါဒတွေကို ပြန်လည် သုံးသပ်ဖို့ Burma Campaign UK အဖွဲ့က မတ်လ ၁၁ ရက်နေ့ ရက်စွဲနဲ့ ကြေငြာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို အကြမ်းဖက် ဖြိုခွင်းမှု မဖြစ်ခင်မှာ ယူကေ၊ ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနဲ့ တခြား နိုင်ငံတကာက အလှုရှင်တွေအနေနဲ့ ဘယ်အခန်းကဏ္ဍက ပါဝင်ခဲ့သလဲ၊ သူတို့အနေနဲ့ ဘယ်လို အကူအညီတွေ ပေးခဲ့သလဲ၊ ဘာတွေ လုပ်ခဲ့သလဲ၊ ဘာတွေ မလုပ်ခဲ့ဘူးလဲဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

အဓိကရုဏ်းတွေကို နိုင်ငံတကာ စံချိန်စံညွန်းတွေနဲ့အညီ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို EU ဥရောပသမဂ္ဂက သင်တန်း ပို့ချပေးထားတဲ့ကြားက အခုလို အကြမ်းဖက်တဲ့နည်းနဲ့ ကိုင်တွယ်ဖြေရှင်းတဲ့အပေါ် မေးခွန်းထုတ်စရာ ရှိလာတဲ့အပြင် နိုင်ငံတကာက ရတဲ့ အကူအညီတွေယူပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ပြုလုပ်နေတဲ့အတွက် သူတို့အနေနဲ့ အခုလို တောင်းဆိုရခြင်း ဖြစ်ကြောင်း Burma Campaign UK အဖွဲ့က ညွန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။

“မြန်မာအစိုးရကို အကူအညီပေးနေတဲ့ အလှုရှင်တွေအနေနဲ့ သူတို့ရဲ့ မူဝါဒတွေကို ပြန်လည် သုံးသပ်ဖို့အတွက် ကျနော်တို့က တောင်းဆိုနေတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ - အခုချိန်မှာ မေးခွန်းထုတ်စရာ ဖြစ်လာတဲ့ ကိစ္စက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အီးယူက သင်တန်းပို့ချပေးခဲ့တယ်။ နိုင်ငံတကာက အကူအညီပေးတာဟာ ဒီတခုထဲမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ စတင်ကတည်းက နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ အစိုးရကို အကြံဉာဏ်၊ ငွေကြေး၊ နည်းပညာပိုင်း အပါအဝင် အကူအညီတွေ အများကြီး ပေးခဲ့ကြတာပါ။ ဒါပေမယ့် နိုင်ငံတကာ အသိုင်းဝိုင်းက မြန်မာနိုင်ငံအပေါ် ဆက်ဆံနေတဲ့ပုံက တကယ်ပဲ ပြောင်းလဲမှုတွေ ဖြစ်ပြီးသွားပြီ၊ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံဖြစ်သွားပြီ ဆိုတဲ့ ပုံစံမျိုးနဲ့ ဆက်ဆံနေကြတာ ဖြစ်ပါတယ်။”

ဒါပေမဲ့ မြန်မာအစိုးရဟာ စစ်မှန်တဲ့ ဒီမိုကရေစီ အစိုးရမဟုတ်ဘဲ အာဏာရှင် အစိုးရသာ ဖြစ်တယ်လို့ Mark Farmaner က ပြောပါတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့အနေနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ခိုင်းတဲ့အတိုင်း လိုက်လုပ်နေကြရတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံရေး ခေါင်းဆောင်တွေကလည်း ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို ခွင့်မပြုကြဘူးလို့ ဆိုပါတယ်။

မြန်မာအစိုးရကို ပေးနေတဲ့ အကူအညီတွေ ပြန်လည် သုံးသပ်ဖို့ တောင်းဆိုနေတာဟာ မြန်မာနိုင်ငံအတွင်း လူထုကို တိုက်ရိုက် အကျိုးဖြစ်စေတဲ့ အကူအညီတွေကို ရပ်ဆိုင်းပစ်ဖို့ သူတို့အနေနဲ့ တောင်းဆိုခြင်း မဟုတ်ကြောင်းလည်း Mark Farmaner က ဆက်ပြောပါတယ်။

“ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီတွေ အားလုံး ရပ်တန့်ပစ်ဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ဒီအထဲမှာ မတူညီတဲ့ အကူအညီတွေ ပါဝင်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ပေးနေတဲ့ အကူအညီတွေ၊ မြန်မာတွေ ဖွဲ့ထားတဲ့ အကူအညီပေးရေးအဖွဲ့တွေ၊ အသက်ကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးမှုအတွက် အကူအညီပေးနေတဲ့ NGO အဖွဲ့အစည်းတွေကို ပေးနေတဲ့ အကူအညီတွေ ရပ်ပစ်ဖို့ ပြောတာ မဟုတ်ပါဘူး။”

သူတို့ တောင်းဆိုနေတာဟာ မြန်မာအစိုးရကို တိုက်ရိုက် ၊ ဒါမှမဟုတ် သွယ်ဝိုက်တဲ့နည်းနဲ့ အကြံဉာဏ်ပေးနေတဲ့ အဖွဲ့အစည်းတွေ၊ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေကို ပေးနေတဲ့ အကူအညီတွေကို ရပ်တန့်ပေးဖို့၊ ပြန်လည် သုံးသပ်ပေးဖို့အတွက် တောင်းဆိုနေတာ ဖြစ်တယ်လို့ Mark Farmaner က ပြောပါတယ်။

မြန်မာအစိုးရဟာ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး ဖော်ဆောင်ဖို့ဆိုတာထက် သူတို့ရဲ့ အုပ်ချုပ်ရေးယန္တယား ခေတ်မှီ တိုးတက်လာအောင် လုပ်နေတဲ့အပေါ် သူတို့အနေနဲ့ စိုးရိမ် ပူပန်ခြင်းဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

“ကျနော်တို့ စိုးရိမ်နေတဲ့ကိစ္စက မြန်မာအစိုးရဟာ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တယား ပိုပြီး ခေတ်မှီအောင်လုပ်ဖို့ပဲ စိတ်ဝင်စားတာပါ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို စိတ်မဝင်စားပါဘူး။ အဲဒါက သူတို့ရဲ့ ရည်မှန်းချက်ပါ။ နိုင်ငံတကာ အသိုင်းဝိုင်းကလည်း စေတနာမှန်နဲ့ ကူညီတယ်ဆိုရင်တောင် အဲဒီ အကူအညီတွေဟာ မြန်မာအစိုးရက ခေတ်မီတဲ့နည်းနဲ့ ပိုပြီး ဖိနှိပ်ချုပ်ချယ်လို့ရအောင် အကူအညီပေးသလို ဖြစ်နေပါတယ်။”

မြန်မာနိုင်ငံရဲ့ ပညာရေးစံနစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ယူကေ၊ အီးယူနဲ့ အမေရိကန်ပြည်ထောင်စုတို့လည်း တဘက်တလမ်းကနေ အကူအညီပေးနေတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေတဲ့အတွက် ဒီ ပညာရေး ပြုပြင် ပြောင်းလဲမှု အစီအစဉ်မှာ သူတို့အနေနဲ့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုင်၍သော်လည်းကောင်း ပါဝင် ပတ်သက်မှု ရှိ မရှိ ဆိုတာနဲ့ ဘယ်လို အခန်းကဏ္ဍက ပါဝင်ခဲ့တယ်ဆိုတာတွေကို အပြည့်အစုံ ထုတ်ပြန်ပေးဖို့ လိုအပ်ကြောင်းလည်း Burma Campaign UK ရဲ့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် နိုင်ငံတကာ အသိုင်းဝိုင်း ထုတ်ဖော် ပြောဆိုခြင်း မရှိတာ၊ ပြောတဲ့နေရာမှာလည်း ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုတာမျိုး မလုပ်တာတွေဟာ မြန်မာအစိုးရအနေနဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုမရှိပဲ အခွင့်အရေးတွေကို ချိုးဖောက်ချင်သလို ချိုးဖောက်လို့ ရတယ်လို့ ယုံကြည်သွားအောင် အားပေး အားမြောက်ပြုသလို ဖြစ်နေတယ်လို့ Burma Campaign UK ရဲ့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

XS
SM
MD
LG