သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံထဲ တရားမ၀င် ၀င်ရောက်သူ ကနေဒါနိုင်ငံသား ပြန်လွတ်


မြန်မာနိုင်ငံထဲ တရားမ၀င် ၀င်ရောက်သူ ကနေဒါနိုင်ငံသား ပြန်လွတ်

ထိုင်းနိုင်ငံကတဆင့် မြန်မာနိုင်ငံကို နယ်စပ်ဖြတ်ကျော် ရောက်သွားတဲ့ ကနေဒါနိုင်ငံသားကို နှစ်နိုင်ငံ အာဏာပိုင်တွေက မတော်တဆ ဖြစ်ရပ်တခုအဖြစ်နဲ့ ဖမ်းဆီးထားရာက ပြန်လွှတ်ပေးလိုက်ပါတယ်။ မြန်မာနဲ့ ထိုင်းအာဏာပိုင်တွေ ဆွေးနွေးကြပြီးတဲ့နောက် သဘောတူညီချက်ရရှိပြီး စနေနေ့တုန်းက ပြန်လွှတ်ပေး လိုက်တာဖြစ်တဲ့အကြောင်း ထိုင်းစစ်တပ် တာဝန်ရှိသူတဦးက ဒီကနေ့ပဲ သတင်းထောက်တွေကို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာ က တင်ပြထားပါတယ်။

ကနေဒါနိုင်ငံသား ရွန် ဇက်ကရက်စကီး (Ron Zakreski) ကို ထိုင်းနိုင်ငံနယ်စပ်က တဆင့် မြန်မာနိုင်ငံ ဘက်ခြမ်းကို တရားမ၀င် ၀င်ရောက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာအာဏာပိုင်တွေက ဖမ်းဆီးအရေးယူဖို့ စီစဉ်ခဲ့ပေမဲ့ အခုနောက်ဆုံး ဒါဟာ မတော်တဆ ရောက်ရှိသွားတဲ့ လုပ်ရပ်အဖြစ်နဲ့ နှစ်နိုင်ငံ အာဏာပိုင်တွေက ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ထိုင်းစစ်တပ်တာဝန်ရှိသူက ပြောဆိုလိုက်တာပါ။

လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ အရေးယူခံရမယ့်အရေး ရင်ဆိုင်နေရာက ထိုင်းနဲ့မြန်မာအာဏာပိုင်တွေ ဆွေးနွေးညှိနှိုင်းခဲ့ပြီးတဲ့နောက် စနေနေ့ကပဲ မြန်မာအာဏာပိုင်တွေလက်ကနေ ပြန်လွတ်လာတာပါ။ ဒီနောက် ထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေးမှုတွေအရ သူဟာ မတော်တဆ ဥပဒေချိုးဖောက်ခဲ့တာကို တွေ့ရတယ်လို့ ထိုင်းစစ်တပ်ရဲ့ အမှတ် (၄) စစ်ဒေသက ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဆူပါချော့ ထာဝပ်ဖီလာချိုင်း (Supachok Tawatpeerachai) က တနင်္ဂနွေနေ့မှာ သတင်းထောက်တွေကို ရှင်းပြပါတယ်။

“နှစ်နိုင်ငံဥပဒေအရ အမှားကျူးလွန်သွားတာလို့ ပြောလို့ရပါတယ်။ နယ်စပ်မှာတော့ ထိုင်းဘက်က စစ်ဘက်တာဝန်ရှိသူတွေဟာ နယ်စပ်တလျောက် တာဝန်ချတာတွေ မလုပ်နိုင်ခဲ့ပါဘူး။ တာဝန်မယူနိုင်တဲ့နေရာ မမြင်နိုင်တဲ့နေရာတွေမှာ အခုလို နယ်စပ်ဖြတ်ကျော်တဲ့ အမှားမျိုးတွေရှိခဲ့ရင် တားဆီနိုင်ဖို့ သတိပေးဖို့ ခက်ခဲပါတယ်။” - လို့ ပြောသွားပါတယ်။

ကနေဒါနိုင်ငံသားဟာ နယ်စပ်ကို ဖြတ်တဲ့အခါမှာ မြန်မာနိုင်ငံဘက်ခြမ်းမှာတွေ့တဲ့ ထိုင်းနိုင်ငံရဲ့ ကုန်စည်ကြော်ငြာတွေ တွေ့တဲ့အတွက် ထိုင်းဘက်ခြမ်းလို့ပဲ ထင်ပြီး သွားရောက်ခဲ့တာလို့လည်း ဆိုပါတယ်။ ဒီအတွက် မြန်မာအရာရှိတွေကလည်း ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူ့ကို စစ်ဆေးမေးမြန်း ပြီးတဲ့အခါမှာ အပြစ်မရှိဘူးလို့ ယူဆပြီး ပြန်လွှတ်ပေးလိုက်တဲ့အတွက် ကောင်းတဲ့အလားအလာ ပါပဲလို့ ပြောသွားခဲ့ပါတယ်။ ဒီလို မတော်တဆ မှားယွင်းမူကို သက်ဆိုင်ရာ အာဏာပိုင်အချင်းချင်း ညှိနှိုင်းလိုက်တဲ့ အတွက် ပြန်လည် လွတ်မြောက်လာတာ ဖြစ်တယ်လို့လည်း ထိုင်းစစ်တပ် တာဝန်ရှိသူက ပြောဆိုခဲ့ပေမဲ့ မြန်မာအာဏာပိုင်တွေ ဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်လို့ တစုံတရာ ပြောဆိုတာမျိုး မရှိပါဘူး။ ဖမ်းဆီးရာက ပြန်လွတ်လာတဲ့ ကနေဒါနိုင်ငံသား ရွန် ဇက်ကရက်စကီး ကိုတော့ အခုနောက်ဆုံး သူနေထိုင်ရာ မဲဆောက်မြို့က တည်းခိုခန်းကို အာဏာပိုင်တွေက ပြန်ခွင့်ပြုလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတားအောက်က တရားမ၀င်လမ်းကနေ သွားပြီးသတင်းရယူဖို့ ကြိုးစားခဲ့တဲ့ ဂျပန်သတင်းထောက် တယောက် ဖမ်းဆီးခံခဲ့ရတုန်းကလည်း ပြန်လည်လွတ်မြောက်ရေးကို ဂျပန်သံရုံးကနေ ၀င်ရောက် ညှိနှိုင်းပြီးနောက်ဆုံး ထိုင်းဘက်ခြမ်းကို ပြန်ပို့ပေးခဲ့တာပါ။

မြန်မာအစိုးရကို လက်နက်ကိုင် တော်လှန်နေတဲ့ တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ကြား ပဋိပက္ခတွေ ဖြစ်ပွားလေ့ရှိတဲ့ ထိုင်း-မြန်မာနယ်စပ် ဒေသမှာ ဥပဒေမဲ့ ဖြတ်ကျော်မှုတွေကို မြန်မာနိုင်ငံသားတွေသာမက သတင်းထောက်တွေအပါအ၀င် နိုင်ငံခြားသားတွေလည်း အကြောင်းအမျိုးမျိုးနဲ့ ၀င်ရောက်လေ့ရှိတဲ့အတွက် မြန်မာအာဏာပိုင်တွေကတော့ သတိထား စောင့်ကြည့်နေတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG