သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းထုတ်စာစောင် အများအပြား ဆင်ဆာတင်စရာ မလို


ပြည်တွင်းထုတ်စာစောင် အများအပြား ဆင်ဆာတင်စရာ မလို
ပြည်တွင်းထုတ်စာစောင် အများအပြား ဆင်ဆာတင်စရာ မလို

ဖြစ်ပေါ်လာမယ့် နိုင်ငံရေး စနစ်သစ်အရ စာပေစိစစ်ရေး မူဝါဒ အပြောင်းအလဲကြောင့် ဂျာနယ်၊ မဂ္ဂဇင်းနဲ့ လုံးချင်းစာအုပ်တချို့ စာပေစိစစ်ရေး တင်စရာမလိုဘဲ ထုတ်ဝေခွင့် ပေးသွားဖို့ မြန်မာအာဏာပိုင်တွေက စီစဉ်နေပါတယ်။ ဒါပေမဲ့လည်း သတင်းအခြေခံ ထုတ်ဝေမှု မပါဝင်သလို ကန့်သတ်မှုတွေ ရှိနေဆဲ ဖြစ်တဲ့အတွက် နောက်ဆုံး မူဝါဒ အပြောင်းအလဲ အပေါ်မှာတော့ သတင်းလွတ်လပ်ခွင့် စောင့်ကြည့်နေသူတွေက သံသယ အမြင်တွေ ရှိနေကြဆဲ ဖြစ်ပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

အနုပညာ၊ သုတ၊ ရသ၊ အားကစား၊ ကျန်းမာရေး၊ ကလေးကဏ္ဍ၊ ဂမ္ဘီရနဲ့ နည်းပညာဆိုင်ရာ မဂ္ဂဇင်းတွေဟာ ပြောင်းလဲတော့မယ့် မူဝါဒသစ်အရ စိစစ်ရေး တင်စရာ မလိုတော့ဘူးလို့ စာပေစိစစ်ရေးအဖွဲ့က ပြီးခဲ့တဲ့ သောကြာနေ့မှာ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ကို အကြောင်းကြားလာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူး ဦးကိုကိုက အစိုးရသစ် ဖွဲ့ပြီးချိန်မှာ ဒီမူဝါဒ အသက်ဝင်လာမယ်လို့ ဆိုပါတယ်။

“လောလောဆယ်ကတော့ ပြန်ကြားရေး ဝန်ကြီးဌာန အနေနဲ့ မူအားဖြင့် သဘောတူထားတယ်။ သို့သော် အစိုးရ အပြောင်းအလဲ ရှိနေတယ်။ အစိုးရသစ်နဲ့ အဟောင်းကြားထဲ ဖြစ်နေတဲ့အတွက် အစိုးရသစ်က တာဝန်ယူပြီးချိန်မှာ အစိုးရသစ်မှာ တာဝန်ယူမယ့် ပြန်ကြားရေး ဝန်ကြီးအသစ် ထပ်လာရင် ဒီဟာတွေ လုပ်ပေးမယ်လို့ ပြောတယ်။ ဒါက သူတို့ပြောတဲ့အတိုင်း၊ ကျနော့်စိတ်ထဲ ထင်တာကတော့ ဧပြီလအတွင်း သို့မဟုတ် မေလလောက်မှာ ဒီစနစ်သစ်က ဖြစ်လာမယ်ထင်တယ်။”

အခုလို ပြောင်းလဲလိုက်တာကြောင့် လက်ရှိ ထုတ်ဝေနေတဲ့ ဂျာနယ် ၈၄ စောင်နဲ့ မဂ္ဂဇင်း ၁၁၃ စောင်ဟာ စိစစ်ရေးမတင်ဘဲ ထုတ်ဝေခွင့် ရလာမှာ ဖြစ်ပါတယ်။ သတင်းနဲ့ နိုင်ငံရေး အမျိုးအစား ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေကတော့ အရင်အတိုင်း စာပေစိစစ်ရေးက ခွင့်ပြုမှ ထုတ်ဝေခွင့်ရမှာ ဖြစ်ပါတယ်။ အကန့်အသတ်တချို့ ရှိတယ် ဆိုပေမဲ့ မူဝါဒ ပြောင်းလဲလိုက်တာဟာ စာပေလွတ်လပ်ခွင့် ရလာနိုင်မယ့် အလားအလာကောင်းလို့ ဦးကိုကိုက သုံးသပ်ပါတယ်။

“ဒါကတော့ သေချာတာပေ့ါဗျာ။ စာပေစိစစ်ရေးကို မဖြတ်ချင်ဘူး၊ စိစစ်ရေးကို ကျော်လွှားချင်တယ်လို့ ကျနော်တို့ စာပေလောကသားတွေက ခဏခဏ ပြောနေတယ်။ အခုက အကုန်လုံး မဟုတ်တောင်မှ ကျနော်တို့ သိပ်ပြီးတော့ ဘယ်လိုခေါ်မလဲ too sensitive သိပ်မဖြစ်တဲ့ဟာပေါ့ဗျာ။ အဓိကဟာတွေကို စပြီးတော့ လေ့ကျင့်ခန်းလုပ်တဲ့ အနေနဲ့ ပေးလိုက်တာ ကောင်းတဲ့လက္ခဏာပါပဲ။ ကျနော်တို့ ဘယ်အရာမှာမဆို လွတ်လပ်လာရင် တာဝန်ယူမှုတွေတော့ တွဲပါလာမှာပေါ့ဗျာ။”

အခုလို စာစောင်တွေဟာ ဆင်ဆာအဖွဲ့ကတဆင့် သွားစရာမလိုဘူး ဆိုပေမဲ့ ထုတ်ဝေမှုတွေအပေါ် တာဝန်ယူရမှာ ဖြစ်သလို ကျင့်ဝတ်ချိုးဖောက်တယ်လို့ သိရှိရင်လည်း အရေးယူတာတွေ လုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုအခြေအနေတွေ ရှိနေဆဲ ဖြစ်တာမို့ အခုပြောင်းလဲလိုက်တဲ့ အပြောင်းအလဲတွေဟာ အပြည့်အ၀ လွတ်လပ်ခွင့် ရတယ်လို့ မဆိုနိုင်ကြောင်း ပြည်ပအခြေစိုက် BMA မြန်မာ့သတင်းသမဂ္ဂရဲ့ ဒု-ဥက္ကဋ္ဌ ဦးဇင်လင်းက ပြောပါတယ်။

“အရေးကြီးတာ သတင်းစာ လွတ်လပ်ခွင့်ဆိုတာ သတင်းဂျာနယ်တွေ၊ သတင်းစာတွေကို လွတ်လပ်ခွင့် ပေးရမှာ။ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့် ပေးရမှာ။ အခုကတော့ တဆင့်ချင်းသွားမယ်လို့ တချို့ကတော့ ယူဆတာပေ့ါလေ။ သို့သော် ကျနော်တို့က ဒီနေ့ လွှတ်တော်အခင်းအကျင်းကို ကြည့်တဲ့အခါကျတော့လည်း ဒီဟာတွေက လူမြင်ကောင်းအောင် အဖာအထေးတွေ လုပ်ပြနေတယ်လို့ အဲဒီလိုပဲ မြင်တယ်။ ဒီလောက်ကလေး ပေးရုံနဲ့တော့ စာပေလွတ်လပ်ခွင့်၊ စာနယ်ဇင်း လွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့်ဟာ ဘယ်လောက်မှ ထူးခြားသွားမယ်လို့ မထင်ဘူး။”

နယ်စည်းမခြား သတင်းထောက်များအဖွဲ့နဲ့ သတင်းသမား ကာကွယ်ရေး ကော်မတီတို့ကတော့ မြန်မာနိုင်ငံကို စာနယ်ဇင်း လွတ်လပ်ခွင့် နိမ့်ကျတဲ့ နိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စာပေစိစစ်ရေးဟာ သတင်းဂျာနယ်၊ မဂ္ဂဇင်းတွေကိုသာမက နိုင်ငံရေးနဲ့ ပတ်သက်တယ်လို့ ယူဆရတဲ့ စာနယ်ဇင်းသမားတွေရဲ့ စာတွေကိုပါ ပိတ်ပင်တတ်ပါတယ်။

XS
SM
MD
LG