သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန်းခေါင်စာရင်းကောက်ခံမှု ရခိုင်နဲ့ကချင်မှာ သက်တမ်းတိုး


ရခိုင်ပြည်နယ် စစ်တွေမြို့အနီးက ဘုမေ မူဆလင်ရွာမှာ သန်းခေါင်စာရင်း ကောက်ယူနေစဉ်။
ရခိုင်ပြည်နယ် စစ်တွေမြို့အနီးက ဘုမေ မူဆလင်ရွာမှာ သန်းခေါင်စာရင်း ကောက်ယူနေစဉ်။
ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီတွေ နေထိုင်ရာဒေသနဲ့ ကချင်ပြည်နယ်အတွင်း ကျေးရွာတွေမှာ သန်းခေါင်စာရင်း ကောက် ခံရေး နှောင့်နှေးကြန့်ကြာနေတဲ့အတွက် အဲဒီဒေသတွေမှာ အပြီးသတ် ကောက်ခံနိုင်ရေး မေလကုန်လောက် အထိ ဆက်လက် ကြိုးပမ်းသွားမှာဖြစ်တဲ့အကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဒီကနေ့ ရန်ကုန်တိုင်း လွှတ်တော်ရုံးမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောလိုက်ပါတယ်။

သူ့အဆို ဘင်္ဂါလီတွေ နေထိုင်ရာဒေသတွေအတွင်း သန်းခေါင်စာရင်း ကောက်ခံနိုင်ရေးအတွက် အောက်ခြေအဆင့် ဒေသခံခေါင်းဆောင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ အကြိမ်ကြိမ် ညှိနှိုင်းခဲ့ပေမဲ့ အောင်မြင်မှု မရခဲ့ဘူးလို့လည်း သတင်းစာရှင်းလင်းပွဲမှာ ဦးခင်ရီက ပြောပါတယ်။

“Friday မှာ ကျနော် ရခိုင်ပြည်နယ်ကို ထပ်ပြီးတော့ သွားပါမယ်။ အခြားကိစ္စတွေ လုပ်ရင်းနဲ့ ကျနော် ပြောသွားပါမယ်။ ပြီးလို့ရှိရင် ကျနော် ဒီလထဲမှာပဲ တခေါက် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များအသီးသီးနဲ့ ဒီစာရင်းပြန်ကောက်နိုင်အောင် ကျနော် ကြိုးစားဆောင်ရွက်ပေးပါမယ်။ ကျနော်တို့ရဲ့ Technical Delay အရ ရပ်ပြီးတဲ့အချိန်ကစပြီး ၆ ပတ် သို့မဟုတ် ၈ ပတ် ကောက်လို့ရတာ ဖြစ်တဲ့ အတွက်ကြောင့် ကျနော် မေလနောက်ဆုံးရက်အထိ ကြိုးစားဆောင်ရွက်သွားဖို့ ရှိပါတယ်။ အဲ့ဒီရက်ကိုမှ ကျနော်တို့ ကောက်လို့မရရင်တော့ ဒီလုပ်ငန်းက ရပ်တန့်ရမှာ ဖြစ်ပါတယ်လို့ ကျနော့်အနေနဲ့ တင်ပြချင်ပါတယ်။ ကျနော်တို့ ကြိုးစားပြီးတော့ Census ရဲ့ တကယ့် အနှစ်သာရကို ကျနော် ရှင်းပြပါမယ်။ ရိုဟင်ဂျာဆိုတာ ကျနော်တို့ နိုင်ငံမှာ ကန့်ကွက်ထားတာ ဖြစ်တဲ့အတွက်ကြောင့် ရိုဟင်ဂျာရဲ့ ရပ်တည်ချက်ကို ကျနော်တို့ တောင်းမှာမဟုတ်ပါဘူး။ တဘက်ကလည်း ဘင်္ဂါလီလို့ ပြောရမှာခက်တယ်ဆိုရင် ဘင်္ဂါလီလို့လည်း မပြောနဲ့၊ ဒီဘက်ကလည်း ရိုဟင်ဂျာလို့ မပြောနဲ့။ Ethnicity ကို မေးရင် မဖြေတဲ့နည်းနဲ့ လက်ခံပေးမယ်ဆိုရင်လည်း ကောက်ယူမယ်လို့ ကျနော်တို့ ကြိုတင် ကြေညာပြီးတော့ ကောက်ယူသွားမှာဖြစ်ပါကြောင်း ဖြေကြားလိုပါတယ်။”

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ဖြစ်ပါတယ်။

ကချင်ဒေသအတွင်း ကျန်နေသေးတဲ့ ကျေးရွာ ၂၅ ရွာမှာ သန်းခေါင်စာရင်း ဆက်လက် ကောက်ခံနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ခေါင်းဆောင်တွေကို တောင်းဆိုထားတယ်လို့လည်း ဦးခင်ရီက ရှင်းပြပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် သန်းခေါင်စာရင်းကို ဧပြီလဆန်းက ကောက်ခံခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်း ကောက်ခံတာမှာ ရိုဟင်ဂျာကို လူမျိုးတမျိုးအဖြစ် အသိအမှတ်ပြု ကောက်ခံမှာမဟုတ်တဲ့အကြောင်း မြန်မာ အစိုးရဘက်က ပြောဆိုချက်နဲ့ ပတ်သက်လို့လည်း ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့နဲ့ နိုင်ငံတကာက ဒီကိစ္စအပေါ်မှာ စိုးရိမ်တဲ့အကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG