သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ပြန်လှည့်ဖို့ ရည်ရွယ်ချက်မရှိဟု သမ္မတပြောခွင့်ရ ပြော


ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း မဟာသန္တိသုခကျောင်းဖြစ်ရပ်နဲ့ စာနယ်ဇင်းတချို့ကို ရဲအထူးတပ်ဖွဲ့က ခေါ်ယူမေးမြန်းခဲ့တဲ့ အခြေအနေတွေကြောင့် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ နောက်ကြောင်းပြန်လှည့်ဖို့ အလားအလာ ဖြစ်လာပြီလားဆိုတဲ့ စိုးရိမ်ချက်တွေကို သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူက ပယ်ချပါတယ်။

မူပြောင်းပြီး လူဟောင်းတွေနဲ့ ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်နေတာကြောင့် နဂိုကတည်းက အသားကျခဲ့ပြီးသား လုပ်နည်းလုပ်ဟန်တွေ အခုချိန်ထိ တွေ့နေရတာဖြစ်တယ်လို့ သုံးသပ်တာမျိုးလည်း ရှိပါတယ်။ အပြည့်အစုံကို ဗွီအိုအေရဲ့ ရန်ကုန်သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

အသွင်ကူးပြောင်းရေးကာလမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ အမျိုးသားရင်ကြားစေ့ရေးအတွက် သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ ရည်မှန်းချက်ထား လုပ်ဆောင်နေတယ်လို့ အကြိမ်ကြိမ် ပြောဆိုနေပေမဲ့ ဒီဇွန်လအတွင်းမှာ ဖြစ်ခဲ့တဲ့ မဟာသန္တိသုခ ဘုန်းတော်ကြီးကျောင်းကိစ္စ၊ သံဃာတော်တွေကို အဓမ္မ လူဝတ်လဲ ဖမ်းဆီးတဲ့ကိစ္စနဲ့ သတင်းမီဒီယာတွေကို သတင်းရဲတပ်ဖွဲ့က မေးမြန်းမှုတွေလုပ်တဲ့ ကိစ္စကတော့ တိုင်းပြည်အတွက် စိုးရိမ်စရာ အနေအထားတွေ ဖြစ်တယ်လို့ မြန်မာ့အရေး လေ့လာသူတွေက ပြောဆိုပါတယ်။

သံဃာတော်တွေကို အင်အားသုံး ဆောင်ရွက်တဲ့ကိစ္စနဲ့ စာနယ်ဇင်းတွေကို ခေါ်ယူမေးမြန်းတဲ့ ကိစ္စတွေဟာဆိုရင်လက်ရှိ မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ ကြည့်မယ်ဆိုရင်တောင် ကိုက်ညီမှု မရှိသလို ပြုပြင်ပြောင်းလဲရေး၊ အမျိုးသားရင်ကြားစေ့ရေးတွေ ဆောင်ရွက်နေမှုမှာ နောက်ကြောင်းပြန်နိုင်တဲ့ သဘောထိတောင် စိုးရိမ်စရာ ကောင်းတယ်လို့ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

“ဒီလိုပုံစံမျိုးဆက်ပြီး ခြေလှမ်းတွေ လှမ်းလာမယ်ဆိုလို့ရှိရင် ဒီမြန်မာအစိုးရရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေအပေါ်မှာ သံသယဖြစ်ဖွယ် အနေအထားတွေကို တွေ့ရတယ်ဗျာ။ နောက်တဘက်က ခုနပြောတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို ဒီလိုမျိုး လူဝတ်လဲတာ၊ ဗုဒ္ဓဘာသာကျောင်းတိုက်ကို ဝင်သိမ်းတာ၊ ဒါကလည်းပဲ တကယ်တမ်းသေချာ ဆန်းစစ်ကြည့်လို့ရှိရင် ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါတဲ့ ပြဌာန်းချက်တွေနဲ့ မလျော်ညီတာကို တွေ့ရတယ်ဗျ။ နောက်ပြီးတော့ ဟို ကျနော့်အမြင် ပြောရလို့ရှိရင်ပေါ့ဗျာ ဥပမာ - တရားနည်းလမ်းနဲ့ပေါ့ဗျာ ဓမ္မစက်နဲ့ ဖြေရှင်းလို့ရတဲ့နည်းလမ်းတွေကို အနေအထားတွေကို သူက အာဏာစက်နဲ့ပါ သူက ဝင်ပြီးတော့ ဖြေရှင်းတဲ့ပုံစံကို ချက်ချင်းလုပ်တဲ့ အနေအထားတွေ တွေ့ရတဲ့အခါကျတော့ အရင် အစိုးရလက်ထက်ကလုပ်တဲ့ ပုံစံတွေနဲ့ သိပ်ပြီးတော့ မကွဲလွဲတာကို တွေ့ရတယ်။ အဲ့ဒီအခါကျကတော့ ဒီအခြေအနေ ၂ ခုစလုံးကတော့ ပြောမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ကို စိုးရိမ်စရာရှိတဲ့ အနေအထား ၂ ခုလို့ ကျနော်ကတော့ မြင်တယ်။”

တချိန်တည်းမှာပဲ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရှိသူလည်းဖြစ်၊ ပြန်ကြားရေး ဒုဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်ကတော့ ပြုပြင်ပြောင်းလဲရေးဟာ နောက်ဆုတ် ဖို့ထက် ရှေ့တိုးဖို့ပဲရှိပြီးတော့ အဲဒီလို ရှေ့တိုးတဲ့နေရာမှာ ပါဝင်ပတ်သက်သူတွေ ရဲ့ အမြင်ကျယ်မှုကလည်း အရေးကြီးတယ်လို့ ပြောပါတယ်။

“ကျနော်တို့ အစိုးရအဖွဲ့ရော၊ တပ်မတော်ရောက ပြုပြင်ပြောင်းလဲလုပ်ငန်းကို ရှေ့ ဆက်ပြီးတော့ ဆောင်ရွက်ဖို့ပဲ ကျနော်တို့က ဆုံးဖြတ်ထားတာ။ ဒီနေရာမှာတော့ ကျနော်တို့က ခုနပြောသလို ဟုတ်လား ရှေ့ကိုတော့သွားရမှာပဲ ရှေ့ကို သွားတဲ့လမ်းက မြန်မလား၊ နှေးမလား အနှောင့်အယှက် ရှိမလား၊ မရှိဘူးလား ဆိုတာတော့ ပါဝင်ပတ်သက်တဲ့သူတွေအားလုံး အမြင်ကျယ်ကျယ် လုပ်တဲ့အပေါ်မှာ မူတည်တာပေါ့လေ။ နောက်ကြောင်းပြန်လှည့်ဖို့ဆိုတာတော့ ကျနော်တို့ ဘယ်လိုမှ ဖြစ်နိုင်စရာမရှိဘူး။”

အစိုးရအဖွဲ့အနေနဲ့ လတ်တလော ဖြစ်သွားတဲ့ ဖြစ်ရပ်တွေအပေါ်မှာ ပွင့်လင်း မြင်သာမှုရှိရှိ ပြည်သူကို တိတိကျကျ ပြန်လည် ပြောဆို ဖြေကြားပေး တာမျိုးတွေ မရှိတဲ့အတွက် အစိုးရနဲ့ ပြည်သူအကြား သို့လောသို့လောတွေ များလာသလို ပြင်ပမှာလည်း ကောလာဟာလတွေ များလာတာဖြစ်တယ်လို့ မြန် မာနိုင်ငံ စာနယ်ဇင်းကောင်စီရဲ့ အတွင်းရေးမှူး ဦးကျော်မင်းဆွေ က ပြောပါတယ်။

“မဟုတ်တဲ့အကြောင်းပြချက်၊ မခိုင်လုံတဲ့အကြောင်းပြချက်၊ မဆီလျော်တဲ့အကြောင်းပြချက်နဲ့ ပြောနေတဲ့အခါကျတော့ သို့လောသို့လောတွေ ဖြစ်ကုန်တာပေါ့။ အဲ့တော့ အဓိကပြဿနာက ဘာလဲဆိုတော့ အစိုးရက ဘာလုပ်လုပ် မပွင့်လင်းတာ။ ပွင့်လင်းမြင်သာမှုမရှိတာ။ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ရိုးရိုးသားသား သတင်းထုတ်ပြန်မှု မရှိတဲ့အတွက် ဒါတွေက ထင်ယောင်ထင်မှားတွေဖြစ်၊ တမင်သက်သက် ရည်ရွယ်ချက်နဲ့လုပ်တယ်လို့ အပြောခံရတာတွေဖြစ်၊ ကောလဟာလတွေ ဖြစ်ကုန်တာလေ။”

အရပ်သားတပိုင်း အစိုးရအနေနဲ့ အရင် စစ်အာဏာရှင်လက်ထက်က အကျင့်တွေအတိုင်း လုပ်ဆောင်တာဟာ တိုင်းပြည်အုပ်ချုပ်သူတွေဟာ အရင် လူဟောင်းတွေထဲက အုပ်ချုပ်သူတွေကပဲ ဆက်ပြီး အုပ်ချုပ်နေတဲ့အတွက် အကျင့်ဟောင်းတွေ ပါနေတာဖြစ်တယ်လို့ သုံးသပ်သူကတော့ မြန်မာ့မီဒီယာအရေးနဲ့ မြန်မာ့နိုင်ငံရေး စောင့်ကြည့်သူ ဦးစိန်ဝင်း ဖြစ်ပါတယ်။

“ဘာကြောင့်ဖြစ်လဲဆိုတော့ အရင်လူဟောင်းတွေပဲ လုပ်ခဲ့ပြီးတော့ အရင် အကျင့်ဟောင်းတွေကိုပဲ ဆက်ပြီးတော့ စွဲကိုင်ထားလို့ပဲလို့ အဓိကကတော့ သူ့ရဲ့အကျိုးစီးပွား၊ ဟုတ်လား အရင်စနစ်တုန်းကလို ဟာမျိုးအတိုင်းနဲ့ပဲ သွားမယ်ဆိုလို့ အကျိုးစီးပွားတွေက ကျန်မြဲ ကျန်နေခဲ့တယ်ပဲဗျ။ အဲ့ဒါတွေကို မစွန့်ခွာနိုင်ခဲ့တာပဲ။ ပထမတော့ ထွက်လာခါစတုန်းကတော့ ဟုတ်လား ဒီဟာတွေ မရှိတော့ပါဘူး။ ကျနော်တို့ စနစ်သစ်ကိုသွားမယ်။ ဒါပေမဲ့ တကယ့်တကယ် လုပ်ရင်းလုပ်ရင်းနဲ့ အကျိုးစီးပွား ထိခိုက်မှုတွေ ဖြစ်လာတဲ့အခါကျတော့ ဇာတိရုပ်တွေက တခါတခါမှာ သွားပြီး ပေါ်လာတဲ့သဘော ဖြစ်တာပဲခင်ဗျ။”

ဇွန်လ ၁၀ ရက်နေ့က တာမွေမြို့နယ် မဟာသန္တိသုခ ကျောင်းတိုက်ကို အာဏာပိုင်တွေ ဝင်ရောက်စီးနင်းပြီး သံဃာတော် ၅ ပါးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တာပါ။ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သံဃာတော်တွေကို သင်္ကန်းဝတ်ကနေ လူဝတ်လဲပြီးတော့ တာမွေတရားရုံးမှာ အမှုစစ်ဆေးပြီးတော့ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

အစိုးရရဲ့သတင်းရဲတပ်ဖွဲ့အနေနဲ့ ဇွန်လ ၂၀ ရက်နေ့တုန်းက အစိုးရလက်နက်စက်ရုံကိစ္စ ရေးသားခဲ့တဲ့ UNITY ဂျာနယ်၊ ပြည်သူ့ခေတ် ဂျာနယ်၊ မြန်မာပို့စ်နဲ့ မြန်မာပိုစ့် ဂလိုဘယ်ဂျာနယ်၊ The VOICE ဂျာနယ်နဲ့ The VOICE သတင်းစာတွေကို မေးမြန်းမှုတွေ လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG