သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကလေးလုပ်အား လျှော့ချရေး အမေရိကန်အစိုးရ ဒေါ်လာ ၅ သန်းကူ


မြန်မာနိုင်ငံတွင်း ကလေးလုပ်သား လျော့ပါးရေးအတွက် ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်က ဆောင်ရွက်နေတဲ့ အစီအစဉ်တွေအပေါ်မှာ အမေရိကန် အလုပ်သမားရေး ဝန်ကြီးဌာနကနေ ဒေါ်လာ ၅ သန်း အကူအညီ အထောက်အပံ့ ပေးသွားမယ်လို့ အမေရိကန် အလုပ်သမားရေးဝန်ကြီး Thomas E.Perez က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း ကလေးလုပ်သား လျော့ကျလာရေးနဲ့၊ မြန်မာအစိုးရအနေနဲ့ အလုပ်သမားရေးရာ နိုင်ငံတကာ စံနှုန်းစံထားတွေကို လိုက်နာလာစေရေး ILO ရဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့အတွက် ဒေါ်လာ ၅ သန်း ထောက်ပံ့တာဖြစ်တယ်လို့ ဖော်ပြပါတယ်။

ပြဿနာရဲ့ သဘောသဘာဝကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လာနိုင်ပြီး၊ ကလေးငယ်တွေကို ပိုပြီး အကာအကွယ်ပေးနိုင်အောင် ဖြစ်တယ်လို့ နိုင်ငံတကာရေးရာ ဒုတိယလက်ထောက် အလုပ်သမားရေးဝန်ကြီး Carol Pier က ပြောပါတယ်။

အကူအညီပေးတဲ့ အစီအစဉ်တွေထဲမှာတော့ မြန်မာနိုင်ငံက ကလေးလုပ်သားတွေကို အသေအချာ ပြုစု သုတေသနပြုဖို့၊ ကလေးလုပ်သား လျော့ကျရေးဆိုင်ရာ နိုင်ငံအဆင့်နဲ့ ဒေသအဆင့် အဖွဲ့အစည်းတွေ ဆောင်ရွက်ချက်စွမ်းရည်ကို မြှင့်တင်ပေးဖို့ ကလေးငယ်တွေအပေါ် လုပ်အားအရ အမြတ်ထုတ်မှုတွေကို ဟန့်တားဖို့နဲ့ ကလေးလုပ်သားကိစ္စ တိုင်းပြည်တွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် သိလာအောင် ဆောင်ရွက်သွားဖို့ ဆိုတာတွေ ပါဝင်ပါတယ်။

ILO ရဲ့ ဒီအစီအစဉ်တွေကိုတော့ ဒေသအဆင့်၊ နိုင်ငံအဆင့် အစိုးရအဖွဲ့အစည်းတွေ၊ ဝန်ကြီးဌာနတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြား အလုပ်သမားအဖွဲ့အစည်းတွေ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့လည်း လက်တွဲ ဆောင်ရွက်သွားဖို့ ဖြစ်တယ်လို့ အမေရိကန် အလုပ်သမားရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG