သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သား စုဆောင်းမှု မြန်မာပြည်မှာ ရှိနေဆဲ


ကလေးစစ်သား စုဆောင်းမှု မြန်မာပြည်မှာ ရှိနေဆဲ
ကလေးစစ်သား စုဆောင်းမှု မြန်မာပြည်မှာ ရှိနေဆဲ

မြန်မာနိုင်ငံ အပါအဝင် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ ကလေးသူငယ်တွေဟာ မြေဇာပင် ဖြစ်နေရတယ်လို့ မနေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ ကလေးသူငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ကလေးစစ်သား စုဆောင်းမှုတွေလည်း ဆက်ပြီး ရှိနေတုန်းပဲလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခရေးရာ အထူးကိုယ်စားလှယ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့က ကုလသမဂ္ဂ ရုံးချုပ်မှာ မေလ ၁၁ ရက် ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ ကလေးသူငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခများအကြောင်း သတင်းစာ ရှင်းလင်းပွဲအတွင်း အထူးကိုယ်စားလှယ် ရာဒီခါ ကူမာရာဆွာမိ (Radhika Coomaraswamy) က အဲဒီလို ပြောဆိုခဲ့တာပါ။ ကမ္ဘာတဝန်းက ပဋိပက္ခပေါင်း ၂၂ ခုကို စောင့်ကြည့်ခဲ့ပြီး အနည်းဆုံး ၁၅ နေရာလောက်မှာ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေ တိုက်ခိုက်ခံခဲ့ရတာကိုလည်း ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဆိုရင်တော့ အခု အသစ်တက်လာတဲ့ အစိုးရနဲ့ ပူးပေါင်းပြီး ကလေးစစ်သား စုဆောင်းမှု ပြဿနာတွေကို ကုလသမဂ္ဂက သေသေချာချာ ကိုင်တွယ် ဖြေရှင်းသွားမယ်လို့ မစ်စ် ကူမာရာဆွာမိက အခုလို ပြောခဲ့ပါတယ်။

“မြန်မာပြည်နဲ့ ပတ်သက်ပြီး ကလေးစစ်သားအဖြစ် သိမ်းသွင်းခံခဲ့ရတဲ့ သူတွေကို ပြန်ပြီး လွှတ်ပေးဖို့ ဆောင်ရွက်ရေး လုပ်ငန်းစီမံချက်တွေ ချနိုင်အောင် ဆက်ပြီး ဖိအားပေးနေပါတယ်။ ကျမတို့အနေနဲ့ သိထားရသလောက် မြန်မာပြည်မှာ ရွေးကောက်ပွဲ ပြီးတဲ့နောက်ပိုင်း ဒီပြဿနာကို ဖြေရှင်းရေး ရှေ့တိုးပြီး လုပ်ဆောင်ဖို့ မြန်မာအစိုးရဘက်က အဆင်သင့်ပဲလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း လက်ရှိ အခြေအနေတွေမှာကိုပဲ ကလေးစစ်သား စုဆောင်းမှုတွေက ဆက်ပြီး ရှိနေတယ် ဆိုတာလည်း သိထားပါတယ်။ ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်နဲ့ တခြား အဖွဲ့အစည်းတွေကလည်း ကလေးစစ်သား စုဆောင်းမှုတွေ အဆုံးသတ်အောင် ဆက်ပြီး ကြိုးစားနေကြပါတယ်။

“ဒီနှစ်ကုန်ပိုင်းမှာတော့ ကျမတို့နဲ့ မြန်မာအစိုးရ ပူးပေါင်းပြီး ကလေးစစ်သား စုဆောင်းမှု ပပျောက်အောင် လုပ်ဆောင်ရေး စီမံချက်တွေ ချသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ နောက်ပြီးတော့ တချို့ စစ်သားစုဆောင်းရေး စခန်းတွေထဲကို သွားပြီး ဘယ်သူတွေက ကလေးစစ်သားတွေ ဖြစ်နေသလဲ ဆိုတာကိုလည်း သိနိုင်အောင် လုပ်ဆောင်ခွင့် ရလိမ့်မယ်လို့လည်း မျှော်လင့်ထားတယ်။” လို့ မစ်စ် ကူမာရာဆွာမိက ပြောဆိုသွားခဲ့တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်အစိုးရ အုပ်ချုပ်မှုကနေ အရပ်သား အစိုးရ အုပ်ချုပ်မှု စနစ်တရပ်ကို ကူးပြောင်းသွားခဲ့ပေမဲ့လို့ ဒီလို ကလေးစစ်သား စုဆောင်းမှုတွေနဲ့ ပတ်သက်ပြီး အခြေအနေတွေဟာ သိသိသာသာ တိုးတက်လာတာ မတွေ့ရသေးဘူးလို့လည်း မစ်စ် ကူမာရာဆွာမိက ပြောဆိုခဲ့ပါတယ်။

အရင်နှစ်တွေက ကုလသမဂ္ဂ အပါအဝင် လူ့အခွင့်အရေး အဖွဲ့တွေက ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာဆိုရင် ဒီလို လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးသူငယ်တွေကို အသုံးပြုမှုဟာ အစိုးရ တခုတည်းက လုပ်ဆောင်တာ မဟုတ်ဘဲ စစ်အစိုးရနဲ့ ပဋိပက္ခ ဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ကလည်း အသုံးပြုတာ ရှိတယ်လို့ ပြောဆိုခဲ့ကြတာပါ။

ထိုင်းနိုင်ငံ အခြေစိုက် ကရင် လူ့အခွင့်အရေး အဖွဲ့ကတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား အဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ရွာတွေမှာ စာသင်ကျောင်းတွေ မီးရှို့ဖျက်ဆီး ခံရတာမျိုး၊ ကလေးငယ်တွေဟာ မိသားစုနဲ့အတူ ဘေးလွတ်ရာကို ထွက်ပြေးကြရတဲ့အတွက် ပညာမသင်ကြားနိုင်မျိုးတွေအပြင် သေနတ်သံကြားတိုင်း ထွက်ပြေးနေကြရတဲ့ ကလေးငယ်တွေ အနေနဲ့ စိတ်ပိုင်းဆိုင်ရာ အရလည်း ထိခိုက်မှုတွေ ရှိတယ်လို့ ကရင် လူ့အခွင့်အရေးအဖွဲ့ (KHRG) ရဲ့ နယ်လှည့်ကွင်းဆင်း တာဝန်ခံ ကိုစောအဲဘတ်က အခုလို ပြောပါတယ်။

“ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲပြီးတော့ DKBA နဲ့ နအဖကြား တိုက်ပွဲတွေ ဖြစ်နေကြတယ်။ အဲဒီအချိန်ကစပြီး နယ်စပ်တလျှောက်မှာရှိတဲ့ ကျောင်းတွေ အပိတ်ခံရတယ်။ ပြန်ပြီး မလည်ပတ်နိုင်ဘူး။ နောက် ရွာသားတချို့ ဒီဘက်ကို ပြောင်းလာရတဲ့ အခြေအနေမျိုးမှာ သူတို့ စာတော့ ဆက်မသင်တော့ဘူး။ ဒါပေမဲ့ နောက်တနှစ် အနေနဲ့ ကျောင်းသားရဲ့ အရည်အချင်းကို စစ်ဖို့အတွက် စာမေးပွဲတွေတော့ ကျနော်တို့ လုပ်ပေးတယ်။ ထိုင်းနိုင်ငံဘက်လာပြီး စာမေးပွဲ ပြန်ဖြေတာတို့၊ အဲဒီလိုမျိုး။

“အခု နယ်စပ်မှာ ဖြစ်နေတဲ့ DKBA နဲ့ နအဖကြား တိုက်ပွဲတွေမှာ နအဖစစ်တပ်က ရွာထဲကို မဝင်ခင် လက်နက်ကြီးနဲ့ ထုပြီးတော့မှ ရွာထဲကို ဝင်လာတယ်။ သူတို့ဝင်တဲ့ ရွာကို မီးရှို့တယ်၊ ကျောင်းလည်း မီးရှို့ပစ်တယ်။ ကလေးတွေနဲ့ ပတ်သက်လို့တော့ သေနတ်သံကြားရင် ပြေးရမယ်ဆိုတာ သူတို့ သိတယ်။ အမြဲတမ်း ကြောက်နေရတာ။”

ဒီလိုအခြေအနေတွေကို မကြာခဏ ရင်ဆိုင်လာရတဲ့အတွက် တချို့ ကလေးငယ်တွေဟာ ပညာရေးမှာ စိတ်ပါဝင်စားမှု မရှိတော့ဘဲ ကျောင်းထွက်တာမျိုးတွေအပြင် ငယ်စဉ်ကတည်းက အခုလို ကြုံတွေ့နေရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာမှာလည်း ထိခိုက်မှုတွေ ရှိတယ်လို့ KHRG ရဲ့ နယ်လှည့်ကွင်းဆင်း တာဝန်ခံ ကိုစောအဲဘတ်က ပြောပြခဲ့ပါတယ်။

XS
SM
MD
LG