သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သားအရေး အစိုးရ ပိုပွင့်လင်းလာ


ကလေးစစ်သားအရေး အစိုးရ ပိုပွင့်လင်းလာ
ကလေးစစ်သားအရေး အစိုးရ ပိုပွင့်လင်းလာ

မြန်မာနိုင်ငံမှာ ကလေးစစ်သား မရှိတော့အောင် လုပ်ဆောင်မယ်လို့ ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမှာ ပြုလုပ်တဲ့ (၅၉) ကြိမ်မြောက် ကုလသမဂ္ဂ ကလေးအခွင့်အရေး ဆိုင်ရာ စာချုပ် ကော်မတီရဲ့ ကြာသပတေးနေ့က ကျင်းပတဲ့ အစည်းအဝေးမှာ မြန်မာအစိုးရ ကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ ကလေးအခွင့်အရေး ဆိုင်ရာ လှုပ်ရှားနေတဲ့ အဖွဲ့တွေကတော့ ဒါနဲ့ပတ်သက်ပြီး သံသယတွေ ရှိနေဆဲပါ။ဒီအကြောင်းကိုတော့ ဒေါ်ခင်မျိုးသက်က အပြည့်အစုံ တင်ပြထားပါတယ်။

ကုလသမဂ္ဂ ကလေးအခွင့်အရေး စာချုပ်ကော်မတီ CRC (Convention on the Rights of the Child) (၅၉) ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ကြားနာမှုကို ဇန်နဝါရီလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အစိုးရဘက်က အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးမောင်ေ၀ ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၆ ဦး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ ကလေးအခွင့်အရေးနဲ့ လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့ ၂၁ ဖွဲ့ စုပေါင်း ဖွဲ့စည်းထားတဲ့ Child Rights Forum Burma အဖွဲ့ သီးခြား အစီရင်ခံစာ တစ်စောင် တင်သွင်းခဲ့သလို အဖွဲ့ကိုယ်စား ဦးအောင်မျိုးမင်းက တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပြောင်းလဲသွားပြီမို့ ကလေး အခွင့်အရေး အခြေအနေတွေလည်း တိုးတက်လာပြီ ဖြစ်သလို ကလေးစစ်သား မရှိစေဖို့အတွက် လုပ်ဆောင်နေတယ်လို့ အစိုးရဘက်က တင်ပြခဲ့ကြောင်း အစည်းအဝေးကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

"ကလေးစစ်သားတွေ ရှိတယ်။ ဒါပေမဲ့ ILO နဲ့ ပေါင်းပြီးတော့ ပြန် လွှတ်တာတွေ၊ မိဘရင်းဆီ ပြန်ပို့ဆောင်တာတွေ လုပ်ဆောင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ မေးခွန်းတစ်ခုကို ဖြေကြားတဲ့နေရာမှာတော့ စစ်တပ်အတွင်းမှာ အရင်တုန်းက ကလေးစစ်သားတွေ ရှိခဲ့ပါတယ်။ အဲဒီကလေးတွေ ရှိခဲ့တဲ့ဟာက လူတွေရဲ့ သဘောသဘာဝအတိုင်း မှားယွင်းပြီးတော့ လက်ခံမိလို့ ဖြစ်တဲ့ အကြောင်းအရာကို သူတို့က ဝန်ခံသွားတယ်။ ကလေးစစ်သားကို စနစ်တကျ စုဆောင်းနေတဲ့ ပေါ်လစီမျိုး မရှိဘူးလို့တော့ ထပ်ပြီးတော့ ငြင်းပါတယ်။ ဒါပေမဲ့ နောက်ဆုံး ပြောသွားတဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ သံအမတ်ကြီး ပြောသွားတဲ့အထဲမှာတော့ အရင်တုန်းက ကလေးစစ်သား ရှိခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆိုရင်တော့ ကလေးစစ်သား လုံးဝမရှိအောင် လုပ်ဆောင်သွားမယ်လို့ ကတိပေးတဲ့အကြောင်း ပြောကြားချက်ကတော့ ထူးခြားချက်တစ်ခုလို့ ကျနော် ပြောချင်ပါတယ်။"

သံအမတ်ကြီး ဦးမောင်ဝေရဲ့ ဒီပြောကြားချက်နဲ့ ပတ်သက်ပြီးတော့ ဦးအောင်မျိုးမင်းတို့ဘက်က ဘယ်လောက် အတိုင်းအတာအထိ ယုံကြည်လဲ သိပါရစေ။ -

"အခုလက်ရှိ အနေအထားကတော့ ကျနော်တို့ သံသယကြီးစွာနဲ့ လက်ခံရမယ့်သဘောမျိုး ဖြစ်ပါတယ်။ သူတို့အနေနဲ့ ပူးပေါင်း ဆောင်ရွက်မှု ကိစ္စတွေ လုပ်ပါတယ်လို့ ပြောပေမဲ့ ILO ရဲ့လှုပ်ရှားမှုတွေမှာ၊ ILO မှာ တိုင်ကြားမှုတွေက တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ လုံး၀ မရှိသေးဘူး။ နောက်တစ်ခါ ကလေးစစ်သား အသုံးပြုမှုနဲ့ ပတ်သက်လို့ စစ်တပ်တင်မကဘဲ လက်နက်ကိုင်အဖွဲ့တွေမှာလည်း ရှိနေပါတယ်။ ဒါပေမဲ့ လက်နက်ကိုင်အဖွဲ့တွေ ဒေသကို ကုလသမဂ္ဂ အေဂျင်စီတွေ သွားလာဖို့အတွက် ကန့်သတ်ထားတာ၊ သူတို့နဲ့ တွေ့ဆုံဖို့အတွက် ခွင့်မပြုတာတွေက ဒီအစိုးရပိုင်းမှာ လုပ်ဆောင်မှု အားနည်းနေတာ ရှိတဲ့အတွက် အမှန်တကယ် သူတို့ပြောတဲ့အတိုင်း လုပ်ဆောင်တယ် ဆိုလို့ရှိရင်တော့ ခုနကတုန်းက ပိတ်ပင်ထားတဲ့အချက်တွေကို ပထမဦးဆုံး ဖယ်ရှားဖို့ လိုအပ်မယ်၊ နောက်တစ်ခါ စစ်တပ်တွေထဲမှာ ကလေးစစ်သား ရှိမရှိကို နိုင်ငံတကာ စုံစမ်းစစ်ဆေးတဲ့ အဖွဲ့တွေ ကိုယ်တိုင်က လာရောက် လေ့လာဖို့အတွက် ခွင့်ပြုဖို့ လိုအပ်သေးတယ်။ အဲဒါတွေကို မလုပ်မချင်းကတော့ ကလေးစစ်သား ပပျောက်အောင် လုပ်ဆောင်တယ် ဆိုတဲ့အပေါ်မှာ ကျနော်တို့ သံသယ ဆက်လက်ရှိနေရဦးမှာပါ။"

ကလေးသူငယ် အခွင့်အရေးဆိုင်ရာ မြန်မာနိုင်ငံမှာ ချိုးဖောက်မှု အတိုင်းအတာ ဘယ်လောက်ရှိတယ်လို့ ဦးအောင်မျိုးမင်း မြင်ပါသလဲ။ -

"တော်တော် ဆိုးပါတယ်။ ဆိုးတယ်ဆိုတာ ကျနော်တို့ အာရှနိုင်ငံတွေ အတွင်းမှာ တိုင်းတာမလား၊ ကမ္ဘာမှာ တိုင်းတာမလား။ ကျနော်တို့ အများကြီးရှိတယ်။ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခတွင်းမှာရှိတဲ့ ကလေးတွေအပေါ်မှာ အကြမ်းဖက်မှုတွေ ဆက်လက် ရှိနေတုန်းပဲ။ နောက်တစ်ခါ ကလေးတွေအပေါ် သတ်ဖြတ်တာတွေ၊ ပေါ်တာခိုင်းတာတွေ ဒီအချိန်ထိ ရှိနေတုန်းပဲ။ ကလေး အလုပ်သမားကိစ္စ တော်တော် ဆိုးဆိုးရွားရွား ဖြစ်နေပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးတွေ လမ်းပေါ်မှာ၊ ဈေးဆိုင်တွေမှာ၊ မိုင်းတွေမှာ အများကြီး တွေ့နေပါတယ်။ ဒါက ဘာလဲဆိုရင် ဥပဒေအရ အရေးယူမှုတွေ အားနည်းနေသလို ပညာရေးကိစ္စ၊ ကျန်းမာရေးကိစ္စမှာ ကျနော်တို့ နိုင်ငံရဲ့ ဘတ်ဂျက်က အရမ်းကို နည်းနေပါတယ်။ ကော်မတီဝင် တော်တော်များများကလည်း ထောက်ပြတယ်။ တိုင်းပြည်မှာ သယံဇာတတွေကို ရောင်းချပြီး ရတဲ့ပိုက်ဆံတွေကို ကလေးတွေအတွက် အကျိုးရှိတဲ့ ပညာရေး၊ ကျန်းမာရေးမှာ မသုံးဘဲနဲ့ စစ်ရေးမှာ အသုံးပြုနေခြင်း ကိုယ်တိုင်က ကလေးတွေရဲ့ မွေးဖွားမှု၊ သေဆုံးမှု၊ ကျောင်းထွက်မှုနှုန်းတွေ ပိုများပြားအောင် ဖြစ်နေတဲ့ အခြေအနေ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ကလေး အခြေအနေက အခုချိန်ထိ ဆိုးရွားနေတုန်းပါပဲ။"

၂၀၀၄ ခုနှစ်ကစပြီး မြန်မာနိုင်ငံတွင်း ကလေးသူငယ်ဆိုင်ရာ စစ်တမ်းကောက်ယူဖို့ အတွက် ကော်မတီကနေ ညွှန်ကြားခဲ့ပေမဲ့ မူလတန်းကနေ အလယ်တန်း ပညာဆက်ပြီး သင်ယူသူဟာ ၅၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့သာ တင်ပြနိုင်ခဲ့ပြီး ကျန်အချက်အလက်တွေကို စနစ်တကျ မတင်ပြနိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာ ပြောင်းလဲနေပြီလို့ ပြောကြားခဲ့တဲ့ မြန်မာအဖွဲ့ကို ကော်မတီဘက်က ကျေနပ်မှု မရှိကြောင်း တွေ့ခဲ့ရတယ်လို့ လည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။

XS
SM
MD
LG