သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှု တရုတ်ဆွေးနွေးလို


မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှု တရုတ်ဆွေးနွေးလို
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှု တရုတ်ဆွေးနွေးလို

မြန်မာနိုင်ငံရဲ့ မြစ်ဆုံစီမံကိန်းကိစ္စ ရပ်ဆိုင်းလိုက်ပြီလို့ သမ္မတဦးသိန်းစိန်က ပြောဆိုလိုက်တဲ့နောက် ဒီစီမံကိန်းမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်နိုင်ငံဘက်ကတော့ တရုတ်အမျိုးသားပိုင် ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားနဲ့ ဥပဒေရပိုင်ခွင့်ကို လေးစားဖို့နဲ့ အကာအကွယ်ပေးဖို့ တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်ကို တိုက်တွန်းလိုက်ပါတယ်။ မြန်မာ့အရေး စောင့်ကြည့်သူတွေကတော့ နောက်နောင်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ သိသာပွင့်လင်းတဲ့ လုပ်ထုံးလုပ်နည်း ဥပဒေစည်းမျဉ်းတွေ မြန်မာ အစိုးရဘက်က ချမှတ်ထားဖို့လိုအပ်မယ်လို့ ပြောပါတယ်။ ကိုသားညွှန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

အခု မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ ပေါ်လာတဲ့ပြဿနာတွေကို နှစ်နိုင်ငံအကြားမှာ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်တယ်ဆိုပြီး တရုတ်နိုင်ငံခြားရေးဌာနက စနေနေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒေါ်လာ ၃.၆ ဘီလီယံ တန်ဖိုးရှိတဲ့ ဒီမြစ်ဆုံစီမံကိန်းကို နှစ်နိုင်ငံစလုံး အသေအချာ ဆန်းစစ်လေ့လာပြီးမှ နှစ်ဘက် သဘောတူညီခဲ့တာဖြစ်လို့ ဒီကိစ္စကို ဆက်လုပ်မလုပ်ဆိုတာ နှစ်ဘက်စလုံးရဲ့ သဘောနဲ့ တိုင်ပင်ဆုံးဖြတ်ရမယ် ဆိုတဲ့သဘော တရုတ်နိုင်ငံခြားရေးဘက်က တုံ့ပြန်လိုက်တာပါ။ တရုတ်အမျိုးသားပိုင် ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားနဲ့ ရပိုင်ခွင့်တွေကို လေးစားဖို့ လိုအပ်တယ်လို့လည်း တရုတ်နိုင်ငံခြားရေး ပြောခွင့်ရသူက မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

မြစ်ဆုံဆည်စီမံကိန်းဟာ နှစ်ဘက်စလုံး နှံ့နှံ့စပ်စပ် ဆန်းစစ်ပြီးမှ တရုတ်နဲ့မြန်မာ နှစ်နိုင်ငံ ပူးတွဲ ရင်းနှီးမြှုပ်နှံလုပ်တဲ့ စီမံကိန်းဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ပြောခွင့်ရသူ ဟုန်လီ (hong lei) ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး နိုင်ငံခြားရေးဌာနက ကြေညာချက် ထုတ်ပြန်တာဖြစ်ပါတယ်။ မြန်မာ့အရေး သုံးသပ်သူ ဦးအောင်ခင်ကတော့ တရုတ်နိုင်ငံအနေနဲ့ သူ့အကျိုးစီးပွားကြောင့် မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေနေတယ် ဆိုတာကိုတော့ သဘောပေါက်သင့်တယ်လို့ သူ့အမြင်ကို ပြောသွားပါတယ်။ အခု ပြဿနာကြောင့်တော့ တရုတ်-မြန်မာ ဆက်ဆံရေးကို ကြီးကြီးမားမား ထိခိုက်စရာမရှိဘူးလို့ သူက သုံးသပ်ပါတယ်။

“နိုင်ငံခြားမှာရှိတဲ့ တရုတ်အကျိုးစီးပွားကို ကာကွယ်ရမယ်ဆိုတဲ့ မူဝါဒ တရုတ်မှာရှိတယ်။ အရင်တုန်းကတော့ နိုင်ငံခြားမှာနေတဲ့ တရုတ်တွေဟာ နိုင်ငံခြားဥပဒေကိုပဲ လိုက်နာရမယ်ဆိုပြီး ရှိခဲ့တယ်။ နောက်ပိုင်း အခုခေတ် တရုတ်ကတော့ အဲဒီလိုမဟုတ်ဘူး။ နိုင်ငံခြားမှာရှိတဲ့ တရုတ်အကျိုးစီးပွားကို ကာကွယ်ရမယ်လို့ သူက ဆိုတယ်။ ဒါပေမဲ့ အခု ဒီကိစ္စက တရုတ်အကျိုးစီးပွားကြောင့် မြန်မာအကျိုးစီးပွား ပျက်စီးမယ့်ကိစ္စကို သူတို့ ထည့်စဉ်းစားဖို့လိုတာပေါ့။ သူ့အကျိုးစီးပွားချည်းပဲ တဘက်ကကြည့်နေတယ်။ တရုတ်က အဲဒီအကျင့်ရှိတယ်။ ကိုယ့်လိုချင်တာတခုပဲ ကြည့်ပြီး စီးပွားရေးဆန်ဆန်ပေါ့လေ သူများဘာဖြစ်ဖြစ် ဆိုပြီးတော့ပေါ့။ တရုတ်ပြည်မှာ ဒီ စရိုက်လက္ခဏာ အလွန်ကြီးမားတယ်။”

အဲဒီတော့ အခု မြန်မာအစိုးရသစ်နဲ့ တရုတ်နဲ့ကြားထဲမှာ ဆက်ဆံရေးပိုင်းမှာ ဒီကိစ္စကြောင့် ဘယ်လို ဖြစ်လာနိုင်လဲခင်ဗျ၊ အန်ကယ့်အမြင်ပေါ့။ -

“စီးပွားရေးနဲ့ပတ်သက်လို့ကတော့ သူတို့ အပေးအယူရှိတာပေါ့လေ။ ဆက်ဆံရေးက အများကြီး ရှိသေးတာကိုး။ ဒီရေကာတာတခုတည်းမှ မဟုတ်ဘဲ။ ရေနံပိုက်လိုင်းလို မြန်မာပြည်က ရစရာတွေ ရှိသေးတာကိုး။ အဲဒီတော့ တရုတ်ကတော့ ဆက်ဆံရေးတော့ အပျက်ခံမှာမဟုတ်ဘူး။ ရေကာတာတွေ မရလို့ရှိရင် ယူနန်ကတော့ ထိခိုက်မှာပေါ့။ လောလောဆယ် ယူနန်နဲ့ ဆက်ဆံရေးပဲ။ တရုတ်အစိုးရကတော့ ဆက်ဆံရေး မထိခိုက်အောင် သူ လုပ်မှာပေါ့။ လောလောဆယ် ပြဿနာဖြစ်နေတာက ယူနန်က ကုမ္ပဏီတွေနဲ့ပဲ ဖြစ်မှာပေါ့။”

မြစ်ဆုံစီမံကိန်း ယာယီရပ်ဆိုင်းတာကြောင့် တရုတ်-မြန်မာဆက်ဆံရေး ကြီးကြီးမားမား ထိခိုက်မှာ မဟုတ်ဘူးလို့ ဦးအောင်ခင်က ယူဆပေမဲ့ မြန်မာ့အရေးလေ့လာသူ သုတေသီ ဦးသန့်မြင့်ဦးကတော့ ဒီကိစ္စအပေါ်မှာ မြန်မာဘက်က သတိကြီးကြီးတော့ ထားရမယ်လို့ မြင်ပါတယ်။ ဗွီအိုအေရဲ့ အမေးကို သူက စာနဲ့ပဲ တုံ့ပြန်ထားရာမှာတော့ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ စီးပွားရေး အလျင်အမြန် တိုးတက်အားကောင်း လာတဲ့ နိုင်ငံဖြစ်တာမို့ သူ့အိမ်နီးချင်းနိုင်ငံ တနိုင်ငံအဖြစ်နဲ့ မြန်မာဘက်ကရလာနိုင်မယ့် အကျိုးအမြတ် တွေကိုလည်း ရယူဖို့အတွက် တရုတ်နဲ့ဆက်ဆံရေး ဆက်ကောင်းနေဖို့ လိုမယ်လို့ သူက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ဟာ အရေးကြီးတဲ့ နိုင်ငံရေး အပြောင်းအလဲတရပ်အဖြစ် မှန်ကန်တယ်လို့ သူက ရှုမြင်ထားပါတယ်။ တဘက်မှာတော့ တရုတ် အစိုးရဘက်က ဒီကိစ္စကို စိုးရိမ်ပြီး ဖြေရှင်းချက် လိုချင်တဲ့အပေါ်မှာလည်း နားလည်လို့ရတယ်လို့ သူက ဆိုပါတယ်။

ဒါကြောင့်လဲ အခုအချိန်ရော အနာဂါတ်ကာလအတွက် ရင်းနှီးမြှုပ်နှံမှု အားလုံးအတွက် လိုအပ်တဲ့ ဥပဒေ စည်းမျဉ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးတွေ ထားရှိဖို့နဲ့ တချိန်တည်းမှာ ဒီရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့၊ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပြုပေးဖို့ ဆိုတာတွေလည်း ထည့်သွင်းစဉ်းစားဖို့ ဦးသန့်မြင့်ဦးက တိုက်တွန်းပါတယ်။

မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းဟာ တရုတ်စွမ်းအင် ရင်နှီးမြှုပ်နှံမှုကုမ္ပဏီ၊ မြန်မာအမှတ် (၁) လျှပ်စစ်ဝန်ကြီး ဌာနနဲ့ မြန်မာပုဂ္ဂလိကပိုင်း အေးရှဝေါလ် ကုမ္ပဏီတို့ ပူးတွဲရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဒီ စီမံကိန်းကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလမှာ စတင်ဖော်ဆောင်ခဲ့တာပါ။

မြန်မာပြည်တွင်းက အထင်ကရပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေ၊ အနုပညာရှင်တွေ၊ နိုင်ငံရေးအစုအဖွဲ့တွေက ဒီစီမံကိန်းကို မကြာခင်က ကန့်ကွက်ပြောဆိုမှုတွေ ကျယ်ကျယ်လောင်လောင် ဖြစ်ခဲ့ပြီးနောက် သမ္မတ ဦးသိန်းစိန်က ဒီစီမံကိန်းကို သူ့လက်ထက်မှာ ယာယီ ရပ်ဆိုင်းထားလိုက်ပြီလို့ တနေ့ကပဲ လွှတ်တော်မှာ တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

XS
SM
MD
LG