မကြာခင်ရက်ပိုင်းတွင်း တရုတ် နိုင်ငံကို မြန်မာဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးနဲ့ အဖွဲ့သွားပြီး မြစ်ဆုံဆည် စီမံကိန်း ပိတ်လိုက်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ ကိစ္စတွေကို ဆွေးနွေးညှိနှိုင်းမှာ ဖြစ်ပါတယ်။ နန်ကျင်းမှာ ပြုလုပ်မယ့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို သွားတက်ရောက်မှာ ဖြစ်ပေမဲ့ အဓိကဆွေးနွေးမယ့် ကိစ္စကတော့ မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်နေပါတယ်။ ဒီသတင်းအပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။
ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးနဲ့အတူ လျှပ်စစ်နဲ့ စွမ်းအင်ရေးရာဝန်ကြီး ဦးဇော်မင်း အပါအဝင် မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ လာမယ့် အောက်တိုဘာ ၁၇ နဲ့ ၁၈ ရက်တွေမှာ တရုတ်နိုင်ငံကို သွားမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံ နန်ကျင်းမှာ ပြုလုပ်မယ့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို တက်ရောက်ဖို့ သွားမှာဖြစ်ပေမဲ့ တရုတ်နဲ့အကျိုးတူ လုပ်ဆောင်ထားတဲ့ မြစ်ဆုံဆည် စီမံကိန်း ရပ်လိုက်တဲ့ကိစ္စကို အဓိကပြောဆိုဖို့ ဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာ ၃ ဘီလျံကျော် တန်ဖိုးရှိတဲ့ မြစ်ဆုံစီမံကိန်းကို သမ္မတ ဦးသိန်းစိန်က သူ့အစိုးရ လက်ထက်မှာ ရပ်ဆိုင်းထားမယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် ဒီကိစ္စကို သူတို့နဲ့ဆွေးနွေးဖို့ကိုလည်း တရုတ် နိုင်ငံခြားရေးဌာနက တောင်းဆိုထားပါတယ်။ ဒါ့ကြောင့် မကြာခင်မှာ မြန်မာ အစိုးရအဖွဲ့ဟာ တရုတ်နိုင်ငံကို သွားဖို့ ခရီးစဉ်ရှိလာတော့မှာ ဖြစ်တယ်လို့ အများက တွက်နေကြတာပါ။ သမ္မတ အကြံပေးအဖွဲ့က အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးနေဇင်လတ်ကတော့ အခု ဒုတိယသမ္မတနဲ့အဖွဲ့ မကြာခင် တရုတ်နိုင်ငံကိုသွားမယ့် ခရီးစဉ်နဲ့ပတ်သက်လို့ အတိအကျမသိပေမဲ့ မြစ်ဆုံစီမံကိန်း ရပ်လိုက်တဲ့ကိစ္စန့ဲပတ်သက်ပြီး နှစ်နိုင်ငံ အစိုးရချင်း ဆက်ပြီး ညှိနှိုင်းစရာတွေ ရှိမှာတော့ဖြစ်တယ်လို့ ပြောပါတယ်။
“ဒါကတော့ ကွန်ထရက်တခု ပျက်ပြယ်တယ် ဆိုလို့ရှိရင် ညှိနှိုင်းရတဲ့ သဘာဝတွေ ရှိပါတယ်။ နောက်ဆက်တွဲမှာတော့ ကျနော် ထင်ပါတယ်။ သင့်လျော်တဲ့ အဆင့်တခုကနေပြီး တရုတ်ကုမ္ပဏီတွေနဲ့ အစိုးရပိုင်းတွေ နားလည်အောင် ပြောပြပြီးတော့မှ ညှိနှိုင်းပြီးတော့ ပြီးဆုံးသွားတဲ့အထိ ဆောင်ရွက်သွားမယ်လို့ ကျနော် ယူဆပါတယ်။”
နှစ်ပေါင်း အတော်ကြာကတည်းက မဟာဗျူဟာမြောက် ဆက်ဆံရေးတွေ နှစ်နိုင်ငံကြား ရှိထားတာဖြစ်ပြီး မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းမယ် ဆိုတဲ့အတွက် နှစ်နိုင်ငံအကြား ဆက်ဆံရေး ထိခိုက်စရာ ဖြစ်လာနိုင်တယ် လို့လည်း ခန့်မှန်ပြောဆိုနေကြတာပါ။ ဦးနေဇင်လတ်ကတော့ တရုတ်နဲ့ မြန်မာဟာ နှစ်နိုင်ငံ ပူးပေါင်းပြီး အကျိုးတူ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေ အများကြီးထဲက တခုသာ ရပ်လိုက်တာမို့ တရုတ်နဲ့ မြန်မာ ဆက်ဆံရေး ထိခိုက်စရာ မမြင်ဘူးလို့ ဆိုပါတယ်။
“ဘာကြောင့်လဲလို့ ပြောလို့ရှိရင် တရုတ်နဲ့ မြန်မာနဲ့ ဆက်ဆံရေးမှာ အထူးသဖြင့် စီးပွားရေး ဆက်ဆံမှု ကိစ္စရပ်တွေက တော်တော်လေး ကြီးကြီးမားမား ရှိတယ်လေ။ အဲဒီအထဲက ဒါက တစ်ခုသာဖြစ်တယ်။ ဆိုတော့ ဖြစ်ခါစမှာတော့ နည်နည်းလေးတော့ ပူပူနွေးနွေးလေး ဖြစ်တဲ့အတွက်ကြောင့်မိုလို့ တဘက်ကတော့ ကျေနပ်စရာတော့ အားနည်းရင် နည်းမှာပေါ့လေ။ သို့သော်လည်း ပထဝီနိုင်ငံရေးအရ ပြောရင်ကော၊ နိုင်ငံတကာ နိုင်ငံရေးအရ ပြောမယ်ဆိုလို့ရှိရင်လည်း အဲဒါတွေက ပိုပြီးတော့ ဦးစားပေးစရာ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ နိုင်ငံအဆင့်ထိလောက်တော့ ကျနော်တို့အတွင်းမှာ မူ မမြင်ရပါဘူးခင်ဗျာ။”
မြစ်ဆုံစီမံကိန်းကို အဓိကလုပ်နေတဲ့ တရုတ် စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ CPI ကတော့ ဒီလုပ်ငန်းရပ်လိုက်တာကနေ ဥပေဒကြောင်းအရ ရှင်းစရာတွေ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။ တကယ်တော့ နိုင်ငံတိုင်းဟာ မိမိအကျိုးစီးပွားကိုသာ ရှေ့တန်းတင် စဉ်းစားကြတာ ဖြစ်တာမို့ အခုလည်း ပြည်သူလူထုအကျိုးအတွက် သမ္မတ ဦးသိန်းစိန်က စဉ်းစား ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ သဘာဝပတ်ဝင်းကျင် ထိန်းသိမ်းရေးအဖွဲ့ FREDA အဖွဲ့က ဦးအုန်းကပြောပါတယ်။
“ကျနော်တို့ကတော့ committed ဖြစ်တာထက်ကို ပေးတဲ့အတွက် တရားစွဲတာတို့ ဘာတို့ လုပ်နိုင်တာပေါ့။ ဒါက သူတို့အလုပ်ကိစ္စပေါ့။ ဒါကတော့ သူတို့ စာချုပ်စာတမ်းအရ မကိုက်ညီရင် တရားစွဲနိုင်တာပေါ့။ ဒါပေမဲ့ သူတို့ မပါဘဲနဲ့ ဆုံးဖြတ်တယ်ဆိုပြီးတော့ ပြောတာက ဒါကတော့ ကျနော်တို့ကို သက်သက် စော်ကားတာ။ ကျနော်တို့နိုင်ငံ တနိုင်ငံလုံးက မလုပ်ပါနဲ့။ အစိုးရကလည်း သဘောတူတယ်။ အဲဒါ ဆုံးဖြတ်တာက ဘာမှမမှားဘူး။ ဒီကိစ္စထဲမှာ သူတို့ ဝင်ရှုပ်စရာ ဘာမှမလိုဘူး။ သူတို့ တရားစွဲချင်ရင် စွဲပေါ။ လျော်ကြေးတောင်းချင်ရင် တောင်းပေါ့။ ဒါတွေက သူတို့ လုပ်သင့်တယ်။”
မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းလိုက်တဲ့ကိစ္စအတွက် ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးနဲ့အဖဲ့ွ တရုတ်ပြည် မသွားခင် ရှေ့ရက်ပိုင်းတွေအတွင်းမှာလည်း သမ္မတ ဦးသိန်းစိန်ဟာ အိန္ဒိယနိုင်ငံကို သွားဖို့ရှိပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံရဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးရာအပြင် စစ်ဘက်ဆက်ဆံရေး ကိစ္စတွေကိုပါ သူ့ခရီးစဉ်အတွင်း ဆွေးနွေးဖို့လည်းရှိပါတယ်။