သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကတိတည်ဖို့ တရုတ်တိုက်တွန်း


မြန်မာကတိတည်ဖို့ တရုတ်တိုက်တွန်း
မြန်မာကတိတည်ဖို့ တရုတ်တိုက်တွန်း

မြန်မာနဲ့တရုတ် နှစ်နိုင်ငံကြား ပူးတွဲ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေကို ပေးထားတဲ့ကတိအတိုင်း ဆောင်ရွက်ဖို့ တရုတ်ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ တည်ဆောက်မယ့် ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းကို မြန်မာနိုင်ငံဘက်က ဆိုင်းငံ့ထားဖို့ ကြေညာခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး နဲ့တွေ့ဆုံရာမှာ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် (Wen Jiabao) က ပြောလိုက်တာပါ။

စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေ အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ ဖြစ်စေဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ သဘောတူထားတဲ့ ကိစ္စတွေကို ဆက်လက် အကောင်အထည်ဖော်ဖို့နဲ့ ပေးထားတဲ့ ကတိတွေကိုလည်း ထိန်းသိမ်းသွားဖို့ တရုတ်နိုင်ငံ နန်နင်းမြို့က တရုတ်နဲ့အာဆီယံ ပူးတွဲ ကုန်စည်ပြပွဲအတွင်း မြန်မာဒုသမ္မတကို ပြောခဲ့တဲ့အကြောင်း အစိုးရပိုင် တရုတ်ပြည်သူ့နေ့စဉ် သတင်းက ဖော်ပြပါတယ် အတူပူးတွဲ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေဟာ နှစ်နိုင်ငံစလုံးရဲ့ အကျိုးစီးပွားအတွက် ဖြစ်တဲ့အကြောင်းလည်း တရုတ် ဝန်ကြီးချုပ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

မြစ်ဆုံရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းကိုတော့ ဒေါ်လာသန်း ၃,၆၀၀ အကုန်အကျခံပြီး တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ကချင်ပြည်နယ်မှာ တည်ဆောက်သွားမှာ ဖြစ်ပေမဲ့လည်း ပတ်ဝန်းကျင်နဲ့ ဒေသခံတွေ ထိခိုက်မှာကို စိုးရိမ်မှုတွေ အကြီးအကျယ် ထွက်ပေါ်ခဲ့တဲ့နောက် ပြီးခဲ့တဲ့လထဲမှာပဲ သမ္မတဦးသိန်းစိန်က သူ့အစိုးရလက်ထက်မှာ ဆိုင်းငံ့ထားဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။

ဒီအတွက် စီမံကိန်း တည်ဆောက်မယ့် တရုတ်စွမ်းအင် ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း (CPI) သာမက အစိုးရအာဏာပိုင်တွေဆီကပါ ကန့်ကွက်သံတွေ ထွက်ပေါ်ခဲ့တာပါ။ မြန်မာဒုသမ္မတ ဦးတင်အောင်မြင့်ဦး ကတော့ ရေကာတာ စီမံကိန်းမှာ အချေအတင်ဖြစ်စရာ ကိစ္စတွေကြောင့် နှစ်နိုင်ငံကြား တည်ဆောက်ထားတဲ့ ဆက်ဆံရေးတွေကို မထိခိုက်စေဖို့ ကြိုးပမ်းသွားမယ်လို့ တရုတ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံရာမှာ ကတိပေးသွားပါတယ်။

XS
SM
MD
LG