သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုးချဲ့လာနေတဲ့ တရုတ်-မြန်မာ စီးပွားရေး ဆက်ဆံမှု


မြန်မာသမ္မတ ဦးသိန်းစိန် ဟာ တရုတ်ဝန်ကြီးချုပ် အပါအဝင် ထိပ်တန်းခေါင်းဆောင်တွေနဲ့ ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့တာပါ။
မြန်မာသမ္မတ ဦးသိန်းစိန် ဟာ တရုတ်ဝန်ကြီးချုပ် အပါအဝင် ထိပ်တန်းခေါင်းဆောင်တွေနဲ့ ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့တာပါ။

မေလ ၃၀၊ ၂၀၁၁-သမ္မတဦးသိန်းစိန် ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း စီးပွားရေး သဘောတူညီချက် အများအပြား လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

အိမ်နီးချင်း တရုတ်နိုင်ငံကို နိုင်ငံတော် ခရီးစဉ်အဖြစ် သမ္မတဦးသိန်းစိန် မေလနှောင်းပိုင်း သွားရောက်ခဲ့ရာမှာ စီးပွားရေး သဘောတူညီချက် အများအပြား ရခဲ့ကြပါတယ်။ မြန်မာအစိုးရသစ်ရဲ့ ခေါင်းဆောင်အဖြစ်နဲ့ တရုတ်အစိုးရ ထိပ်တန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ဒေါ်လာသန်း ရာချီတန်ဘိုးရှိတဲ့ အပေးအယူ စာချုပ်တွေကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။

စီးပွားရေး သဘောတူညီချက် အသစ်တွေနဲ့အတူ လတ်တလော မြန်မာနိုင်ငံမှာ အဓိက စီးပွားရေးလုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံက နောက်ထပ် ဘယ်လို အစီအစဉ်တွေ ရှိနေသလဲ? ဒီအစီအစဉ်တွေအပေါ် ကျွမ်းကျင်သူတွေကရော ဘယ်လို ရှုမြင်နေကြသလဲ ဆိုတာတွေကိုတော့ ဗွီအိုအေသတင်းထောက် Peter Simpson ရဲ့ ဘေဂျင်းမြို့က သတင်းပေးပို့ချက်နဲ့အတူ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

မြန်မာအစိုးရရဲ့ ခေါင်းဆောင်သစ်အဖြစ် တာဝန်ယူစဉ်ကစလို့ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဉ်အဖြစ် မေလ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ သမ္မတ ဦးသိန်းစိန် သွားရောက်ခဲ့ပြီး စီးပွားရေးဆိုင်ရာ သဘောတူညီချက် အများအပြားကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ တရုတ်သမ္မတ ဟူဂျင်းတောင် (Hu Jintao) နဲ့ ဘေဂျင်းမြို့တော်မှာ သမ္မတဦးသိန်းစိန် တွေ့ဆုံပြီး၊ ဒေါ်လာ ၇၆၅ သန်းကျော် တန်ဘိုးရှိတဲ့ ငွေချေးငှားဖို့နဲ့ အကြွေးပေးဖို့ အစီအစဉ်တွေ အပါအဝင် တခြားစီးပွားရေး လုပ်ငန်း အများအပြားအတွက် သဘောတူ စာချုပ်တွေကို ချုပ်ဆိုလိုက်ကြတာပါ။ တရုတ်နိုင်ငံ ဖွံ့ဖြိုးရေးဘဏ်ကနေ မြန်မာအခွန်နဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန အတွက် အကြွေးပေးသွားမယ့် အခြေခံ လုပ်ငန်းစဉ်တရပ် အပါအဝင် စာချုပ်ပေါင်း ၉ ခုအထိ လက်မှတ် ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလိုပဲ မြန်မာအစိုးရသစ်ရဲ့ တခြားဝန်ကြီးဌာနတွေနဲ့ တရုတ်နိုင်ငံတို့ကြား ဘဏ္ဍာရေးအရ ပံ့ပိုးပေးမယ့် သဘောတူညီချက်တွေလည်း ရရှိခဲ့ကြတာပါ။ ဒီလို စီးပွားရေးအရ အကျိုးအမြတ်ရှိနိုင်တဲ့ တိုင်းပြည်တခု ဖြစ်နေတာမို့လည်း နိုင်ငံရေး လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုပြီး၊ နိုင်ငံတကာ အသိုင်းအဝန်းက ဝေဘန်ခံနေရတဲ့ မြန်မာအစိုးရနဲ့ တရုတ်နိုင်ငံက တရင်းတနှီး ဆက်ဆံနေတာလို့ အကဲခတ်တွေက မြင်ကြပါတယ်။

မြန်မာနိုင်ငံလိုပဲ နိုင်ငံတကာ အသိုင်းအဝန်းက ဝိုင်းပယ်တာ ခံနေရတဲ့ မြောက်ကိုရီးယားရဲ့ ခေါင်းဆောင် ကင်မ် ဂျုံအီးလ် (Kim Jong-IL) ဟာလည်း သမ္မတ ဦးသိန်းစိန် ရဲ့ ခရီးစဉ်နဲ့ မရှေးမနှောင်း ဆိုသလို ဘေဂျင်းမြို့တော်ကို ရောက်လာပြီး တရုတ်အစိုးရ ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံခဲ့တာ ဖြစ်ပေမဲ့၊ တရုတ်နိုင်ငံ အတွက်တော့ မြန်မာနိုင်ငံဟာ စီးပွားရေး အကျိုးအမြတ် ပိုများတယ်လို့ ဝါရှင်တန်မြို့တော်က John L Thornton တရုတ်ရေးရာဌာနက အကြီးတန်းပညာရှင် ပါမောက္ခ ဂျွန်နသန် ပိုလက်ခ် (Jonathan Pollack) က သုံးသပ်ပါတယ်။
“မြန်မာနိုင်ငံကိစ္စမှာ တရုတ်ဘက်က လိုချင်နေတာတွေထဲမှာ စီးပွားရေးအရ ပိုင်ဆိုင်မှုတွေဟာ နည်းနည်းနောနော မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ မြောက်ကိုရီးယားနဲ့ စီးပွားရေးပိုင်ဆိုင်မှုတွေဟာ အနည်းဆုံးတော့ အခုအချိန်အထိတော့ ဘာမှ မရှိသေးပါဘူး။”

သမ္မတ ဦးသိန်းစိန် ကို ဖိတ်ကြားခဲ့တဲ့ တရုတ်သမ္မတကတော့ မြန်မာအစိုးရ ခေါင်းဆောင် ရဲ့ ခရီးစဉ်ဟာ ၂ နိုင်ငံကြား အပြန်အလှန် နားလည်မှုတွေ တိုးပွားစေမှာ ဖြစ်သလို၊ တရုတ်-မြန်မာ ဆက်ဆံရေးမှာ ၂၁ ရာစုနှစ် အတွက် စာမျက်နှာသစ် ဖွင့်လှစ်လိုက်တာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။ မြန်မာသမ္မတနဲ့ တွေ့ဆုံခဲ့တဲ့ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားဘောင် (Wen Jiabao) ကလည်း မဟာဗျူဟာကျတဲ့ မိတ်ဆွေတွေအဖြစ် အပြန်အလှန် ဆက်ဆံမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အခုအချိန်မှာ အခြေအနေသစ် တခုကို ရောက်လာပြီလို့ ပြောပါတယ်။

တရုတ်ကွန်မြူနစ် အစိုးရကို ၁၉၄၉ ခုနှစ်မှာ ပထမဆုံး အသိအမှတ်ပြု လက်ခံခဲ့တဲ့ တိုင်းပြည်တခုဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ နှစ်ပေါင်း ၆၀ ကျော်ကြာ ဆက်ဆံမှုတွေမှာ အခုနောက်ဆုံး ကောဇောနီခင်း ကြိုဆိုခဲ့တာလို ရင်းနှီးမှုတွေ အတွက်လည်း သမ္မတဦးသိန်းစိန် ကတော့ ဝမ်းမြောက်ဝမ်းသာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။
“မိတ်ဆွေဟောင်းတွေ ကျနော်တို့ ဖြစ်ပါတယ်။ အခုလို ပြန်လည်ပြီးတော့ ဆုံတွေ့ရတဲ့အတွက် ကျနော်တို့ စိတ်ထဲမှာ လှိုက်လှဲစွာ ကြိုဆိုမှု၊ ဧည့်ဝတ်ကျေပြွန်မှုတွေနဲ့ ပတ်သက်ပြီးတော့ …”

သမ္မတ ဦးသိန်းစိန် ရဲ့ ခရီးစဉ်အတွင်း ၂ နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတွေနဲ့ သံတမန် ဆက်ဆံရေး တိုးတက်မှုတွေအတွက် အပြန်အလှန် ချီးကျူးစကားတွေ ပြောနေကြပေမဲ့ စီးပွားရေးအရ ဆက်ဆံမှုတွေကို ပိုပြီး သိသိသာသာ တွေ့ရတာလည်း ဖြစ်ပါတယ်။ တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး စီးပွားရေး သဘောတူညီချက်တွေ ရရှိခဲ့ကြတဲ့အထဲမှာ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံ အနောက်တောင်ဘက် ယူနန်ပြည်နယ် ရွှေလီမြို့ကို ရထားလမ်း ဖောက်လုပ်မယ့် အစီအစဉ်တရပ်လည်း ပါဝင်ခဲ့တာပါ။ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကျောက်ဖြူကနေ ရွှေလီမြို့အထိ မိုင် ၅၀၀ ကျော် ရှည်လျားတဲ့ ရထားလမ်းကို မူဆယ်မြို့ကတဆင့် ဖောက်လုပ်မယ့် အစီအစဉ်ကို တရုတ်မီးရထားလုပ်ငန်းက ကြီးကြပ်ပြီး ၃ နှစ်အတွင်း အပြီးဖောက်လုပ်လိမ့်မယ်လို့လည်း မျှော်လင့်ရကြောင်း အစိုးရပိုင် သတင်းတွေက ဖော်ပြကြပါတယ်။

တရုတ်နိုင်ငံရဲ့ တရားဝင် စာရင်းဇယားတွေအရ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံနဲ့ အပြန်အလှန် ကုန်သွယ်မှု ပမာဏဟာလည်း ၅၃.၂% တိုးပြီး သန်းပေါင်း ၄,၄၄၀ အထိရှိခဲ့တာမို့ ကုန်သွယ်မှုမှာ ဒုတိယ အများဆုံး နိုင်ငံဖြစ်လာတာပါ။ တရုတ်နိုင်ငံရဲ့ အထူးအုပ်ချုပ်ရေးဒေသ ဟောင်ကောင်နဲ့ ကုန်သွယ်မှုဟာလည်း ပြီးခဲ့တဲ့ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်အတွင်း အရင်တနှစ်ကထက် ၇၉% တိုးပြီး၊ သန်းပေါင်း ၁,၇၀၀ အထိ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု အများဆုံး နိုင်ငံအဖြစ်နဲ့လည်း ဒေါ်လာသန်းပေါင်း ၁၂,၃၀၀ ရှိခဲ့ပြီး၊ ဒီအထဲက အများစုကတော့ မြန်မာနိုင်ငံထဲကနေ တရုတ်နိုင်ငံကို သွယ်တန်းနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ၂ ခု တည်ဆောက်ရေး လုပ်ငန်းမှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း စီမံကိန်းတွေဟာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားရာ နယ်မြေတွေကနေ ဖြတ်သန်းသွားရမှာ ဖြစ်တဲ့အတွက် လုံခြုံရေးအတွက် တရုတ်နိုင်ငံဘက်က စိုးရိမ်မကင်း ဖြစ်စရာတွေလည်း ရှိနေတာပါ။ တရုတ်နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် အတွက် အရေးပါလှတဲ့ ပိုက်လိုင်းဖောက်လုပ်ရေး စီမံကိန်း ချောချောမောမော ဖြစ်စေဖို့ လိုအပ်သမျှ အကူအညီတွေ ပေးသွားဖို့ ဆန္ဒရှိတဲ့အကြောင်း သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံချိန်မှာလည်း တရုတ်သမ္မတက အလေးထား ပြောသွားခဲ့တာ ဖြစ်ပါတယ်။ တရုတ်ရေးရာ ကျွမ်းကျင်သူ ပါမောက္ခ ပိုလက်ခ် ကတော့ တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံအတွက် အကူအညီဆိုတာတွေဟာ စီးပွားရေး အမြင်နဲ့သာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံဟာ ပြင်ပကမ္ဘာကို အင်မတန်မှ သံသယရှိတဲ့ တိုင်းပြည်တခုပါ။ တရုတ်နိုင်ငံအနေနဲ့ အတိုင်းအတာတခုအထိ ထိရောက်အောင် လုပ်နိုင်တာတချို့ ရှိတယ်လို့ မြင်ရင်လည်း၊ ဒါဟာ အခြေခံအားဖြင့် စီးပွားရေးအရပဲ ဖြစ်မှာပါ။ နိုင်ငံရေးအရ တရားဝင် ခိုင်ခိုင်မာမာ ဖြစ်အောင် လုပ်ကောင်းလုပ်သွားဖို့ သူတို့ဘက်က ပြင်ဆင်မှု တချို့လည်း ရှိနိုင်ပါတယ်။”

တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်တဲ့ အခြေအနေတွေ ပေါ်ပေါက်လာစေဖို့ ဘယ်အတိုင်းအတာအထိ ဆောင်ရွက်နေသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မရှိလှပေမဲ့၊ စီးပွားရေးအရ အကျိုးရှိစေဖို့ ကြိုးပမ်းနေတာတွေကတော့ သိသိသာသာ တွေ့မြင်နေရတာ ဖြစ်ပါတယ်။ နိုင်ငံပိုင် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) ဟာ ဆိုရင်လည်း ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစလို့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း တည်ဆောက်လုပ်ရေး လုပ်ငန်းတွေကို စတင်ခဲ့တာပါ။

တရားဝင် စာရင်းဇယားတွေအရ လတ်တလော မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ လုပ်ကိုင်နေတဲ့ တရုတ် ကုမ္ပဏီပေါင်းဟာဆိုရင် ၁၇၀ အထိ ရှိနေပါပြီ။ တရုတ်နိုင်ငံမှာ အကြီးဆုံး ပုဂ္ဂလိကပိုင် ကားထုတ်လုပ်မှု လုပ်ငန်းတခုဖြစ်တဲ့ Chery Automobile ဟာ ဆိုရင်လည်း သူ့ရဲ့ QQ မိုဒယ်လ် အမျိုးအစား အငယ်စားကားပေါင်း ၅,၀၀၀ ကို နှစ်စဉ် ထုတ်လုပ်သွားဖို့ မြန်မာနိုင်ငံမှာ စက်ရုံတခု တည်ဆောက်ရေး ပြင်ဆင်နေတယ်လို့လည်း နိုင်ငံပိုင် ရှင်ဟွာသတင်းက ဖော်ပြပါတယ်။ မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ယူနယ်ပြည်နယ်ကလည်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်ရေး ရည်ရွယ်ပြီး အထူးစီးပွားရေး ဇုန်နယ်မြေတခု ထူထောင်သွားဖို့ ပြင်ဆင်နေတယ်လို့လည်း တရုတ်နိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြနေကြတဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG