သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုပ်နယ်စပ် မြန်မာအမျိုးသမီး ရောင်းစားခံရမှု ပိုများ


တရုပ်နယ်စပ် မြန်မာအမျိုးသမီး ရောင်းစားခံရမှု ပိုများ
တရုပ်နယ်စပ် မြန်မာအမျိုးသမီး ရောင်းစားခံရမှု ပိုများ

တရုတ်နိုင်ငံဖက်ကို အလုပ်အကိုင်ကောင်း ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ထွက်သွားခဲ့ကြတဲ့ မြန်မာ အမျိုးသမီးတွေ တရုတ်အမျိုးသားတွေနဲ့ အဓမ္မ လက်ခံပေးခြင်းခံနေရတဲ့နှုန်း ပိုများလာနေပါတယ်။ ကိုယ့်ဒေသအသီးသီးမှာ စီးပွားရေးအဆင်မပြေကြရာက ရေမြေသစ်ကို ရှာဖွေဖို့ ထွက်လာကြရာက အခုလို လူလိမ် ပွဲစားတွေရဲ့ ရောင်စားခြင်းကို ခံကြရတာလို့ ကူညီ ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက အမျိုးသမီးတွေကို အလုပ်အကိုင်ရမယ်ဆိုတဲ့ မက်လုံးနဲ့ နယ်စပ်တွေကတဆင့် တခြားနိုင်ငံတွေမှာ ရောင်းစားခံရတဲ့အရေအတွက် ၇၀ ရာခိုင်နှုန်းအထိ များလာတဲ့အကြောင်း Women News Network အမျိုးသမီးများ သတင်းကွန်ယက်အဖွဲ့က ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားတာပါ။

အခုလို အရောင်စားခံရတဲ့ အမျိုးသမီး အများစုဟာ မိသားစု စားဝတ်နေရေးကျပ်တည်းတဲ့အတွက် ရေကြည်ရာ မျက်နုကို လိုက်ရှာကြရင်းက လူမှောင်ခိုကူးသူတွေလက်ထဲ ရောက်သွားကြတာဖြစ်တယ်လို့ Save the Children ကလေးငယ်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ မြန်မာနိုင်ငံ ရုံးခွဲက David Brickey Bloomer က ပြောပါတယ်။

“အများစုက ဆင်းရဲတဲ့အသိုင်းဝိုင်းက လာကြတာပါ။ မြေလတ်ဒေသနဲ့ မတန္တလေးဒေသကသူတွေလည်း အတော်လေးပါပါတယ်။ အထူးသဖြင့်တော့ သူတို့ဒေသတွေမှာ မိုးခေါင်ရေရှားပြီး စိုက်ပျိုးရေး မဖြစ်တဲ့ အတွက် စိုက်ပျိုးရေးလုပ်ကြတဲ့ ယောကျ်ား မိန်းမ အကုန် နယ်မြေသစ်ကိုထွက်ပြီး အလုပ်အကိုင် ရှာကြရာက အဲဒီလို မသမာသူတွေလက်ထဲ ရောက်ကုန်ကြတာပါ။”

အခုလို မြန်မာအမျိုးသမီးတွေ တဖက်နိုင်ငံတွေမှာ ရောင်းစားခံနေကြရတယ်ဆိုတာကို မြန်မာ လူမှုအဖွဲ့အစည်းတွေအပါအဝင် ကုသလမဂ္ဂနဲ့ တခြား နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း
ထောက်ပြ ပြောဆိုနေကြတာပါ။ တချို့ဆို အသက် ၁၄ နှစ်လောက် အရွယ် အမျိုးသမီးငယ်လေးတွေပါ ပါနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

များသောအားဖြင့်တော့ သူတို့တွေကို နယ်စပ်ဒေသတွေကတဆင့် တဖက်နိုင်ငံကို ခိုးထုတ်သွားပြီး လူမှောင်ခိုကူးသူတွေက ရောင်းစားကြတာ ဖြစ်ပါတယ်။

“တရုတ်နိုင်ငံဖက်ကို အမျိုးသမီးတွေ တင်ပို့တဲ့နေရာမှာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ကို အသုံးပြုမှုတာကို တွေ့ရပါတယ်။ တကယ်တော့ ဒီမြို့ဟာ လူမှောင်ခိုကူးသူတွေ အများဆုံး အသုံးပြုတဲ့မြို့ ဖြစ်လာနေပါတယ်။”

အခုလို ရှမ်းပြည်ဘက်ကနေ တင်ပို့နေယုံတင်မကဘဲ ကချင်ပြည်နယ်ဘက်ကနေလည်း တနှစ်မှာ အနဲဆုံး အမျိုးသမီး ၁၀၀ လောက် တင်ပို့ခံနေရတယ်ဆိုတာ လေ့လာတွေရှိတဲ့အကြောင်း ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးများအဖွဲ့ KWAT က တာဝန်ခံတဦးဖြစ်သူ မမွန်းနေလီက ပြောပါတယ်။

"ရောင်းစားခံရတာက ကျမတို့ လက်လှမ်းမှီသလောက် ဆိုရင် တနှစ်မှာ တစ်ရာကျော်ကျော် လောက်ပေါ့နော်။ အဲဒါ ကျမတို့ သေသေချာချာ အင်တာဗျူးပြီးတော့ ကောက်ခံထားတဲ့ သတင်းအပေါ်မှာ အခြေခံတာပေါ့နော်။ ဆိုတော့ ဒီထက်တော့ များတယ်၊ ဒါပေမယ့် တချို့ဆိုလို့ရှိရင် အပေါ်ယံပဲ သတင်းအနေနဲ့ ကြားတဲ့ဟာပဲ ဆိုလို့ရှိရင် ကျမတို့က စာရင်းထဲ မထည့်တဲ့ဟာတွေပေါ့။ အဲဒီလိုမျိုး ရှိတယ်။ တနှစ်မှာ ပြန်လာတဲ့၊ ကျမတို့ဆီမှာရှိတဲ့ Crisis Center (ယာယီနားခိုစရာ နေရာ) အဲဒီမှာ လာပြီးတော့ တည်းခိုသွားတဲ့ ကျမတို့ ပြန်ပြီးတော့ ကူညီနိုင်တဲ့ လူတွေ ဆိုလို့ရှိရင် အယောက် ၅၀ အထက်မှာတော့ ရှိတယ်။"

အများစုကတော့ မိသားစု စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အလုပ် ထွက်လုပ်ဖို့ ကြိုးစားကြရာက လူမှောင်ခိုတွေနဲ့ တွေ့ပြီး ရောင်းစားခံကြရတာ ဖြစ်တယ်ဆိုတာကို
မမွန်းနေလီကလည်း အတည်ပြု ပြောဆိုပါတယ်။

အခုလို အမျိုးသမီးငယ်တွေ ရောင်းစားခံနရတဲ့ အခြေအနေကို တားဆီးဖို့ဆိုရင်တော့ သူတို့တွေ ကြုံတွေ့နေရတဲ့ စားဝတ်နေမှု အဆင်ပြေအောင်၊ အလုပ်အကိုင် ရနိုင်အောင်ဆိုတဲ့ အခြေခံကျတဲ့ အချက်တွေ တိုးတက် ကောင်းမွန်လာအောင် လုပ်ဆောင်ဖို့ လိုတယ်လို့ မွန်းနေလီက ဆက်ပြောပါတယ်။

"လုံး၀ ပပျောက်သွားအောင် ဆိုရင်၊ ကျမတို့ရဲ့ သုတေသနအရ ဆိုရင်၊ ဒီ သတင်းအချက်အလက် စုဆောင်းတဲ့အပေါ်မှာ အခြေခံပြီး ပြောရမယ်ဆိုလို့ ရှိရင် များသောအားဖြင့် ဒီ စားဝတ်နေရေး မဖူလုံတဲ့ဟာ။ ပြီးလို့ရှိရင် အလုပ်လက်မဲ့ ဖြစ်တဲ့ဟာပေါ့နော်။ စီးပွားရေး အခြေအနေ မကောင်းတဲ့ဟာ။ နောက်ပြီး ပညာရေးစားရိတ်တွေက တအားမြင့်ပြီးတော့ ပညာရေး စားရိတ် စားကကို ရှာရင်းနဲ့ ခံရတဲ့ဟာတွေ ရှိတဲ့အခါကျတော့ မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေကတော့ အရေးကြီးတာပေါ့နော်။ ဒီဟာ လုံး၀ ပပျောက်သွားဖို့၊ ဒီ လူကုန်ကူးမှုဆိုတာ ပပျောက်သွားဖို့ ဆိုရင်၊ မြန်မာ့နိုင်ငံရေး အခြေအနေ၊ ပြီးလို့ရှိရင် စီးပွားရေး အဖက်ဖက်ကနေ တိုးတက် ပြောင်းလဲမှဘဲ ဒီအရာတွေက အားလုံး ပပျောက်သွားမယ်လို့ ကျမတို့ မြင်တာပေါ့နော်။"

ထိုင်းနိုင်ငံအခြေစိုက် ကချင် အမျိုးသမီးများအဖွဲ့ KWAT က တာဝန်ခံတဦးဖြစ်သူ မမွန်းနေလီ ပြောပြခဲ့တာပါ။

တရုတ် အမျိုးသားတွေလက်ထဲ ရောင်းစားခံရသူ အမျိုးသမီးတွေဟာ တရုတ် အမျိုးသားတွေရဲ့ ညှဉ်းပန်း နှိပ်စက်ခြင်းကိုလည်း ခံကြရတယ်ဆိုတာ သူတို့ဆီ ထွက်ပြေးလာကြတဲ့ အမျိုးသမီးတွေက ပြောပြကြတယ်လို့ မမွန်းနေလီက ပြောပါတယ်။

မြန်မာ အမျိုးသမီးတွေ အခုလို တရုတ် အမျိုးသားတွေလက်ထဲ ဇနီးအဖြစ် ရောင်းစားခံရသူ ရှိသလို တခြား လိင်လုပ်ငန်းတွေမှာပါ ရောင်းစားခံနေကြရတယ် ဆိုတာကိုလည်း အစီရင်ခံစာတွေမှာ မကြာခန ထည့်သွင်း ဖော်ပြနေကြတဲ့ကြားကဘဲ အခုလို ရောင်းစားခံရတဲ့ ရာခိုင်နှုန်း ပိုများလာနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG