မြန်မာနိုင်ငံမှာ တိုးတက်မှုဖြစ်စဉ်ရဲ့ လမ်းစလို့ပြောနိုင်တဲ့ ပြောင်းလဲမှုတွေဟာ တိုင်းရင်းသားပြည်သူတွေ ာအတွက် လုံလောက်တဲ့အစီအစဉ်တွေ မဟုတ်ဘူးဆိုတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် အနေနဲ့ သတိထားမိအောင် အိတ်ဖွင့်ပေးစာတစ်စောင် ပို့ပေးဖို့ တိုင်းရင်းသားအဖွဲ့တချို့က စီစဉ်နေကြပါတယ်။ မစ္စ် ဟီလာရီကလင်တန်ဟာ ဒီဇင်ဘာလဆန်းရက်ထဲ မြန်မာနိုင်ငံကို လာဖို့စီစဉ်ထားပြီး အမေရိကန်တို့အနေနဲ့ မြန်မာ့အရေးကို အလျင်စလို မဆုံးဖြတ်စေချင်တဲ့အတွက် အခုလို အိတ်ဖွင့်ပေးစာ ပေးပို့မှာဖြစ်တယ်လို့လည်း အဲဒီတိုင်းရင်းသားအဖွဲ့တွေက ပြောပါတယ်။ အပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတချို့ဟာ တိုးတက်မှုတစ်ခုအဖြစ် မြင်နိုင်ပေမဲ့ တိုင်းရင်းသားပြည်သူတွေ အတွက် လုံလောက်ပြီး လက်ခံလောက်တဲ့ အခြေအနေတစ်ခုအထိ မရောက်သေးဘူး ဆိုတာကို ပိုပြီးသတိထားမိစေဖို့ ရည်ရွယ်တဲ့အနေနဲ့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးဖို့ UNA လို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသားများမဟာမိတ်အဖွဲ့က စီစဉ်နေတာပါ။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အပြင် ကရင်၊ ဇိုမီး၊ ချင်းနဲ့ မွန် နိုင်ငံရေးပါတီတွေ စုဖွဲ့ထားတဲ့ UNA အဖွဲ့က တာဝန်ရှိသူတွေ မနေ့ကတွေ့ဆုံပြီး မစ္စ် ကလင်တန် မြန်မာပြည်ကိုလာတဲ့အခါမှာ ဒီအခြေအနေတွေအကြောင်း ရေးထားတဲ့စာကိုပေးဖို့ ကြိုတင်ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ SNLD ပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။
“ကမ္ဘာကပြောနေကြတဲ့ ပြောင်းလဲမှုတွေ စတင်နေပြီ၊ ပြောင်းလဲမှုခြေလှမ်းတွေ စနေပြီ ဆိုတာဟာ အမှန်တကယ် လက်တွေ့ တိုင်းရင်းသားတွေ ခံစားနေရတာ၊ ပြည်သူတွေ ခံစားနေတာနဲ့ တထပ်တည်း မကျဘူး။ ကျနော်တို့ တိုင်းရင်းသားဒေသတွေမှာ စစ်မတ်တွေ ဖြစ်ပွားနေဆဲဖြစ်တယ်။ ဒီနေ့အထိ ဗုံးတွေကွဲနေတယ်၊ သေနတ်တွေပစ်နေတယ်၊ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာတွေ အများကြီး ရှိတယ်။ ဒီဥစ္စာကို ဟီလာရီကလင်တန် အနေနဲ့ သတိရှိရှိနဲ့ မြင်သွားစေချင်တယ်။ သိသွားစေချင်တယ်။ နောက်တခါ နိုင်ငံရေးအကျဉ်းသားတွေကလည်း ထောင်ထဲမှာပဲ ရှိနေကြသေးတယ်။ အများကြီးပဲ။ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်ကအစပေါ့နော်။ အဲဒီအချက်တွေကို သတိထားစေချင်တယ်။ တခါ စီးပွားရေး တိုးတက်မှုအပိုင်းမှာ ဆိုရင်လည်း တကယ် လက်တွေ့ ပြည်သူတွေအနေနဲ့ ခံစားရသေးတာမဟုတ်ဘူး။ အပြောင်းအလဲတွေက လုံလောက်တဲ့ အပြောင်းအလဲ မဟုတ်သေးဘူးဆိုတာကို မစ္စ်ကလင်တန်နဲ့ သူ့အဖွဲ့သားတွေ အကုန်လုံး သတိထားမိသွားစေချင်တဲ့ အတွက်ကြောင့်မိုလို့ ကျနော်တို့ တိုင်းရင်းသားတွေစုပြီး စာပေးမှာဖြစ်ပါတယ်။”
မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာကတည်းက မပြေလည်နိုင်ခဲ့တဲ့ တိုင်းရင်းသားအရေးအတွက် မြန်မာနိုင်ငံတွင်း ကြိုးပမ်းချက်တွေအပြင် အခုလို နိုင်ငံကြီးတွေရဲ့ ဖိအားပေး တောင်းဆိုမှုတွေကလည်း အဓိကအခန်းမှာ ရှိနေတယ်လို့ ဦးစိုင်းလိတ်က မြင်ပါတယ်။
“မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားပြဿနာဟာ ပြီးခဲ့တဲ့ အနှစ် ၆၀ လောက်ကတည်းက စတင်ပြီးတော့ ကွဲလာတဲ့ကိစ္စတွေ။ အဲဒီတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စ ဆိုတာ ချက်ချင်းလက်ငင်း ဖြစ်နိုင်တာမျိုး မဟုတ်လိ့ု ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအနေနဲ့ လွှတ်တော်တွင်း ရောက်သွားတယ် ဆိုရင်တောင်မှ အတော်ကြီးကို ကြိုးပမ်းယူရဦးမှာပါ။ အချိန်အများကြီး ပေးရင်တော့ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။”
SNLD ပါတီက ဦးစိုင်းလိတ် ဖြစ်ပါတယ်။ အခု UNA လို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ထဲက တိုင်းရင်းသားပါတီတွေကတော့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး အကျဉ်းထောင်တွေတွင်းက မလွတ်လာမချင်း သူတို့ဟာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မှာမဟုတ်ဘူးလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးသာဘန်းက ပြောပါတယ်။ လက်ရှိလွှတ်တော်မှာ တိုင်းရင်းသားအရေးကို တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြတာဟာ အားရစရာ အဖြစ် မြင်တွေ့ရပေမဲ့ အစိုးရအဖွဲ့တွေအနေနဲ့ လက်တွေ့ အကောင်အထည်ဖော်တဲ့နေရာမှာ နှောင့်နှေးကြံ့ကြာ တာတွေကိုလည်း မြင်ရတယ်လို့ ဆိုပါတယ်။
“နိုင်ငံရေးအကျဉ်းသား မလွှတ်သေးတဲ့အတွက် မတင်တာပါ။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာပြီးတော့မှ၊ ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေ လွတ်လာပြီးတော့မှ မှတ်ပုံတင်ဖို့ကိစ္စကို ကျနော်တို့ လုပ်မယ်လို့ ဆုံးဖြတ်တာ။ တိုင်းရင်းသားကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေ ပေါ့လေ တင်ကြပါတယ်။ သူတို့တွေက လွှတ်တော်မှာ ပြောပါတယ်။ သူတို့က တင်ပြပေမဲ့ ဘာမှတုံ့ပြန်ချက်မှ မရှိဘဲ။ ဒါကြောင့်မိုလို့ ကျနော်တို့က တုံ့ပြန်ချက်ရအောင်ဆိုပြီး ကလင်တန်နဲ့စာပေးပြီးတော့ ကျနော်တို့လိုချင်တာတွေ တောင်းမယ်လို့ စဉ်းစားတယ်။”
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးသာဘန်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ထိတွေ့ဆက်ဆံရေးနဲ့ရော အရေးယူ ဒဏ်ခတ်ရေးနည်းတွေနဲ့ပါ ဆက်ဆံထားတဲ့ အမေရိကန်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၂ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ဖို့စီစဉ်ထားပါတယ်။ ဒီခရီးစဉ်မှာ နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး တိုးတက်ဖို့အတွက်သာဖြစ်ပြီး အရေးယူပိတ်ဆို့ထားတာတွေကတော့ ရုတ်သိမ်းဦးမှာမဟုတ်ဘူးလို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။