သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့တွေ့ဆုံဆွေးနွေးဖို့ မြန်မာအစိုးရကို ဝန်ကြီးကလင်တန် တိုက်တွန်း


ဒေါ်စုနဲ့တွေ့ဆုံဆွေးနွေးဖို့ မြန်မာအစိုးရကို ဝန်ကြီးကလင်တန် တိုက်တွန်း
ဒေါ်စုနဲ့တွေ့ဆုံဆွေးနွေးဖို့ မြန်မာအစိုးရကို ဝန်ကြီးကလင်တန် တိုက်တွန်း

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံရေး မှာလည်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး ဆောင်ရွက်ဖို့ တောင်း ဆိုကြောင်းနဲ့ နျူကလီးယား မပြန့်ပွားရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ နျူကလီးယား ပြဿနာအတွက် စိုးရိမ်ပူပန်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန် (Hillary Clinton)က ပြောဆိုလိုက်ပါတယ်။ အဖွဲ့ဝင် ၁၀ နိုင်ငံပါရှိတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံ (ASEAN) ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အဓိကကျတဲ့ စိန်ခေါ်မှုတခုနဲ့ ရင်ဆိုင်နေရပြီး ဒီပြဿနာကို ဖြေရှင်းဖို့ လိုအပ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပနေတဲ့ ဒေသတွင်း လုံခြုံရေးဆိုင်ရာ အစည်းအဝေး Regional Security Forum ကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို ဝန်ကြီး ကလင်တန်က ပြောဆိုလိုက်တာဖြစ်ပါတယ်။

တဆက်ထဲမှာ မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဌ တာဝန်ပေးအပ်ဖို့အတွက် ဘယ်လို အတွေးအခေါ် နဲ့ လက်ခံခွင့်ပြုမှာလဲ ဆိုတဲ့မေးခွန်းနဲ့အတူ အဲဒီလိုမြန်မာနိုင်ငံကို အာဆီယံ ဥက္ကဋ္ဌ တာဝန်ပေးအပ်မယ်ဆိုရင် အာဆီယံအသင်းရဲ့ ဦးဆောင်မှု အခန်းကဏ္ဍနဲ့ ဂုဏ်သိက္ခာ ပိုပြီးတိုးတက်လာမယ့် အခြေအနေ ရှိသလား ဆိုတဲ့ မေးခွန်းတွေကို မေးမြန်းသွားခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ကို ရည်ညွှန်းပြောဆိုရာမှာ ဝန်ကြီးကလင်တန်က “ရွေးချယ်ရမယ့် နည်းလမ်းက ရှင်းပါတယ်၊ လိုအပ်တဲ့ လုပ်ငန်းအဆင့်တွေကို ဆောင်ရွက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ယုံကြည်မှုကိုယူမလား၊ ဒါမှမဟုတ် အခုလက်ရှိအတိုင်းပဲ ဆက်သွားမလား ဆိုတာပါပဲ” - လို့ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ တိုးတက်မှုမရှိဘဲ နိုင်ငံရေးအရ ရှေ့မတိုးနိုင်ဖြစ်နေတဲ့ ကိစ္စတွေဟာ အာဆီယံအဖွဲ့ကြီးရဲ့ စည်းလုံးညီညွတ်မှုနဲ့ အနာဂါတ်ရေးတွေကို စိန်ခေါ်နေကြောင်း၊ အလုပ် မပါတဲ့ အပြောသက်သက်ကို နိုင်ငံတကာအသိုင်းအဝိုင်းက လက်မခံနိုင်ကြောင်း ဝန်ကြီး ကလင်တန်က ပြောဆိုပါတယ်။

၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဌတာဝန်နဲ့ပတ်သက်လို့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေရဲ့ တုံ့ပြန်ချက်တွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “မြန်မာနိုင်ငံမှာ စစ်မှန်တဲ့အပြောင်းအလဲတွေ လုပ်ဖို့လိုကြောင်း၊ အဓိကလိုအပ်ချက်က တွေ့ဆုံဆွေးနွေးရေး ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပြီး စစ်မှန်တဲ့ပါတီစုံစနစ် ထွန်းကားတဲ့နိုင်ငံဖြစ်လာရင် အားလုံးကလက်ခံကြမယ်လို့ ထင်မြင်ကြောင်း ပြောဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစု ပါတီက ဦးခင်မောင်ဆွေကတော့ မြန်မာနိုင်ငံဟာ အပြောင်းအလဲတခုဆီကို သွားတဲ့နေရာမှာ ဘယ်လောင်လျင်လျင်မြန်မြန်နဲ့ အားလုံးမျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်လေ့လာရဦးမယ့် အနေအထားမှာ ရှိနေဆဲပါပဲလို့ ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ မနှစ်ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေပြီး စစ်အစိုးရကနေ အရပ်သားအစိုးရအသွင် ကူးပြောင်း ခဲ့တယ်ဆိုပေမဲ့ အဲဒီအသွင်ပြောင်းမှုဆိုတာ အပေါ်ယံပဲ ဖြစ်ပြီး လက်တွေ့မှာ စစ်တပ်ကအာဏာကို ချုပ်ကိုင် ထားဆဲပဲဖြစ်တယ်လို့ မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။

XS
SM
MD
LG