သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ဆင်ရေး တောင်းဆိုမှုတွေ စိပ်လာ


စစ်အစိုးရလက်ထက်က ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုတဲ့
ခေါင်းစဉ်နဲ့ အခု ရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံ ဒေသအတော်များများမှာ ကန့်ကွက် ဆန္ဒဖော်ထုတ်မှုတွေ နေ့စဉ်နဲ့အမျှ ရှိနေပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ပေးဖို့ အဓိက တောင်းဆိုနေတဲ့သူတွေကတော့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုနဲ့ ဖွဲ့စည်းပုံပြင်ဆင်ဖို့ လိုလားတဲ့ ပြည်သူတွေ ဖြစ်တယ်လို့ ဆန္ဒထုတ်ဖော်မှုပိုင်းမှာ ပါဝင်တဲ့ ခေါင်းဆောင်ပိုင်းတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

စစ်အစိုးရလက်ထက်က ရေးဆွဲအတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ပေးဖို့ တောင်းဆို ဆန္ဒထုတ်ဖော်ပွဲ အခု ရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံ ဒေသ တော်တော်များများမှာ ပိုပြီး ရှိလာနေပါတယ်။ ဒီကနေ့ဆိုရင် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်မှာ မနက်အစောပိုင်းတုန်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ အဓိက အခက်အခဲ ဖြစ်အောင်လုပ်ထားတဲ့ ပုဒ်မ ၄၃၆ နဲ့ အတိုင်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်မရအောင် တားဆီးထားရာ ရောက်နေတဲ့ ပုဒ်မ ၅၉ (ဃ) နဲ့ (စ)တွေကို ပြင်ဆင်ပေးဖို့ ဆန္ဒထုတ်ဖော်သူတွေက တောင်းဆိုခဲ့တယ်လို့ ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်ခဲ့တဲ့ ဗန်းမောက်ဒေသခံ ဦးညွန့်လွင်က ဗွီအိုအေကို ပြောပါတယ်။

“မနက် ၁၁ နာရီထိုးမှာ ကျနော်တို့ စ ထွက်တယ်လေနော်။ ဗန်းမောက်မြို့အနောက်ရပ်ကွက်ပေါ့ မြို့အစွန်ပိုင်းကနေပြီးတော့ ကျနော်တို့ စ ထွက်ပါတယ်။ လူအင်အား ၅၀၀ ကျော် ပါပါတယ်ခင်ဗျ။ ကြွေးကြော်သံတွေ ကြွေးကြော်ကြတယ်။ နောက် ပိုစတာတွေပါတယ်ဗျာ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးဖို့ အဓိကပေါ့နော်။ အနောက်နဲ့အရှေ့ဆိုရင် တမိုင်ခွဲလောက်တော့ ဝေးတယ်ဗျာ။ အဲ့ဒီလမ်းကြောင်းအတိုင်း ချီတက်ပြီးမှ အဲ့ဒီ ဗန်းမောက်အရှေ့က ဘုရားစေတီကြီးအဆုံးမှာ ကျနော်တို့ စခန်းသိမ်းသွားပါတယ်နော်။ အောင်မြင်စွာ အားလုံးပြီးဆုံးသွားပါတယ်။ ကျနော်တို့ အဓိကကတော့ NLD ပေါ့နော်။ NLD ရယ်၊ စာပေလူငယ်အဖွဲ့အစည်းတွေ ပါပါတယ်။ လူထုအားပေးမှု၊ ထောက်ခံမှုက တော်တော်လေး ရထားတဲ့အခါကျတော့ ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်မယ့်ဟာ အောင်မြင်မယ်လို့ ယူဆပါတယ်ခင်ဗျ။”

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တောင်းဆိုမှုတွေဟာ လက်တလောမှာ မြန်မာနိုင်ငံ တနံတလျားက ဒေသအတော်များများ ခပ်စိပ်စိပ် တွေ့လာရပါတယ်။ ခုလို ဆန္ဒပြပွဲတွေကို ဘယ်အဖွဲ့က ဦးစီးလုပ်တယ်ဆိုတာမျိုး မဟုတ်ဘဲ NLD ပါတီကို ထောက်ခံသူတွေ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှု အဖွဲ့အစည်းကသူတွေနဲ့ ပြည်သူတွေဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ပြောပါတယ်၊

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကြား ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးခဲ့အပြီးမှာ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေးအတွက် သူတို့ရဲ့ သဘောထားကို ၈၈ မျိုးဆက် ကျောင်းသားတွေဘက်က ထုတ်ပြန်ခဲ့ပါတယ်။ လတ်တလော ရန်ကုန် အပါအဝင် နယ်မြို့တွေမှာပါ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အားစိုက်တောင်းဆိုနေကြတဲ့ ဆန္ဒထုတ်ဖော်ပွဲနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ က အခုလို ပြောပါတယ်။

“အခုကတော့ ၄၃၆ ကို ဒါ ပြုပြင်ဖို့အတွက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရော၊ 88 ရောက အဖွဲ့ကြေညာချက်တွေ ထုတ်ပြီးတဲ့နောက်ပိုင်းမှာ ဒီလိုဆောင်ရွက်မှုတွေ ပိုပြီးတော့ များလာတဲ့သဘောပါ။ ဒါကလည်း ဒီမိုကရေစီ အခွင့်အရေးပါ။ ပြီးတော့ ကျနော်တို့ ကြေညာချက်ထဲမှာလည်း ပါတာပဲလေ။ တရားဥပဒေ ဘောင်အတွင်းကနေပြီးတော့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဒါ ကျနော်တို့ရဲ့မူပါ။ နောက်ပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို မျက်ခြေမပြတ်ဘဲနဲ့ သွားမယ်ဆိုတာကိုလည်း ကျနော်တို့ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ အဲတော့ ဒီမိုကရေစီဘောင်အတွင်းကနေပြီး ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက်ကို ငြိမ်းချမ်းသော နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားသွားတဲ့ ကြိုးစားမှုတွေထဲက တခုပေါ့နော်။”

မတ်လ ၂၃ ရက် တနင်္ဂနွေနေ့တုန်းကတော့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဒေါပုံမြို့နယ်နဲ့ မြောက်ဥက္ကလာမြို့နယ်တွေမှာ ဆန္ဒထုတ်ဖော်ခဲ့သလို မန္တလေး၊ မုံရွာ၊ ပြင်ဦးလွင်၊ ဒီပဲယင်း၊ ကလေးမြို့နယ်တွေမှာလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် တောင်းဆို ဆန္ဒထုတ်ဖော်ပွဲတွေ ရှိခဲ့ပါတယ်။ မတ်လ ၂၄ ရက်နေ့တုန်းကတော့
မော်လမြိုင်ကျွန်း မြို့နယ်မှာ ဆန္ဒထုတ်ဖော်မှုတွေ ရှိခဲ့ပါတယ်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မကြာခင်ရက်ကပဲ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး မိုးကုတ်မြို့မှာ ဟောပြောပွဲတရပ် ကျင်းပခဲ့ပါတယ်။ ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး နဲ့ပတ်သက်ပြီးတော့ ပြည်သူတွေရဲ့ အသံတွေ တောက်လျှောက် ထွက်ပေါ်လာတာဟာ လွှတ်တော်တွင်း ကြိုးစားနေတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွေအပေါ်မှာ တစုံတရာ အကျိုးသက်ရောက်မှု ရှိလာနိုင်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ပြောပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်တွေက ကိုယ့်ပါတီအကျိုးထက် နိုင်ငံရေး ရည်မှန်းချက်တွေကို ဘေးဖယ်ပြီးတော့ ကျနော်တို့ ပြည်သူတွေရဲ့ဆန္ဒအရ ဖွဲ့စည်းပုံကို အမှန်တကယ် ပြင်သင့်တယ်ဆိုတဲ့ ဥစ္စာတွေကို ပြင်ပေးဖို့ စိတ်ကောင်း စေတနာကောင်း ရောက်အောင်တော့ ပြည်သူတွေရဲ့ ဖော်ပြချက်တွေဟာ ခရီးတခုကိုတော့ ပို့ဆောင်ပေးလိမ့်မယ်လို့ ကျနော်တို့ ယူဆပါတယ်။”

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဥပဒေ ဘောင်အတွင်းက ပြင်ဆင်ဖို့ လိုလားတယ်ဆိုပြီးတော့ မတ်လအတွက် ပြည်သူကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။ ပြည်ထောင်စု လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အကောင်အထည်ဖော်မယ့် ကော်မတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ၆ လ အလိုမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး လုပ်ဆောင်ပါဆိုပြီးတော့ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း ကလည်း သဝဏ်လွှာ ပေးပို့ထားပါတယ်။
XS
SM
MD
LG