သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံအခြေခံဥပဒေ တရားဝင်မှု NLD အမတ်ဝေဖန်


မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စတင်ရေးဆွဲစဉ်က စပြီး မူမမှန်ခဲ့ဘူးလို့ ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပတဲ့ ပြင်ဆင်ရေး ဥပေဒမူကြမ်း ဆွေးနွေးပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ် ၂ ဦးက ဝေဖန်သွားပါတယ်။

ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) ပတ်သက်တဲ့ လတ်တလောပြင်ဆင်သင့်တဲ့ ပုဒ်မ ၄ ခုကို ဒီကနေ့ ဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး စတင်ဆွေးနွေးကြရာမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အဓိက အချက်ဖြစ်တဲ့ ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) နဲ့ ပတ်သက်တဲ့ အချက်တွေကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။ ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) ဟာ ဖွဲ့စည်းပုံပါ ပုဒ်မပေါင်း ၉၀ ကျော်ကို ပြင်ဆင်လိုတယ်ဆိုရင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ ထောက်ခံရမယ်။ ဒီလို ထောက်ခံပြီးတဲ့နောက်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်ဆန္ဒမဲနဲ့သာ ပြင်ဆင်ရမယ်လို့ ပါရှိတာဖြစ်ပါတယ်။

ဒီလိုအချက်တွေ ပါဝင်ခဲ့တာဟာ ၂၀၀၈ ဖွဲ့စည်းပုံစတင်ရေးဆွဲတဲ့ အမျိုးသားညီလာခံကစပြီး ပြည်သူကို ကိုယ်စားမပြုခဲ့တာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က လွှတ်တော်အတွင်း ဆွေးနွေးစဉ်မှာ ဝေဖန်ခဲ့ပါတယ်။

“၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ပြဌာန်းခဲ့တဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃ မှာ လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနဲ့အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက အာဏာပိုင်တွေက ဥပဒေကို ချိုးဖောက်ပြီး လွှတ်တော်ခေါ်ယူ ဖွဲ့စည်းပေးခဲ့ခြင်း မရှိပါ။ ကြေညာချက်အမှတ် ၁/၉၀ ကို ထုတ်ပြန်ပြီး ယနေ့အချိန်တွင် ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် အနာဂတ် ဒီမိုကရေစီနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်များဖြစ်သည်ဟု အပိုဒ် ၂၀ တွင် ဖော်ပြခဲ့ပါတယ်။ သို့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူက ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များ ရေးဆွဲခွင့် မရခဲ့ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် အခြေခံမူများ ချမှတ်နိုင်ရန် ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံ ကျိုက္ကဆံမှာ မဲဆန္ဒရှင်ပြည်သူလူထုက လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းလိုက်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၅ ဒဿမ ၂၄ ရာခိုင်နှုန်းခန့်သာ ပါဝင်ခွင့်ရခဲ့ပြီး၊ အမျိုးသားညီလာခံ ညောင်နှစ်ပင်မှာ ၁ ရာခိုင်နှုန်းခန့်သာ ပါဝင်ခွင့် ရခဲ့ပါတယ်။ ”

NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒကို ရေးဆွဲရာမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးသာ ပါဝင်တယ်လို့ ထောက်ပြပါတယ်။

“ဗိုလ်ချုပ်ကြီးခင်ညွန့်ထုတ်ခဲ့တဲ့ အမိန့် ၁ အမှတ် ၉၀ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရွေးကောက်ခံထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ရေးဆွဲရပါမယ်ဆိုတဲ့ ပြဌာန်းထားချက်ဖြစ်ပါတယ်။ အဲတော့ ညီလာခံကြီးကျင်းပတဲ့အခါ တကယ်တမ်းကျတော့ အလွှာ ၈ လွှာပါပေမဲ့ ဘယ်လိုရွေးသလဲဆိုတာ ကျနော်တို့ ပွင့်လင်းမြင်သာစွာ မသိခဲ့ရဘူး။ လွှတ်တော်ကိုယ်စားလှယ်လည်း အနည်းငယ်သာ ပါပါတယ်။ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းနဲ့ မညီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒါတွေပြင်ပေးဖို့ ညီလာခံမှာ တင်သွင်းသော်လည်း မရခဲ့ပါဘူး။ အဲတော့ နောက်ဆုံး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး ရေးဆွဲတဲ့အခါမှာ ကိုယ်စားလှယ် ၁၃ ဦးပဲ ပါတယ်လို့ ကျနော် ကြားသိရပါတယ်။”

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်စန်းနိုင်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို ပြည်သူလူထု ၉၂ ရာနှုန်းကျော် ထောက်ခံမှုနဲ့ အတည်ပြုထားတာလို့ တင်ပြပြောဆိုခဲ့ပါတယ်။

“လက်ရှိ ကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာလည်း အမျိုးသားညီလာခံစတင်ခဲ့တဲ့ ၉ ရက် ၁ လ ၁၉၉၃ ကနေ ဥပဒေရေးဆွဲပြီးစီးခဲ့တဲ့ ၃ ရက် ၉ လ ၂၀၀၇ အထိ ၁၅ နှစ်တာကာလအတွင်းမှာ ၆ နှစ်နဲ့ ၅ လကြာ အချိန်ယူ ရေးဆွဲခဲ့ပြီးတော့ ရေးဆွဲတဲ့နေရာမှာလည်း နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ လူမှုရေးနဲ့ ဥပဒေရေးရာ ရှုထောင့်မျိုးစုံက လူတန်းစားအလွှာ ၈ လွှာမှ အင်အား ၁၀၈၈ ဦးနဲ့ ရေးဆွဲပြဌာန်းခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီနည်းလမ်းအရ ပြည်သူ့ဆန္ဒ ပြည်သူ့သဘောထားများ ရယူပြီး ပြည်သူ ၉၂ ဒဿမ ၄၈ ရာခိုင်နှုန်း ထောက်ခံ အတည်ပြုထားတာပဲ ဖြစ်ပါတယ်။ ”

ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်တာကြောင့် ဖွဲ့စည်းပုံကို ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ ပြင်ဆင်နိုင်တယ်ဆိုတဲ့ အချက်အရ တပ်မတော်ကိုယ်စားလှယ်တွေ ပါဝင် ထောက်ခံမှသာ ဖွဲ့စည်းပုံပြင်ဆင်နိုင်မယ့် အခြေအနေရှိတာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်အစား ၇၀ ရာခိုင်နှုန်းအထိ လျှော့ချခဲ့သလို လူထုဆန္ဒခံယူပွဲ ကျင်းပရာမှာလည်း မဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်အစား မဲပေးသူအားလုံးရဲ့ ထက်ဝက်လို့ ပြင်ဆင်ဖို့ ဆွေးနွေးနေပါတယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်စန်းနိုင်က ၄၃၆ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး အခုလို ဆက်လက် ဆွေးနွေးပါတယ်။

“နိုင်ငံတကာမှာရှိတဲ့ နိုင်ငံအချို့ရဲ့ အသွင်ကူးပြောင်းရေးကာလ အခြေအနေများကို လေ့လာရာမှာ အများအားဖြင့် သွေးထွက်သံယိုမှု၊ ပျက်စီးဆုံးရှုံးမှုများနဲ့ ကြုံတွေ့ ကူးပြောင်းနေကြတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အီဂျစ်၊ ဆီးရီးယား၊ လစ်ဗျား၊ ပြင်သစ်နိုင်ငံတို့ကို လေ့လာလျှင် တွေ့ရှိရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ၁၀၀ ကျော် နေထိုင်ပြီး၊ ဒီမိုကရေစီစနစ်ကို ညှင်သာစွာ ကူးပြောင်းနိုင်ခဲ့တာကို တွေ့ရှိရမှာဖြစ်ပါတယ်။ လက်ရှိကာလမှာလည်း အထိုက်အလျောက် ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး၊ ဆက်လက် ဖွံ့ဖြိုးတိုးတက်မယ့် အရိပ်အယောင်များကိုလည်း မြင်တွေ့နေရပြီဖြစ်ပါတယ်။ ပြည်သူများနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့တပ်မတော် အနေနဲ့လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရဲ့ ကနဦးအဆင့်မှာ ယာယီအားဖြင့် ပါဝင်ခြင်းဟာ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပေးနိုင်မှာဖြစ်တဲ့အပြင် အချို့သောနိုင်ငံများမှာ အနာဂတ် ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် တပ်မတော်ကဲ့သို အာမခံချက်ပေးနိုင်တဲ့ အဖွဲ့အစည်း မရှိတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြင်ဆင်သင့်သည်ကို ပြင်ဆင်ရေး၊ မပြင်သင့်သည်ကို မပြင်နိုင်ရေးအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များရဲ့ ပါဝင်မှုရာခိုင်နှုန်းနဲ့ ထိန်းသိမ်းဆောင်ရွက်ပေးနေခြင်းသာ ဖြစ်ပါတယ်။ နောင်တချိန် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု အခိုင်အမာရှိလာချိန်မှာ အခြေအနေအရပ်အရပ်တွေ ကောင်းလာတဲ့အချိန်မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟာ အဓိကမကျကြောင်း သိရှိလာမှာ ဖြစ်ပါတယ်။”

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်က ၄၃၆ မပြင်ရေးအတွက် တင်ပြ ဆွေးနွေးပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အခြားပါတီတချို့က ၄၃၆ ပြင်ဆင်ထားတဲ့အချက်ကို ထောက်ခံပြီး NLD ပါတီကတော့ ဒီပြင်ဆင်တာဟာ လုံလောက်မှုမရှိကြောင်း တင်ပြထားပါတယ်။

ဒီကနေ့ လွှတ်တော်မှာ ဆွေးနွေးတဲ့ ပုဒ်မတွေမှာတော့ ပုဒ်မ ၅၉ (ဃ)၊ ပုဒ်မ ၅၉ (စ)၊ ပုဒ်မ ၆၀ (ဂ)၊ ပုဒ်မ ၄၁၈ (ခ)၊ ပုဒ်မ ၄၃၆ (က) စတဲ့ ပုဒ်မတွေကို လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦး က ဆွေးနွေးခဲ့ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ဥပဒေမူကြမ်းကို ဗုဒ္ဓဟူးနေ့မှာလည်း ဆက်လက် ဆွေးနွေးဖို့ရှိပြီး ကြာသပတေးနေ့ ဆွေးနွေးချက်တွေ ပြီးဆုံးချိန်မှာတော့ ဥပဒေမူကြမ်း တပိုဒ်ချင်းစီကို လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူမှာ ဖြစ်ပါတယ်။

XS
SM
MD
LG