သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်း ကြေးနီစီမံကိန်းစက်ရုံ အက်ဆစ်နံ့ရွာသားတွေကန့်ကွက်


လက်ပံတောင်းဒေသက စပယ်တောင်ကြေးနီစီမံကိန်း လုပ်နေတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်ရဲ့ မိုးကြိုး ဆာလဖျူရစ် အက်ဆစ်စက်ရုံက ဓာတ်ငွေ့ ယိုစိမ့်ပေါက်ထွက်မှုတွေကြောင့် အက်ဆစ်နံ့တွေ ဆိုးရွားမှုကို မခံနိုင်တဲ့ ကံကုန်းရွာသား ၅၀၀ ကျော်ဟာ စက်ရုံပိတ်ပေးဖို့ အင်္ဂါနေ့ညက သွားရောက် တောင်းဆိုခဲ့ပါတယ်။ အသေးစိတ်ကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ထဲက စပယ်တောင်မှာ ကြေးနီထုတ်လုပ်နေတဲ့ မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်ရဲ့ အက်ဆစ်စက်ရုံက ဓာတ်ငွေ့တွေ ယိုစိမ့်မှုတွေကြောင့် အသက်ရှူမ၀ ဖြစ်လာတဲ့အပေါ်မှာ ကံကုန်းကျေးရွာသားတွေက သွားရောက် ကန့်ကွက်ခဲ့တာပါ။ အစပိုင်းမှာ ကျေးရွာသားတွေရဲ့ ကန့်ကွက်မှုကို စက်ရုံဘက်က လက်ခံ ဖြေရှင်း တုံ့ပြန်မှုမရှိပေမဲ့ ရွာသားအင်အား ၅၀၀ ကျော် တောင်းဆိုတဲ့အခါမှာတော့ ဖြေရှင်းပေးဖို့ လက်ခံခဲ့တယ်လို့ ကံကုန်းရွာက ရွာသားတဦးက အခုလို ရှင်းပြပါတယ်။

“အာခေါင်တွေ ယားယံတယ်။ နှာခေါင်းတွေ ယားယံတယ်။ နှာတွေမွှန်တယ်။ နောက် မျက်စိတွေစပ်တယ်။ အသက်ရှူမဝတာတွေ ကျနော်တို့ရွာသားတွေမှာ အဲ့ဒီပုံစံမျိုးတွေ အများကြီးဖြစ်တယ်။ ခဏခဏ ဒီလိုမျိုးဖြစ်နေတယ်ဆိုတဲ့ ဥစ္စာကို ကျနော်တို့သွားပြီးတော့ ပြောဆိုတာပေါ့ဗျာ။ ပထမတော့ဗျာ ရွာသား ၄-၅၀ လောက်နဲ့ အက်ဆစ်ကန်ရှေ့ကို သွားပြီးတော့ ဒီကိစ္စကို ဖြေရှင်းပေးဖို့ တောင်းဆိုတယ်။ တောင်းဆိုနေတဲ့အချိန်မှာ တစုံတယောက် တာဝန်ရှိသူ ဘယ်သူကမှ ဖြေရှင်းမပေးဘဲနဲ့ အချိန် ၂ နာရီကျော် ကြာသွားတဲ့အချိန်မှာ ရွာသားတွေက တဖြေးဖြေးများလာပြီးတော့ ၅၀၀ ဝန်းကျင်အထက်မှာ ရှိခဲ့တယ်ပေါ့ဗျာ။ ကျနော်တို့က ဒီအနံ့နဲ့ပတ်သက်ပြီး ဖြေရှင်းပေးဖို့ဆိုပြီးတော့ ကျနော်တို့က ဒါတွေကို ပြေပြေလည်လည် ပြောခဲ့တာလေ။ သူတို့ မဖြေရှင်းပေးလို့သာ ဒီလိုမျိုး အင်အားတွေ များလာတဲ့ အနေအထားတခု ရောက်သွားတာ။”

ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အပါအဝင် ရွာသားအများအပြား တောင်းဆိုတဲ့အခါမှာတော့ စက်ရုံဘက်က ဖြေရှင်းပေးမယ်ဆိုတဲ့အကြောင်း အခုလို တုံ့ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။

“ပေါက်သွားလို့ပေါ့။ ပေါက်သွားလို့ ဒီလိုမျိုးဖြစ်သွားတယ်ဆိုတာကို သူတို့ဝန်ခံတယ်။ နံလွန်းလို့ ရွာသူရွာသားတွေ ဒီနေရာကို ရောက်လာတယ်ဆိုတဲ့ဥစ္စာကိုလည်း သူတို့ ဝန်ခံတယ်ဆိုတာ သိရတယ်။ သူတို့စက်ရုံတွေကိုလည်း ပြင်ဆင်မှုတွေ လုပ်ဆောင်ပါ့မယ်။ သင်္ကြန်တွင်းမှာ စက်မလည်ရဘူးဆိုတာကို သူတို့ဝန်ခံတယ်။ နောက် ရွာသားတွေက ဘာကို တောင်းဆိုသလဲဆိုရင် ဒီနေ့ဒီရက်ဒီအချိန်မှာ ဒီစက်ရုံကို ရွာသားတွေအနေနဲ့ လာခဲ့တဲ့အကြောင်းရင်းက အနံ့နံလွန်းလို့ လာခဲ့တယ်ဆိုတဲ့ဥစ္စာကို တရားဝင် စာထွက်ပေးပါဆိုပြီး တောင်းဆိုခဲ့တာကိုလည်း သူတို့က စာ ပြန်ပေးပါ့မယ်ဆိုပြီး အဲ့လိုပုံစံမျိုးနဲ့ ဖြေရှင်းလို့ရခဲ့တယ်ပေါ့။”

အက်ဆစ်စက်ရုံ စတည်ထောင်ကတည်းက အကြိမ်ပေါင်းများစွာ ရွာသားတွေက ကန့်ကွက်မှုတွေ လုပ်ခဲ့ရကြောင်း အဲဒီအက်ဆစ်အနံ့တွေကြောင့် ကျန်းမာရေးထိခိုက်မှုတွေ လည်ချောင်းကင်ဆာ အပါအဝင် တခြား အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါတွေနဲ့ သေဆုံးခဲ့မှုတွေအတွက် ရွာသားတွေက အက်ဆစ်စက်ရုံအပေါ်မှာ သံသယရှိနေကြတာပါ။ ဒီလိုအဖြစ်တွေကြောင့် အကြိမ်ပေါင်း ၁၀ ကြိမ်မနည်း သွားရောက် ကန့်ကွက်ခဲ့ရတယ်လို့လည်း ဒေသခံက ဆက်ပြောပြပါတယ်။

“ပြီးခဲ့တဲ့ ၂ လလောက်အကြာမှာပဲ ဒီစက်ရုံဝင်းထဲမှာရှိတဲ့ ၉ တန်းကျောင်းသားတယောက်က လည်ချောင်းကင်ဆာရောဂါနဲ့ အသက်ရှူလမ်းကြောင်းမှာ ကင်ဆာနဲ့ သေသွားတာ ကျနော်တို့မှာ ရှိခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့မှာ တခု ဘာရှိသလဲဆိုတော့ ဒီအကြောင်းကြောင့်ဖြစ်တယ်ဆိုတာကို တိတိကျကျ မပြောနိုင်သော်ငြားလည်း ဒီစက်ရုံကြောင့်ဖြစ်နေရတယ်ဆိုတဲ့ ကျနော်တို့စိတ်ထဲမှာ သံသယစိတ်တွေ အရမ်း ကြီးထွားနေရတယ်။ ပြောမယ်ဆိုရင်တော့ ၂၀၀၆-၂၀၀၇ သူတို့စက်ရုံတည်ပြီးနောက်ပိုင်းမှာ ဒီလိုမျိုး အကြိမ်ကြိမ်အခါခါတွေ ကျနော်တို့ ဖြစ်ခဲ့တယ်။ အခုအချိန်ထိ ဖြေရှင်းပေးတာတွေ မရှိဘူး။ နောက်နှစ်မှာလည်း ဒီလိုမျိုး ကျနော်တို့ အက်ဆစ်ငွေ့က ဘယ်လိုသုံးသလဲဗျာ။ ရာသီဥတုပြောင်းလဲတဲ့ အချိန်အခါမျိုးမှာ ဒီအက်ဆစ်ငွေ့တွေကြောင့် စိုက်ခင်းတွေ ပျက်စီးခဲ့တယ်။ ဒါကို ကျနော်တို့ သွားရောက်ပြောဆိုကြတဲ့အချိန်မှာ စက်ရုံက ကျနော်တို့ကို ဖြေရှင်းမှုမပေးခဲ့ဘူး။ ဒီလိုမျိုးနံတာကတော့ အကြိမ်ပေါင်း မနည်းတော့ဘူး။ ရွာသားတွေကိုယ်တိုင်ကလည်း ဒီလိုနံလို့သွားပြောတဲ့အချိန်မှာ တချို့ဟာတွေက ပိုက်ပေါက်လို့နံတယ်။ အဲဒီမှာ ရပ်ပေးတာလိုမျိုးရှိခဲ့တယ်။ တချို့ဟာတွေက လုံးဝကို ဖြေရှင်းမပေးဘဲနဲ့ လျစ်လျူရှုခံခဲ့ရတဲ့ဟာမျိုးတွေလည်း ကျနော်တို့ ရှိခဲ့တယ်ဗျ။”

သဘာဝပတ်ဝန်ကျင်း လေ့လာစောင့်ကြည့်နေတဲ့ အဖဲ့ွတွေကလည်း ဒီကိစ္စအပေါ်မှာ ဝေဖန်မှုတွေရှိနေပေမဲ့ အက်ဆစ်စက်ရုံ လည်ပတ်မှုတွေကတော့ ရပ်နားသွားခြင်း မရှိခဲ့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ အခုအခါမှာတော့ အက်စစ်ငွေ့တွေ ယိုစိမ့်မှုတွေဟာ လေတိုက်တဲ့အခါတိုင်း ကျေးရွာသားတွေ အသက်ရှူမ၀ ဖြစ်တာဟာ အခုအခါမှာ အဆိုးဆုံးအခြေအနေကို ရောက်ရှိခဲ့ရတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG