သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ အဂတိမှုတိုက်ဖျက်ရေး အဆင့်တက်


Transparency International နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ကြီးက ၂၀၁၃ ခုနှစ်အတွက် ထုတ်ပြန်တဲ့ အဂတိလိုက်စားမှုဆိုင်ရာ အညွှန်းကိန်းမှာ မြန်မာနိုင်ငံရဲ့အဆင့်ဟာ မနှစ်ကထက်စာရင် အနည်းငယ် မြင့်တက်လာပါတယ်။

ဒါဟာ လက်ရှိအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ရပ်တွေကြောင့်ဖြစ်ပေမဲ့ အဂတိလိုက်စားမှုတွေ လျော့နည်းသွားဖို့ အတော်လေး လိုအပ်နေသေးတယ်လို့ အဖွဲ့ရဲ့တာဝန်ရှိပုဂ္ဂိုလ်က ဗွီအိုအေကို ပြောပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင် က တင်ပြထားပါတယ်။

နိုင်ငံတကာ ပွင့်လင်းမြင်သာမှု စောင့်ကြည့်ရေးအဖွဲ့ရဲ့ ဒီနှစ်ထုတ်ပြန်တဲ့ အညွန်းကိန်းတွေအရဆိုရင် နိုင်ငံပေါင်း ၁၇၇ နိုင်ငံထဲက မြန်မာနိုင်ငံရဲ့ အဆင့်ဟာ ၁၅၇ မှာ ရှိနေပါတယ်။ ၂၀၁၂ ခုနှစ်တုန်းကဆိုရင် ၁၇၆ နိုင်ငံတွေထဲမှာ အဆင့် ၁၇၂ ရှိခဲ့တာပါ။

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သူတို့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ အဂတိလိုက်စားမှုဆိုင်ရာ အညွှန်းကိန်းဟာ ကဏ္ဍအသီးသီးက လာဘ်စားမှုအခြေအနေတွေကို ထင်ဟပ်တာမဟုတ်ဘဲ အစိုးရကဏ္ဍပိုင်းက ဆောင်ရွက်ချက်တွေကိုပဲ စစ်တမ်းကောက်ယူထားတာ ဖြစ်တယ်လို့ နိုင်ငံတကာ ပွင့်လင်းမြင်သာမှု စောင့်ကြည့်ရေးအဖွဲ့ အာရှ-ပစိဖိတ်ဌာနရဲ့ ညွန်ကြားရေးမှူး Srirak Plipat က ဗွီအိုအေကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုလို အဂတိလိုက်စားမှု အခြေအနေ အနည်းငယ် လျော့ကျသွားတာနဲ့ပတ်သက်လို့ သူက အခုလို ပြောပြပါတယ်။

“လက်ရှိအစိုးရက ပြီးခဲ့တဲ့နှစ်အတွင်း အဂတိဆန့်ကျင်ရေးဆိုင်ရာ ကုလသမဂ္ဂ ပြဌာန်းချက်ကို အသိအမှတ်ပြုပြီးတော့ ပြင်ဆင်ဆောင်ရွက် လာတာတွေက ဒီနှစ်အညွန်းကိန်းမှာ ထင်ဟပ်နေတာပါ။ ဒါဟာ ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ပိုပြီး ပွင့်လင်းတဲ့ အခြေအနေလို့ ကျနော်ထင်ပါတယ်။ ဒါတွေဟာ ဒီနှစ်အစီရင်ခံစာမှာ ထင်ဟပ်စေတဲ့ အကြောင်းရင်းတွေလို့ ကျနော် မြင်ပါတယ်။”

ဒါပေမဲ့လို့ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုအခြေအနေ ပိုပြီး လျော့နည်းသွားအောင် ဆောင်ရွက်ရမယ့် အခြေအနေတွေ အများကြီး လိုနေပါသေးတယ်လို့ Srirak Plipat က ပြောပါတယ်။ စာရင်းဇယား အချက်အလက်တွေအရဆိုရင်လည်း မြန်မာနိုင်ငံရဲ့အဆင့်ဟာ ဒေသတွင်း ဒါမှမဟုတ် နိုင်ငံတကာနဲ့ယှဉ်ရင် အောက်ဆုံးမှာပဲ ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။

တဘက်မှာတော့ အဂတိလိုက်စားမှုဟာ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အဓိကစိန်ခေါ်မှု ပြဿနာအဖြစ် လက်ရှိ မြန်မာအစိုးရက လက်ခံလာတာကို တွေ့မြင်ရတယ်လို့လည်း နိုင်ငံတကာ ပွင့်လင်းမြင်သာမှု စောင့်ကြည့်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းစဉ်တွေ တိုးတက်လာဖို့ အခြေခံအကြောင်းရင်းအဖြစ် အသိအမှတ်ပြုတယ်လို့လည်း Srirak Plipat က ပြောပါတယ်။

“အခုဆိုရင် မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုဆိုင်ရာ ဥပဒေတွေ၊ မူကြမ်းတွေကို တင်ပြဆွေးနွေးနေကြပါတယ်။ အနာဂတ်လမ်းကြောင်းဟာ အဲဒီဥပဒေရေးရာ မူဘောင်အသစ်တွေရဲ့ အရည်အသွေးပေါ် သိပ်ကို မူတည်နေပါတယ်။ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းတဲ့ အဖွဲ့အစည်းတွေဟာ သူတို့လုပ်ရမယ့် လုပ်ငန်းတွေကို လုပ်နိုင်တဲ့အဆင့်ထိ အလုံအလောက် အားကောင်းရဲ့လား၊ နိုင်ငံရဲ့ အသုံးစရိတ် အပါအဝင် တခြားကိစ္စတွေမှာ အလုံအလောက် အရေးယူမှု ရှိရဲ့လား၊ အလုံအလောက် ပွင့်လင်းမြင်သာမှု ရှိရဲ့လား ဆိုတာတွေကို ကြည့်ရပါမယ်။ ဒါကြောင့် အနာဂတ်မှာ ဘယ်လိုဖြစ်မယ်ဆိုတာကို စောင့်ကြည့်ရမှာတွေ အများကြီး ရှိပါတယ်။”

တဆက်တည်းမှာပဲ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုအခြေအနေ ပပျောက်အောင်လို့ ဆောင်ရွက်သင့်တဲ့ အချက်တွေကို သူက အခုလို အကြံပေးပါတယ်။

“ပထမအချက်ကတော့ လာဘ်စားမှုကို အရေးယူတဲ့ ဥပဒေပြဌာန်းချက်တွေကို ပြန်ပြီး သုံးသပ်ဖို့ လိုပါတယ်။ ခေတ်မမှီတော့တဲ့ ဥပဒေတွေကို ပြောင်းလဲပစ်ဖို့၊ နောက်ပြီး အခုအချိန်ဟာ မြန်မာနိုင်ငံမှာ နိုင် ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို စတင် ဖွင့်ပေးလိုက်တဲ့အတွက် အဂတိလိုက်စားမှုမဖြစ်အောင် နိုင်ငံတကာ ဥပဒေတွေနဲ့အညီ ဆောင်ရွက်ဖို့ လိုပါတယ်။ နိုင်ငံခြားလုပ်ငန်းရှင်တွေအနေနဲ့ လိုင်စင်ရဖို့၊ အခွန်ငွေဆောင်ဖို့၊ မြေယာတွေဝယ်ယူဖို့တွေမှာ လာဘ်ပေးလာဘ်ယူတာတွေ မဖြစ်အောင် မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့ လိုပါတယ်။”

နှစ်စဉ်ထုတ်ပြန်တဲ့ အဂတိလိုက်စားမှုဆိုင်ရာ အညွန်းကိန်းမှာ အကောင်းဆုံးအဖြစ် ထိပ်တန်းမှာ ပါဝင်တဲ့ တိုင်းပြည်တွေကတော့ နယူးဇီလန်နဲ့ ဒိန်းမတ်နိုင်ငံတို့ဖြစ်ပြီး၊ Scandinavian တိုင်းပြည်တွေကတော့ နှစ်စဉ်လိုလို အဂတိလိုက်စားမှု အနည်းဆုံး တိုင်းပြည်တွေ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ အဆင့် ၁၉ မှာ ရှိနေပါတယ်ရှင်။
XS
SM
MD
LG