သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

CPC နိုင်ငံထဲ မြန်မာကိုပြန်သွင်းဖို့ ဘာသာရေးကော်မရှင် တိုက်တွန်း


မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာကောင်းတဲ့ (Countries of Particular Concern – CPC) နိုင်ငံတနိုင်ငံအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်ပြီးသတ်မှတ်ဖို့ အမေရိကန်ပြည်ထောင်စုရဲ့ အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်မှုဆိုင်ရာ ကော်မရှင်က (USCIRF) က တောင်းဆိုအကြံပြုလိုက်ပါတယ်။

ဧပြီလ ၃၀ ရက်နေ့ ထုတ်ပြန်လိုက်တဲ့ ၂၀၁၅ နှစ်ပတ်လည်အစီရင်ခံစာထဲမှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံက လူနည်းစုဘာသာဝင်တွေနဲ့ တိုင်းရင်းသားတွေဟာ ဘာသာရေးအရ လွတ်လပ်ခွင့်မရတာ၊ ခွဲခြားဆက်ဆံခံရတာ၊ အကြမ်းဖက်ခံရတာတွေ ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

လူနည်းစုဘာသာဝင်တွေနဲ့ပတ်သက်ပြီး ဖိနှိပ်မှုတွေဟာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပြီး အစိုးရကလည်း ဒီလိုမျိုး ဘာသာရေးအရ ဖိနှိပ်တာတွေအပေါ် ကြားဝင်ဟန့်တားတာတွေ၊ စုံစမ်းစစ်ဆေးတာတွေ၊ အရေးယူတာတွေလုပ်ဖို့ ဆန္ဒမရှိခဲ့ဘူးလို့ ပြောပါတယ်။ ဒီလိုမျိုး ဘာသာရေးအရ ဆက်လက် ချိုးဖောက်ခံနေရတာကြောင့် မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာကောင်းတဲ့ နိုင်ငံတနိုင်ငံအဖြစ် ဆက်ပြီး သတ်မှတ်ဖို့ USCIRF အကြံပြုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန်အစိုးရအနေနဲ့လည်း ဘာသာရေးနဲ့ တိုင်းရင်းသား လူနည်းစုဝင်တွေအပေါ်မှာ အကြမ်းဖက်နေတာတွေကို အဆုံးသတ်ဖို့အတွက် ခိုင်မာတဲ့ခြေလှမ်းတွေ လုပ်ဆောင်ပြီး မူဝါဒတွေချမှတ်ဖို့ အဲဒီထဲမှာ အကြမ်းဖက်မှုတွေကို လှုံ့ဆော်၊ ကျူးလွန်နေသူတွေကို စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး အရေးယူဖို့ကိုလည်း အကြံပြု တိုက်တွန်းထားပါတယ်။

၁၉၉၉ ခုနှစ်ကစပြီး မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာကောင်းတဲ့ နိုင်ငံတနိုင်ငံအဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတ်မှတ်ခဲ့တာဖြစ်ပြီး၊ နောက်ဆုံးအကြိမ် သတ်မှတ်ခဲ့ကတော့ ၂၀၁၄ ဇူလိုင်လက ဖြစ်ပါတယ်။

ဘာသာရေးလွတ်လပ်မှုနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်စရာကောင်းတဲ့ နိုင်ငံတွေအဖြစ် ပြန်ပြီး သတ်မှတ်ဖို့ အကြံပြုတဲ့နိုင်ငံ ၉ နိုင်ငံထဲမှာ မြန်မာနိုင်ငံနဲ့အတူ တရုတ်၊ အီရီထရီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆော်ဒီအာရေးဗျ၊ ဆူဒန်၊ တာခ်မီနစ္စတန်နဲ့ ဥဇဘက်ကစ္စတန်တို့ ပါဝင်ပါတယ်။

XS
SM
MD
LG