နိုင်ငံ တကာဧည့်သည်တွေ လာရောက်တဲ့ ပြည်တွင်းဘဏ်တွေမှာ အသုံးပြုနိုင်မဲ့ အကြွေးဝယ်ကတ် VISA နဲ့ MASTER ကတ်တွေကို အခု နှစ်ကုန်ပိုင်းမှာ စတင် သုံးနိုင်ဖို့ ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေက နိုင်ငံတကာ ဘဏ်တွေနဲ့ ပူးပေါင်းပြီး အကြွေးဝယ်ကတ် စနစ်တွေ အကောင်အထည် ဖော်ဖို့ ကြိုးစားနေကြပါတယ်။ ဘယ်လို အကြွေးကဒ်တွေကို စီစဉ် လုပ်ဆောင်ကြမယ်ဆိုတာနဲ့ ပတ်သက်လို့ ရန်ကုန်မြို့မှာ ရှိတဲ့ သတင်းထောက် ကိုရဲကျော်အောင်က တင်ပြပေးထားပါတယ်။

နိုင်ငံ တကာဧည့်သည်တွေ မြန်မာနိုင်ငံကို လာရောက်ကြတဲ့အခါ ပြည်တွင်းဘဏ်တွေမှာ အသုံးပြုဖို့ လွယ်ကူနိုင်အောင် စီစဉ်တဲ့အနေနဲ့ အကြွေး ဝယ်ကတ် VISA နဲ့ MASTER ကဒ်တွေကို အခုနှစ်ကုန်ပိုင်းမှာ စတင် သုံးနိုင်ဖို့အတွက် ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိက ဘဏ်တွေက စီစဉ်နေပြီ လို့ CB ဘဏ် ဒါရိုက်တာ ဦးဖေမြင့် က ပြောပါတယ်။ လက်ရှိ ပြည်တွင်းဘဏ် တွေအနေနဲ့ နိုင်ငံ တကာဘဏ် တွေနဲ့ ပူးပေါင်း စီစဉ်နေတာနဲ့ပတ်သက်လို့ CB ဘဏ် ဒါရိုက်တာ ဦးဖေမြင့်က VOA ကို အခုလို ရှင်းပြပါတယ်။

“Tourist တွေဘာတွေ လာတဲ့အခါမှာ ငွေသုံးတဲ့အခါမှာ အဆင်ပြေအောင်လို့ လုပ်ပေးတဲ့သဘောပေါ့၊ လူကြီးတွေလည်း အဲလို ဆန္ဒပဲ ရှိတာပဲလေ..၊ မကြာခင်မှာ Visa သုံးဖို့ Master သုံးဖို့ ဆန္ဒတော့ ရှိကြ တယ်လေ”

နိုင်ငံ တကာ အသုံးပြုနေ တဲ့ အကြွေးဝယ်ကတ် VISA နှင့် MASTER ကတ်တွေကို ပြည်တွင်းမှာသုံးဖို့ ကြိုးစားရင် ပြင်ဆင်ထားစရာတွေအများကြီး ရှိနေ သေးတယ်လို့ ပြည်တွင်း ဘဏ်လုပ်ငန်း အရေး လေ့လာစောင့်ကြည့်နေသူ မခင်သူဝင်း က အခုလို ထောက်ပြ ပြောဆိုပါတယ်။

“ ဒီစနစ်တွေ ဖွံ့ဖြိုးဖို့အတွက်ဆိုရင်တော့ Rules and Regulation တွေ သေချာ ချမှတ်ဖို့ လိုတယ်၊ ဒီစနစ် က ငွေကြေးလည်ပတ်စီးဆင်းမှုကို ပိုမို မြန်ဆန်လာစေမှာပေါ့နော်..။ ဒါပေမဲ့ ဒီစနစ်က မြန်မာပြည်သူတွေ အနေနဲ့ အသားကျ သုံးတတ်အောင်တော့ အသိပညာပေးတွေ အများကြီး လုပ်ဖို့ လိုတယ်၊ ဒါက Online Banking စနစ် ဖွံ့ဖြိုးလာဖို့အတွက် အကောင်းဆုံး နည်းလမ်းတရပ်လို့ ထင်ပါတယ်။”

အကြွေးဝယ်ကတ်တွေဖြစ်တဲ့ VISA နဲ့ MASTER ကဒ်တွေ စတင်အသုံး မပြုသေးခင်မှာ ပြည်တွင်းကြွေး ဝယ်ကတ်တစ်ခုဖြစ်တဲ့ မြန်မာပေးမင့် ယူနီယံ (Myanmar Payment Union) ကဒ်ကို စတင် အသုံးပြု ဖို့ ပြည်တွင်း ဘဏ် ၁၁ ခု က စတင် ဆောင်ရွက်နေပြီး အဲဒီ မြန်မာပေးမင့် ယူနီယံ (Myanmar Payment Union) ကဒ်အဆင်ပြေမှု တွေကို ကြည့် ပြီး VISA နဲ့ MASTER ကဒ်တွေက သူတို့ရဲ့ ကဒ်တွေ ကို ပြည်တွင်း မှာ သုံးဖို့ လိုင်စင် ချပေးမှာ ဖြစ်တယ်လို့ CB ဘဏ် ဒါရိုက်တာ ဦးဖေမြင့် က VOA ကို ပြောပါတယ်။

“ခုလောလောဆည်.. Visa , Master သုံးမှာက MPU ထဲမှာ Member ၁၁ ခု ပါတယ်လေ၊ အဲဒီ ၁၁ ခုက သူတို့ Visa ကနေ လိုင်စင်ပေးတော့မှာကိုး၊ လိုင်စင်က MPU အဖွဲ့ဝင်တွေကို သူတို့ သတ်မှတ်တဲ့ စည်းမျဉ်း စည်းကမ်းအတိုင်း ညီရအောင် သူတို့ စစ်ဆေးဦးမှာပေါ့၊ စစ်ဆေးပြီးမှ သူတို့ ပေးလိမ့်မယ် ထင်တယ်။

အကြွေးဝယ်ကဒ်တွေဖြစ်တဲ့ VISA နဲ့ MASTER ကဒ်တွေဟာ အမေရိကန် အခြေစိုက် အကြွေးဝယ်ကဒ် ကုမ္ပဏီတွေက ထုတ်လုပ်တာ ဖြစ်ပြီး မြန်မာ နိုင်ငံအပေါ် အမေရိကန်က စီးပွားရေးဖြေလျှော့မှုတွေ အပြီး မှာ ပြည်တွင်းဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်ဖို့ စတင်ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။