သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးကောင်စီ ဖွဲ့စည်းရေး CRPP ကြိုဆို


ငြိမ်းချမ်းရေးကောင်စီ ဖွဲ့စည်းရေး CRPP ကြိုဆို
ငြိမ်းချမ်းရေးကောင်စီ ဖွဲ့စည်းရေး CRPP ကြိုဆို

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကောင်စီဖွဲ့စည်းဖို့ လွှတ်တော်က အတည်ပြုထားတဲ့အပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီ (CRPP) က လက်ခံကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဒီကောင်စီအနေနဲ့ တိုင်းပြည်ရဲ့ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဘယ်လောက်အထိ လက်တွေ့ ဆောင်ရွက်နိုင်မယ်ဆိုတာက အရေးကြီးပါတယ်လို့ CRPP ပြောခွင့်ရပုဂ္ဂိုလ် ဦးအေးသာအောင်က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း တိုင်းရင်းသားအင်အားစုတွေနဲ့ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြေရှင်းနိုင်ရေး အတွက် ငြိမ်းချမ်းရေးကော်မီတီ ဖွဲ့စည်းဖို့ လက်ရှိကျင်းပနေတဲ့ လွှတ်တော်က အတည်ပြုလိုက်တာပါ။ အခုလို ငြိမ်းချမ်းရေးကော်မီတရပ် ဖွဲ့စည်းဖို့ ပြင်ဆင်နေတဲ့အပေါ် ကြိုဆိုကြောင်း CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီရဲ့ အတွင်းရေးမှူးလည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးအေးသာအောင်က ဒီကနေ့ ကျင်းပတဲ့ CRPP ရဲ့ လပတ်အစည်းဝေးအပြီးမှာ ပြောပါတယ်။

“ငြိမ်းချမ်းရေးကောင်စီဖွဲ့တယ်။ အဲဒါ တကယ့် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ရပ်စဲဖို့၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဆောင်ရွက်ဖို့ တကယ့်တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ပကတိ အခြေအနေမှန်တွေကို ဆွေးနွေးပြီးတော့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ဖို့အတွက် ကော်မရှင်ဖွဲ့တယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ တကယ့်တကယ် ဒီကော်မရှင်ဟာ ဘယ်လောက်အထိ တိုင်းပြည်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခကို ဆောင်ရွက်နိုင်မလဲ ဆိုတာလည်း အရေးကြီးပါတယ်။ တကယ် လက်တွေ့ ဆောင်ရွက်တဲ့အခါမှာ တိုင်းရင်းသားများနဲ့ ဆွေးနွေးတဲ့အခါမှာ တိုင်းရင်းသားများရဲ့ ရည်မှန်းချက်တွေနဲ့ အပေးအယူ ညှိနှိုင်းမှုတွေ ဘယ်လောက် လုပ်နိုင်မလဲ ဆိုတာက ပိုလို့အရေးကြီးပါတယ်။”

ဒီကော်မီတီကိုတော့ မြန်မာနိုင်ငံအတွင်း ထာဝရငြိမ်းချမ်းပြီး တည်ငြိမ်အေးချမ်းမှု တည်ဆောက် ထိန်းသိမ်းရေး ကော်မတီလို့ လောလောဆယ်မှာ လွှတ်တော်က အမည်ပေးထားတာပါ။

လက်ရှိ မြန်မာနိုင်ငံတွင်းဖြစ်ပေါ်နေတဲ့ နိုင်ငံရေးဖြစ်စဉ်တွေကနေ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို ဘေးဖယ်ထားလို့ မရဘူးဆိုတာကိုလည်း ဒီကနေ့ ကျင်းပတဲ့ CRPP အစည်းဝေးအတွင်း ဆွေးနွေးခဲ့ကြတယ်လို့လည်း ဦးအေးသာအောင်က ပြောပါတယ်။

“ဒီကနေ့ လက်ရှိဖြစ်ပေါ်နေတဲ့ တိုင်းရင်းသားအရေးနဲ့ပတ်သက်လို့ မည်သည့်အချိန်အခါပဲဖြစ်ဖြစ်၊ မည့်သည့် အခြေအနေမှာပဲဖြစ်ဖြစ် တိုင်းရင်းသားအရေးဆိုတာ ဖယ်လားလို့ ချန်ထားလို့လည်း မရနိုင်ပါဘူး။ ဖယ်ထားမှာလည်း မဟုတ်တဲ့အကြောင်းကိုတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောပါတယ်။”

ငြိမ်းချမ်းရေးကော်မီတီကို ဖွဲ့စည်းတဲ့အခါမှာလည်း မြန်မာ့ဒီမိုကရေစီအရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ အဖွဲ့ဝင်အဖြစ် ထည့်သွင်းပေးဖို့ လွှတ်တော်တွင်း အကြံပြု တင်ပြခဲ့တာတွေတော့ ရှိပါတယ်။ ဦးအေးသာအောင်ကတော့ ဒီကိစ္စဟာ လွှတ်တော်အတွင်း ဆွေးနွေး ဆုံးဖြတ် လုပ်ဆောင်ကြတာမို့ သူတို့အနေနဲ့ ပြောပိုင်ခွင့်မရှိပေမဲ့ လွတ်လပ်ပြီး ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းမယ်ဆိုရင်တော့ ပိုပြီးထိရောက်မယ့်ပုံစံမျိုး ပြောပါတယ်။

“တကယ်လို့ နိုင်ငံအတွက် လွတ်လွတ်လပ်လပ် ထင်ရှားတဲ့ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းတဲ့ ငြိမ်းချမ်းရေးကော်မတီ၊ ငြိမ်းချမ်းရေး လုပ်ငန်းအဖွဲ့ဆိုရင်တော့ တမျိုးပေါ့။ အခုကတော့ လွှတ်တော်က ဆွေးနွေးပြီးတော့ ဆုံးဖြတ်ပြီးတော့ ဆောင်ရွက်မယ့်အဖွဲ့ ဆိုတဲ့ဟာကျတော့ ကျနော်တို့က ဘယ်သူဘယ်ဝါ ပါသင့်တယ်လို့ ပြောဖို့ကတော့ ခက်မယ်ထင်ပါတယ်။”

CRPP အတွင်းရေးမှူးလည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးအေးသာအောင် ပြောပြခဲ့တာပါ။

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ငြိမ်းချမ်းရေးအတွက် အစိုးရအနေနဲ့ တိုင်းပြည်အတွင်း တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်အောင် လုပ်ဆောင်ပေးဖို့ တိုင်းရင်းသား အင်အားစုတွေ၊ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် နိုင်ငံတကာ အသိုင်းဝိုင်းကပါ တောင်းဆိုနေကြတာဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်အတွင်းမှာ အခုလို အဆိုတင်သွင်းလာကြတဲ့အထိ ဖြစ်လာတာပါ။

ဒါ့အပြင် တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ လွှတ်တော်ရေးရာကော်မီတီတွေ ဖွဲ့စည်းတဲ့အခါမှာလည်း တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါဝင် ဖွဲ့စည်းပေးဖို့ကိုလည်း တိုင်းရင်းသားတွေဘက်က တောင်းဆို ထားတာဖြစ်ပါတယ်။

XS
SM
MD
LG