မြန်မာနိုင်ငံမှာ ငွေစက္ကူ ငါးထောင်တန် အတုတွေနဲ့ပတ်သက်တဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဘဏ်လုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ငါးထောင်တန်နဲ့ပတ်သက်ပြီး တော်တော်များများ သတိထားနေကြရတယ်လို့ ရန်ကုန်မြို့ခံတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တချို့က ပြောပါတယ်။ ဒါကြောင့်လည်း တချို့နေရာတွေမှာ ငါးထောင်တန်အစား တစ်ထောင်တန်ကိုသာ အဓိကထား သုံးစွဲလာကြပြီး ငါးထောင်တန်ရှိရင်လည်း ချက်ချင်း ငွေအကြွေနဲ့ လဲပစ်တာမျိုးတွေ လုပ်ဆောင်ရတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေကိုတော့ စုံစမ်းထားတဲ့ မနန္ဒာချမ်းက တင်ပြထားပါတယ်။
မကြာသေးခင်ရက်ပိုင်းက ပေါ်ထွက်ခဲ့တဲ့ ငါးထောင်ကျပ်တန်အတု သတင်းတွေကြောင့် ဘဏ်လုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ငွေလက်ခံတာတွေ၊ လွှဲပြောင်းတာတွေကို အတော်လေး သတိထားပြီး လုပ်ဆောင်နေကြတာ ဖြစ်တယ်လို့ ရန်ကုန်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။ နယ်မြို့တချို့မှာလည်း ငါးထောင်တန်အတု ကိုင်ဆောင်သူတွေ တချို့ကို ဖမ်းဆီးမိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာပါ။ ဒီလို အခြေအနေတွေကြောင့် ဘဏ်မှာ ငွေလာအပ်သူတွေရှိရင် အတတ်နိုင်ဆုံး ငါးထောင်တန်အစား တစ်ထောင်တန်ကိုသာပေးဖို့ ဘဏ်ဝန်ထမ်းတွေက ပြောဆိုကြကြောင်းလည်း ပြည်တွင်းထုတ် 7 Day ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရန်ကုန်က စီးပွားရေးလုပ်ငန်းရှင်တဦးကို မေးကြည့်တော့ သူ့အနေနဲ့ ငါးထောင်တန်အတုရတာမျိုး မကြုံဖူးပေမဲ့ ကျန်တဲ့ငွေစက္ကူတွေလို မဟုတ်တာကြောင့် ပိုတော့ သတိထားရတယ်လို့ အခုလို ပြောပါတယ်။
“ကျနော်တို့ ဒီမှာ ငွေပေးငွေယူမှာတော့ ငါးထောင်တန်က စက္ကူသားကညံ့တဲ့အခါကျတော့ ဆေးတွေက ပြန့် ပြန့်နေတယ်။ အသုံးမခံဘူး။ ညစ်ပတ်လွယ်တာပေါ့ဗျာ။ ငါးထောင်တန်က တန်ဖိုးရှိတဲ့အခါကျတော့ ပြဿနာရှိတာပေါ့ဗျာ။ ဆေးကရော၊ printing လုပ်တာကရော နည်းနည်းညံ့တယ်။ သူက အရောင်တွေ ဘာတွေ ပျက်တာမြန်တော့ အဲဒီပိုက်ဆံကိုပေးရင် သိပ်မယူကြဘူးခင်ဗျ လူတိုင်းက။ အဲဒီပြဿနာလေး ရှိတယ်။ အတုဆိုတဲ့ဟာကတော့ ရှိကောင်းရှိနိုင်တယ် တချို့နေရာတွေမှာမိတယ်ဆိုတာက။ ဒါပေမဲ့ ကျနော်ကတော့ သိပ်ပြီးတော့ များများစားစားတော့ မကြုံဖူးသေးဘူး။ အတုလုပ်မယ်ဆိုရင်တော့ လွယ်တဲ့သဘောဖြစ်တယ်။ တစ်ထောင်တန်တို့ ငါးရာတန်တို့ထက်စာရင်တော့။ ဒီသဘောတော့ ရှိတယ်။”
ဒါ့အပြင် သူ့အနေနဲ့ အရင်က ငါးထောင်တန်မဟုတ်ပေမဲ့ အဲဒီလို ငွေစက္ကူအတု လက်ခံရရှိဖူးတဲ့အကြောင်း၊ အတုနဲ့အစစ် ကွာခြားချက်နဲ့ပတ်သက်လို့လည်း အခုလို ဆက်ပြောပြပါတယ်။
“အတုတွေဘာတွေမိရင် ကျနော် ပြန်တော့ပေးဖူးတယ်။ ငါးထောင်တန်တော့ မဟုတ်ဘူးခင်ဗျ။ တစ်ထောင်တန်တို့ဘာတို့။ သူက အဲဒါတော့ နည်းနည်းဖျက်စီးလိုက်တာပေါ့။ နှစ်ပိုင်းသုံးပိုင်းလောက် ဖြဲပြီးမှပဲ ပြန်ပေးတယ်။ အတုဖြစ်ကြောင်း ပြတာပေါ့လေ။ သက်သေပြပြီးတော့ ဖြဲလိုက်တာ။ အဲဒီသဘောပဲ။ အတုကတော့ စက္ကူသားက နည်းနည်း အရေအသွေးနိမ့်တယ်။ သေချာကြည့်ရင်တော့ ကွဲတာပေါ့။ အထိအတွေ့လည်း ကွာတယ်။ အဲဒီသဘောတော့ ရှိတယ်။ ဆိုတော့ ဒီလိုအတုလုပ်ပြီးတော့ တခြား သွားဝယ်မယ်ဆိုရင်တော့ ကျနော်ထင်တယ် မသိနိုင်ဘူး။ ကျနော်တို့ အမြဲတမ်း ထိတွေ့နေတဲ့လူတွေလောက်ပဲ သတိထားမိမှာ။ သာမန်လူတွေ လက်လီတို့ဘာတို့ကို သွားပြီးတော့ဝယ်ရင်တော့ မသိနိုင်ဘူးပေါ့။”
အိမ်ခြံမြေရောင်းဝယ်ရေး စီးပွားရေးလုပ်ငန်းရှင်တဦးကို မေးကြည့်တော့လည်း အိမ်ခြံမြေအရောင်းအ၀ယ် ကိစ္စတွေမှာ ငွေပမာဏ များပြားတဲ့အတွက် ဘဏ်မှာသာ ငွေပေးငွေချေတာမျိုး၊ တိုက်ရိုက် ဘဏ်ကနေ ငွေလွှဲတာမျိုးကိုသာ လုပ်ဆောင်ပြီး ဘဏ်ဝန်ထမ်းတွေအနေနဲ့လည်း ငါးထောင်တန်မျိုး ပါလာရင် သေချာ စစ်ဆေးလေ့ရှိတဲ့အကြောင်း အခုလို ပြောပြပါတယ်။
“တချို့ကျတော့ ကျနော်တို့က ငွေလာချေပြီဆိုရင် ငါးထောင်တန်တချို့လည်း ပါပါတယ်။ ဘဏ်မှာကို ကျန်ာတို့က လက်ခံတဲ့သူကို တခါတည်းကို ဘဏ်မှာ account ကနေ သွားထည့်ပေးတယ်။ တချို့ကျတော့လဲ အဲဒီမှာ ကြားညှပ်ပြီးတော့မှ တချို့ ငါးထောင်တန်ကို printer နဲ့ထုတ်ပြီးတော့လား ဘာလားတော့မသိပါဘူး။ အဲဒီလိုမျိုးတွေလဲ ပါတတ်တာပေါ့နော်။ အဲဒီတော့ ဘဏ်တွေကြတော့လည်း တခုကောင်းတာက သူတို့က စက်နဲ့ပဲ ရေလိုက်တယ်။ နောက်ပြီးတော့ တခါ သူတို့က ၀န်ထမ်းပိုင်းတွေက လက်နဲ့လည်း တခါပြန်ပြီးတော့ စစ်ပေးတယ်။ အဲဒီတော့ ငါးထောင်တန်ကျတော့ ကျနော်တို့ ဒီမှာ အမှားအယွင်းဖြစ်တာတော့ မရှိသလောက်ပါပဲ။”
အခုနှစ်ဆန်းပိုင်းကလည်း ထိုင်းမြန်မာနယ်စပ်မှာ ငါးထောင်တန်အတုနဲ့ပတ်သက်တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပြီး အဲ့ဒီတုန်းက နယ်စပ်ကုန်သည်တွေ၊ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ ငါးထောင်တန်ကို သိပ်လက်မခံရဲကြသလို လက်ထဲရှိနေရင်လည်း အမြန်ဆုံး ငွေအကြွေနဲ့ လဲပစ်ခဲ့တာမျိုးတွေ ရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် မေလပိုင်းလောက်ကလည်း တစ်ထောင်တန်ငွေစက္ကူအတုတွေနဲ့ အတုလုပ်ဆောင်သူတွေကို အာဏာပိုင်တွေက ဖမ်းဆီးမိခဲ့ဖူးပါတယ်။