သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပုဂ္ဂလိက သတင်းစာများ စတင်ထုတ်ဝေ


The Voice Daily နေ့စဉ်သတင်းစာ။ (ဧပြီလ ၁ ရက်၊ ၂၀၁၃)။
The Voice Daily နေ့စဉ်သတင်းစာ။ (ဧပြီလ ၁ ရက်၊ ၂၀၁၃)။
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံး ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာတွေကို ဒီကနေ့ စတင်ထုတ်ဝေပါတယ်။ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ရထားတဲ့ထဲက The Voice Daily၊ စံတော်ချိန်၊ ရွှေနိုင်ငံသစ်နဲ့ ပြည်ထောင်စု စတဲ့ သတင်းစာ ၄ စောင် ဒီကနေ့ ဧပြီလ ၁ ရက်နေ့မှာ စတင် ထုတ်ဝေတာဖြစ်ပါတယ်။ ပုဂ္ဂလိကပိုင်နေ့စဉ်သတင်းစာတွေ ထုတ်ခွင့်ပေးမယ် လို့ ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၁၂ နှစ်ကုန်ပိုင်းက ကြေညာခဲ့ပြီးနောက် သတင်းစာ ထုတ်ဝေခွင့် လျှောက်ထားခဲ့ကြတဲ့ထဲမှာ လောလောဆယ် သတင်းစာ ၁၆ စောင်ကို ထုတ်ဝေခွင့်ပေးထားပါတယ်။

နေ့စဉ်သတင်းစာထုတ်ဝေဖို့ ပြင်ဆင်နေကြတဲ့ထဲမှာ လက်ရှိအပတ်စဉ်ဂျာနယ်ထုတ်ဝေနေတဲ့ ဂျာနယ်တိုက်တချို့ပါဝင်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ သတင်းလွတ်လပ်ခွင့်ကို တဖြည်းဖြည်း လျှော့ပေါ့ပေးလာပြီး ခုလို နေ့စဉ် ပုဂ္ဂလိကသတင်းစာတွေ ထုတ်ဝေခွင့်ပေးခဲ့ တာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံမှာ နေ့စဉ်ထုတ် သတင်းစာတွေကို အစိုးရကပဲ ထိန်းချုပ်ခဲ့ရာက ခုလို ပုဂ္ဂလိကပိုင် လုပ်ခွင့်ရတာတဲ့အတွက် သတင်းအရည်အသွေးပိုင်းမှာ စိန်ခေါ်မှုတွေ အများကြီးရှိနိုင်တယ်လို့ ဝါရင့်သတင်းစာဆရာတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးနောက်မှာ ပုဂ္ဂလိကပိုင်နေ့စဉ်သတင်းစာတွေ ကို မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ အိန္ဒိယ ဘာသာတွေနဲ့ ထုတ်ဝေခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှာ ဦးနေဝင်း အစိုးရတက်လာခဲ့ပြီး နောက်မှာတော့ နေ့စဉ်ထုတ်သတင်းစာ တော်တော်များများကို အစိုးရက ထိန်းချုပ်ခဲ့ပါတယ်။ ၁၉၇၃ ခုနှစ်ဖွဲ့စည်းပုံကို အတည်ပြုခဲ့ပြီးနောက်မှာတော့ ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ်သတင်းစာတွေ အားလုံး ရပ်ဆိုင်းသွားခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG