မြန်မာပြည်ရဲ့ နိုင်ငံရေး ဖြစ်စဉ်တွေမှာ အားလုံး ပါဝင်ခွင့် ရရှိရေးအတွက် ၀ိုင်းဝန်းကူညီ ဆော်သြဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ အမျိုးသမီး ခေါင်းဆောင်တွေကို မေတ္တာရပ်ခံလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန် ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအပေါ် ကန့်သတ် ပိတ်ပင်တာတွေ မလုပ်ဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။ မနေ့ညက ၀ါရှင်တန်မြို့တော် ကနေဒီစင်တာ အဆောက်အဦးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတကာ အမျိုးသမီး ခေါင်းဆောင်တွေကို Vital Voices Global Partnership အဖွဲ့ကြီးက ဆုပေးပွဲအခမ်းအနား ကျင်းပပြီး ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယိုနဲ့ အမှာစကား ပြောကြားခဲ့တာဖြစ်ပါတယ်။ ဆုပေးပွဲအကြောင်း သတင်းကိုယ်တိုင်သွားယူခဲ့တဲ့ ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။
“ဒီညမှာ ကျမတို့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုလိုပါတယ်။ မိသားစု၊ ပြင်ပကမ္ဘာနဲ့ နှစ်ပေါင်းများစွာ အဆက်အသွယ် ဖြတ်တောက်ခံခဲ့ရတာတွေကို ကြံ့ကြံ့ခံရပ်တည်ခဲ့သူ၊ သံမဏိလို ခွန်အားနဲ့ မယိမ်းမယိုင် ခိုင်မာတဲ့သူ” - လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ၀ါရှင်တန်မြို့တော် သမ္မတဟောင်း ဂျွန်အက်ဖ် ကနေဒီ အမှတ်တရ အဆောက်အဦးကြီးရဲ့ ဆုပေးပွဲခန်းမမှာ မနေ့ညက ပြောဆိုသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မြောက်ရေးအတွက် ရှေ့ဆောင်လမ်းပြ ရုန်းကန် လှုပ်ရှားသူအဖြစ် ဆယ်စုနှစ်ရဲ့ အသံဆိုတဲ့ ခေါင်းစဉ်နဲ့ Vital Voices Global Partnership အဖွဲ့က ဂုဏ်ပြုချီးမြှင့်တာ ဖြစ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ပါတီကို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ ပါဝင်ခွင့်ပေးဖို့ မြန်မာ အာဏာပိုင်တွေကို ကျမထပ်ပြီး တောင်းဆိုလိုပါတယ်။ သူတို့ကို လွတ်လပ်စွာ လှုပ်ရှားခွင့်နဲ့ စုရုံးခွင့်တွေ ပေးဖို့လည်း တောင်းဆိုပါတယ်။” - လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောဆို သွားပါတယ်။
၁၉၉၇ ခုနှစ်ကတည်းက အဲဒီအချိန် သမ္မတကတော်ဟောင်း ဖြစ်ခဲ့တဲ့ ဟီလာရီကလင်တန်နဲ့ နိုင်ငံခြားရေး ၀န်ကြီးဟောင်း မယ်ဒလင်းအောဘရိုက်တို့က Vital Voices Global Partnership အဖွဲ့ကို တည်ထောင်ခဲ့ပြီး အမျိုးသမီးအခွင့်အရေးနဲ့ လွတ်မြောက်ရေးအတွက် ဦးစီးဦးဆောင် လှုပ်ရှားသူတွေကို နှစ်စဉ် ဂုဏ်ပြုချီးမြင့်လေ့ ရှိပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အခမ်းအနားအတွက် ဗွီဒီယိုကတဆင့် အမှာစကား ပေးပို့ခဲ့ပါတယ်။
“ကျမတို့ဟာ လွတ်မြောက်ရေးအတွက် ရုန်းကန်လှုပ်ရှားနေသူတွေ၊ အခြေခံ အခွင့်အရေးအတွက် ရုန်းကန် တိုက်ပွဲဝင်နေသူတွေ ဆိုတာ လူတွေ သတိတရ ရှိစေချင်ပါတယ်။ အမျိုးသမီးတွေအတွက် အခြေခံ အခွင့်အရေးတွေတင် မဟုတ်ဘဲ ပြည်သူပြည်သား အားလုံးရဲ့ အခြေခံ အခွင့်အရေးအတွက် ရုန်းကန်လှုပ်ရှားနေသူတွေ ဖြစ်ပါတယ်။” - လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။
တိုင်းရင်းသားလူမျိုးစုဒေသတွေမှာ ဆယ်စုနှစ်ချီကြာခဲ့တဲ့ ပဋိပက္ခတွေနဲ့အတူ မြန်မာပြည်ဟာ လွတ်လပ်ရေး ရပြီးကတည်းက စစ်မှန်တဲ့ ညီညွတ်ရေးကို မတည်ဆောက်နိုင်သေးတဲ့ အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုသွားပါတယ်။ မြန်မာပြည်ရဲ့ တိုင်းရင်းသားတွေအကြား စစ်မှန်တဲ့ စည်းလုံးညီညွတ်မှုကို ဘယ်တိုင်းရင်းသား မျိုးနွယ်စုကဖြစ်ဖြစ် အမျိုးသမီးတွေ အချင်းချင်း ညီညွတ်မှုနဲ့ အစပျိုး ထူထောင်နိုင်မယ်လို့ တွေးမိတဲ့အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။
“ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲ ကျင်းပခဲ့တာ၊ အခု ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ခေါ်ယူ ခဲ့တာကို ကြည့်ပြီး ဒါဟာ တိုးတက်မှုဖြစ်တယ်၊ ဒီမိုကရေစီရေး အတွက် ခြေလှမ်းတခု ဖြစ်တယ်လို့ ရှုမြင်သူတွေကို ကျမတို့အနေနဲ့ ပိုပြီး သတိထားဖို့ စစ်မှန်တဲ့တိုးတက်မှု ဟုတ်မဟုတ် သေသေချာချာ သတိထားကြည့်ဖို့ သတိပေးချင်ပါတယ်။” - လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။
ဒီအချိန် မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့အရာက နိုင်ငံရေးဖြစ်စဉ်တွေမှာ အားလုံးပါဝင်ခွင့် ရှိဖို့ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ မြန်မာပြည်ရဲ့ လက်ရှိအနေအထားကို တိုးတက်တဲ့အဆင့်လို့ မြင်ချင်တဲ့သူတွေက နိုင်ငံရေးဖြစ်စဉ်ဆိုတာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ခေါ်ယူတာ လောက်ကိုပဲ အကန့်အသတ်နဲ့ အဓိပ္ပါယ်ဖွင့်ချင်နေကြတဲ့အကြောင်း၊ ဒီမိုကရေစီကို အခိုင်အမာ ယုံကြည်တယ် ဆိုရင် ပြည်သူတွေအနေနဲ့ သူတို့ဘာသာ လွတ်လွတ်လပ်လပ် ရွေးချယ်ပိုင်ခွင့်ရှိရမှာဖြစ်တဲ့အကြောင်း ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။
လွှတ်တော်ကတဆင့် ဆောင်ရွက်ချင်သူတွေ အနေနဲ့ ဆောင်ရွက်နိုင်သလို တဘက်မှာလည်း လွှတ်တော် ပြင်ပက လှုပ်ရှားဆောင်ရွက်လိုတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လို အဖွဲ့အစည်းတွေ အနေနဲ့လည်း တိုင်းပြည်ရဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးဘ၀ စတဲ့ အခန်းကဏ္ဍတွေမှာ လွတ်လပ်လုံခြုံစွာ ပါဝင် ဆောင်ရွက်ခွင့် ရှိသင့်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
အခမ်းအနားမှာ ဒီနှစ်အတွက် Vital Voices Global Partnership အဖွဲ့ကြီးက ဆုချီးမြှင့်ခံရတဲ့ တခြား ကင်မရွန်၊ အိန္ဒိယ၊ အာဖဂန်နစ္စတန်၊ အစ္စရေး စတဲ့ နိုင်ငံက ဆုရရှိသူ အမျီုးသမီးတွေကတော့ ဆုကို ကိုယ်တိုင် လက်ခံယူကြပါတယ်။
အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး၊ အမေရိကန် သမ္မတကတော်ဟောင်း လော်ရာဘုရှ် တို့နဲ့အတူ တခြား ထင်ရှားတဲ့သူတွေရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ပြောပြချက်တွေပါတဲ့ ဗွီဒီယိုမှတ်တမ်းတိုကိုလည်း ပြသပါတယ်။ အခမ်းအနား အပိတ်မှာတော့ အိုင်ယာလန်နိုင်ငံက ရော့ခ်တေးဂီတ အဆိုတော် ဘိုနို ဒေါ်အောင်ဆန်းစုကြည် အတွက် ရည်ညွန်းသီဆိုထားတဲ့ Walk On ဆိုတဲ့ သီချင်းကို သံစုံတီးဝိုင်းကြီးတွေနဲ့ ဖျော်ဖြေရေးအဖွဲ့တွေက ၀ိုင်းဝန်းသီဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။